close

ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်

close

March 31, 2022

ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်များအားလုံး မေလ ၁၂ ရက်နေ့ ပြန်ဖွင့်မည်

ကိုဗစ်-၁၉ ရောဂါ အခြေအနေနဲ့ စစ်အာဏာသိမ်းမှုကြောင့် ပိတ်ထားတဲ့  ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်တွေ အားလုံးကို သင်္ကြန်ကာလအပြီး လာမယ့် မေ ၁၂ ရက်မှာ ပြန်ဖွင့်မယ်လို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေက ပြောကြားလိုက်ပါတယ်။

မတ်လ ၃၀ ရက်က နေပြည်တော် ပညာရေးဝန်ကြီးဌာနမှာ    ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ ကျင်းပတဲ့   တက္ကသိုလ်ပါမောက္ခချုပ်တွေ၊ ပညာရေးဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီးတွေ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးတွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အဆင့်မြင့်ပညာ ဦးစီးဌာနရှိ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်တွေ၊ ဆရာအတတ်ပညာဦးစီးဌာနရှိ  ပညာရေးဒီဂရီကောလိပ်တွေရှိ အတန်းအားလုံး၊  ဘာသာရပ်အားလုံးကို  ၂၀၂၂ ခုနှစ် မေ  ၁၂  ရက်တွင်    ဖွင့်လှစ်သွားမယ့်အပြင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား  ကျောင်းသူတွေရဲ့ ပထမနှစ် သင်တန်းတွေကိုပါ  မေ ၁၂ ရက်မှာ  ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။ 

ဝင်ခွင့်ရတက္ကသိုလ်တွေရဲ့  စာရင်းကို သက်ဆိုင်ရာတက္ကသိုလ်အသီးသီးမှာ ဧပြီ ၁ ရက်နေ့ ကြေညာမှာဖြစ်ပြီး အဝေးသင်တက္ကသိုလ် သင်တန်းတွေရဲ့  စက်တင်ဘာလနဲ့ အောက်တိုဘာလတို့မှာ  အနီးကပ်သင်တန်း  တက်ရောက်  ဖြေဆိုကြရမှာဖြစ်ပါတယ်။

နိုဝင်ဘာလ စာသင်နှစ်ဝက်အသစ်အတွက်  တက္ကသိုလ်အတန်းတွေကို ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်   ကျောင်းသား ကျောင်းသူတွေလည်း   တက်ရောက်ကာ    ပုံမှန်စာသင်နှစ်ဖြင့် ဖွင့်လှစ်သင်ကြားပေးနိုင်ရန် ကြိုးစားဖို့  စစ်ကောင်စီ ဝန်ကြီးကပြောပါတယ်။

မိမိတို့ကျောင်းအလိုက် သန့်ရှင်းသာယာရေး၊ ဥပဓိရုပ်ကောင်းမွန်ရေးနဲ့ မီးဘေးလုံခြုံရေး၊  အသင့်ပြင်ဆင် ဆောင်ရွက်ထားဖို့ ကိုဗစ်စင်တာ ဖွင့်လှစ်ခဲ့တဲ့ အဆောင်တွေပကို ပိုးသတ်သန့်စင် ဖို့ တက္ကသိုလ်တွေမှာ BA(Law)နဲ့ BA(Eco)သင်တန်းတွေ ဖွင့်လှစ်နိုင်ရေးအတွက် သင်ရိုးညွှန်း တမ်း အသင့်ပြင်ဆင်ထားကြဖို့လည်း ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ ပါမောက္ခ၊ ကထိကနဲ့ နည်းပြ ဆရာ၊ ဆရာမတွေက အာဏာဖီဆန် CDM လှုပ်ရှားမှုမှာပါဝင်နေကြသလို ကျောင်းသား ကျောင်းသူ အများစုဟာလည်း ကျောင်းမတက်ဘဲ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားကြပါတယ်။ 

3 mins Ago
Up