ကမ္ဘာ့ဖလားမှာ အင်္ဂလန်ခံစစ်က မက်ဂွဲယားနဲ့ အာနိုးလ်တို့ကို တွဲဖက်ကစားစေခဲ့ရင်လည်း စိုးရိမ်စရာ မလိုအပ်ကြောင်း တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက ပြောပါတယ်။
မန်ယူနောက်ခံလူ မက်ဂွဲယားဟာ မိခင်ကလပ်မှာ ပုံမှန်ပွဲထွက်ခွင့် မရခဲ့ပေမယ့် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတွေက ခြေစွမ်းကိုကြည့်ပြီး နည်းပြဆောက်ဂိတ်က ရွေးချယ်ခဲ့တာပါ။
အလားတူ လီဗာပူးနောက်ခံလူ အာနိုးလ်ဟာလည်း ခံစစ်ပိုင်းမှာ အမှားများခဲ့တဲ့အပေါ် ပရိသတ်တွေက စိုးရိမ်နေပြီး မက်ဂွဲယားနဲ့ အာနိုးလ်သာ တွဲဖက်ပြီး ကစားစေမယ်ဆိုရင် အန္တရာယ် အလွန်များကြောင်း ဝေဖန်ခဲ့ကြတာပါ။
အင်္ဂလန်တိုက်စစ်မှူးဟောင်း ရွန်းနီကတော့ အင်္ဂလန်ဗဟိုခံစစ်မှာ ဂျွန်စတုန်းစ်နဲ့ မက်ဂွဲယားကိုပဲ ပွဲထွက်သင့်ပြီး သူတို့ဟာ ပြိုင်ပွဲကြီး တစ်ခုရဲ့အခြေအနေကို နားလည်းသိရှိထားပြီးဖြစ်တယ်လို့ Sunday Times သတင်းမှာ ရေးသားခဲ့ပါတယ်။
အလားတူ အာနိုးလ်ဟာ လီဗာပူးမှာ ခံစစ်ပိုင်းအမှားအယွင်းတွေရှိတာမှန်ပေမယ့် အသင်း လိုက်ကစားပုံကြောင့်သာဖြစ်ပြီး တစ်ဦးချင်းအမှားတွေ မဟုတ်လို့ ပွဲထွက်ကစားသင့်သူဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
မန်ယူအသင်းမှာ ပွဲထွက်ကစားခွင့်အတွက် စိတ်ရှည်သည်းခံဖို့ စီရော်နယ်ဒိုကို ဝိန်းရွန်းနီက တိုက်တွန်းလိုက်ပါတယ်။
အင်္ဂလန်နဲ့ မန်ယူဂန္ထဝင်တိုက်စစ်မှူး ဝိန်းရွန်းနီဟာ မနှစ်က ဒါဘီအသင်းကို နည်းပြအဖြစ် တာဝန်ယူခဲ့ပြီးနောက် လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေတာပါ။
အသင်းဟောင်းရဲ့ပွဲစဉ်တွေကို စောင့်ကြည့်နေဆဲဖြစ်တဲ့ရွန်းနီဟာ အသင်းဖော်ဟောင်း ရော်နယ်ဒို ပွဲထွက်ခွင့်ပျောက်ဆုံး နေတာကိုလည်း သိမြင်ပါတယ်။
“ခရစ္စတီယာနိုဟာ သူ့အသက် ၂၂ နှစ် ၂၃ နှစ်တုန်းကအရွယ်မဟုတ်တော့ပါဘူး။ ဒါက သူ့ဘာသူ လည်းသိပြီး လက်ခံနိုင်ဖို့ ခက်ခဲမှာပါ။ အရန်ခုံမှာထိုင်နေရတာကလည်း အလွန်ခက်ခဲလိမ့်မယ်။ သူ့အနေနဲ့ စိတ်ရှည်သည်းခံနိုင်မယ်ဆိုရင်တော့ ပွဲထွက်ခွင့်ပြန်ရလာမှာပါ”လို့ ဝိန်းရွန်းနီက ပြောပါတယ်။
စီရော်နယ်ဒိုနဲ့ လီယွန်နယ်မက်ဆီတို့ဟာ အခမ်းနားအကြီးကျယ်ဆုံး ကစားသမားဖြစ်ပြီး အချိန် တွေ ရွှေ့လျားလာတာနဲ့အတူ သူတို့ရဲ့ နေဝင်ချိန်တွေကို ရောက်ရှိလာမှာက အမှန်တရားတခု ဖြစ်ကြောင်းလည်း ဝိန်းရွန်းနီက အသိပေးသွားခဲ့ပါတယ်။