ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ စစ်ကောင်စီက အသက်မပြည့်သေးတဲ့ ကျောင်းသားတဦးကို ဧပြီလဆန်းပိုင်းက ထောင်ဒဏ် ၂ နှစ်ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၁၀ တန်းကျောင်းသား မောင်ရဲမင်းဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုကာ ထောင်ဒဏ် ၂ နှစ်ပြစ်ဒဏ် ချမှတ်ခဲ့တာလို့ နီးစပ်သူတွေက ပြောပါတယ်။
“အသက်မပြည့်သေးတဲ့သူတွေ ထောင်ချတာတော့ မဖြစ်သင့်ဘူးပေါ့။ ဒါပေမယ့် ခုကသိတဲ့အတိုင်း စစ်တပ်က လက်နက်နဲ့အနိုင်ကျင့်နေတာ မဟုတ်လည်း ခံနေရတာ၊ အနေအထိုင်ကအစ သတိထားနေရတယ်။ သတင်းပေးလည်းကြောက်နေရတယ်၊ ဂျပန်ခေတ်ကို ပြန်ရောက်ရသလိုပဲ ခုကလေးဆိုလည်း မဟုတ်ဘဲ ခံရတာ” လို့ နီးစပ်သူတဦးက ပြောပါတယ်။
အသက် ၁၈ နှစ်မပြည့်သေးတဲ့ ၁၀ တန်းကျောင်းသား မောင်ရဲမင်းဦးကို ထောင်ဒဏ် ၂ နှစ်ချမှတ်ပြီး စစ်ကောင်စီက ငှက်အော်စမ်း လူငယ်အကျဉ်းထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
ဝါးခယ်မမြို့မှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံပြည်သူ ၅၀ နီးပါးကို စွပ်စွဲဖမ်းဆီးထားပြီး အဲ့အထဲမှာ အသက်မပြည်သေးတဲ့သူ ၁၀ ကျော်ဝင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ စစ်ကောင်စီက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးမယ်ခေါ်ပြီး ကျေးရွာ တရွာကို လူ ၂၀ လောက်သာ ထိုးပေးနေတယ်လို့ သိရပါတယ်။
ကိုဗစ်ကာကွယ်ဆေး မဖြစ်မနေထိုးရမယ်၊ မထိုးရင် ဒဏ်ငွေ ၅ သိန်းပေးဆောင်ရမယ် ခြိမ်းခြောက်ပြောဆိုတာကြောင့် ရွာသွားတွေက ကာကွယ်ဆေးထိုးဖို့သွားချိန်မှာ ဆေးမလောက်တာကြောင့် တရွာကို လူ ၂၀ ခန့်သာ ထိုးပေးတာလို့ ဒေသခံတွေက ပြောပါတယ်။
“သွားရတာတော်တော်ဝေးတယ်၊ ရွာမှာလာထိုးပေးတာမဟုတ်ဘူး။ သူတို့ထိုးပေးတဲ့နေရာကို သွားရတာ တချို့ကလည်း ဒဏ်ငွေမဆောင်နိုင်လို့ ထိုးဖို့လာရတာ၊ ဟိုရောက်တော့ ဆေးက မလောက်ဘူး။ အဲ့တော့ ခွဲတမ်း နဲ့ တရွာကို ၂၀ ထိုးပေးတာ ကျန်တဲ့သူတွေ ဒီအတိုင်းပြန်ရတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
ဒဏ်ငွေဆောင်ရမယ် ထောင်ချမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဆေးထိုးဖို့သွားချိန်မှာ ဆေးမလောက်လို့ မထိုးရဘဲ ပြန်လာရတာ ၂ ကြိမ်ထိရှိပြီလို့ သီလချောင်းကျေးရွာအုပ်စု သီလချောင်း၊ အုန်းပင်ချောင်း၊ မရင်အေး၊ ဘလေး၊ ဘလောင် ရွာသားတွေက ပြောဆိုပါတယ်။
ဝါးခယ်မမြို့နယ်အတွင်းက ကျေးရွာတွေအတွက် ဒီဇင်ဘာလ ၁၄ ရက်နေ့နဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွေမှာ ဆေး ၂ ကြိမ်ထိုးပေးတာဖြစ်ပြီး ၂ ကြိမ်လုံးမှာ ဆေးမလုံလောက်တာကြောင့် တရွာ ၂၀ ပဲ ထိုးခဲ့ရတယ်လို့ သိရပါတယ်။