ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှာရှိတဲ့ တစ်သျှူးငှက်ပျောခြံတွေက စွန့်ပစ်ပစ္စည်းတွေကို စည်းကမ်းမဲ့ စွန့်ပစ်နေတယ်လို့ သိရပါတယ်။
ဝါးရှောင်ကျေးရွာနဲ့ ဂေါ်ဆက်ယန်အနီးမှာ စိုက်ပျိုးထားတဲ့ တစ်သျှူးငှက်ပျောခြံတွေက စိုက်ပျိုးရေးသုံး ဓာတုဗေဒဆေးဘူးခွံတွေ၊ ပလတ်စတစ်အမှိုက်တွေကို စည်းကမ်းမဲ့ စွန့်ပစ်နေတဲ့အတွက် အနံ့အသက်ဆိုးရွားပြီး သီးနှံပင်တွေ စိုက်ပျိုးမရတော့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတဦးက “ကျနော်တို့အနေနဲ့ကတော့ တစ်သျှူးငှက်ပျောစိုက်ခင်းမှာသုံးတဲ့ ဓာတုဗေဒဆေးတွေ၊ ပလတ်စတစ်အိတ်ခွံတွေ စနစ်တကျ စွန့်ပစ်ပေးစေချင်တယ်။ အခုက လမ်းဘေးတွေမှာကို ပစ်ထားတာ။ ဖော့အိတ်တွေ၊ ဓာတုဗေဒဆေးတွေ ကြုံသလိုပစ်နေတော့ အနံ့အသက်လည်း ဆိုးရွားတယ်။ တခြားသီးနှံပင်တွေလည်း စိုက်ပျိုးလို့မရတော့ဘူး” လို့ ပြောပါတယ်။
တစ်သျှူးငှက်ပျောခိုင်တွေကို အရောင်လှပစေဖို့ စွတ်ရတဲ့ ဖော့အိတ်တွေနဲ့ စိုက်ခင်းမှာ အသုံးပြုရတဲ့ စိုက်ပျိုးရေးသုံး ဓာတုဗေဒဆေးဝါးပစ္စည်း ဘူးခွံတွေကို စည်းကမ်းမဲ့ စွန့်ပစ်ထားတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေရှိကြောင်း သိရပါတယ်။
သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူတဦးက“တစ်သျှူးငှက်ပျောခိုင် အရောင်လှဖို့ စွတ်ရတဲ့ ဖော့အိတ်တွေကိုလည်း စနစ်တကျစွန့်ပစ်တာ မရှိဘူး။ စိုက်ခင်းမှာသုံးတဲ့ ဓာတုဗေဒဆေးဝါးဘူးခွံတွေကိုလည်း ကြုံသလိုပစ်တယ်။ ဘယ်အဖွဲ့အစည်းကမှလည်း အရေးယူတာမရှိဘူး။ အရေးယူမှုမရှိတဲ့အတွက် ကြုံသလို စွန့်ပစ်နေတယ်။ သီးနှံစားပင်တွေလည်း အဲ့ပတ်ဝန်းကျင်မှာ စိုက်ပျိုးလို့မရတော့ဘူး” လို့ ပြောပါတယ်။
တစ်သျှူးငှက်ပျောခိုင် ဖော့အိတ်တွေကို ကျွဲနွားတွေ စားသုံးမိတဲ့အတွက် ဝမ်းဗိုက်ဖောင်း သေဆုံးတာ၊ စိုက်ပျိုးရေးသုံး ဓာတုဗေဒဆေးဝါးတွေ ချောင်းအတွင်းကျရောက်ပြီး ငါးတွေသေဆုံးတာ၊ စိုက်ပျိုးသီးနှံတွေ စိုက်ပျိုးမှု မဖြစ်ထွန်းတာ စတဲ့အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ စစ်ဘေးတိမ်းရှောင်ပြီး နေရပ်ပြန်နေကြသူတွေအတွက် သောက်သုံးရေနဲ့ နေအိမ်တွေ အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဘေးတိမ်းရှောင်ပြီး နေရပ်ပြန်သွားကြတဲ့ ကဇူးယန်ကျေးရွာ ရွာသစ်မှာ နေရပ်ပြန် ပြည်သူတွေ သောက်သုံးရေ လုံလောက်စွာမရှိတာ၊ မိသားစုတချို့ နေအိမ်မရှိဘဲ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတဦးက “ပြီးခဲ့တဲ့ ၂ လပိုင်းက ရွာကိုပြန်လာတာ။ ရေအခက်အခဲဖြစ်တာက ပြန်လာတဲ့လူဦးရေနဲ့ ရှိတဲ့ရေက မလုံလောက်ဘူး။ တွင်းဟောင်းလေးတွေဆီကပဲ ရေရတယ်။ ရေဘုံဘိုင် အသစ်တူးတာ အဆင်မပြေဘူး။ ရေအရမ်းဝေးတယ်။ ရေဘုံဘိုင်အသစ်က ရေမထွက်လာဘူး။ နေရပ်ပြန် မိသားစုတွေလည်း တချို့ နေအိမ်မရှိသေးဘူး” လို့ ပြောပါတယ်။
ကဇူးယန်ကျေးရွာမှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က တူးဖော်ပေးထားတဲ့ ရေဘုံဘိုင် ၄ ခု ရှိပေမဲ့ နွေရာသီမှာ ရေထွက်နှုန်းနည်းပါးတာ၊ တချို့နေအိမ်တွေက ရေရယူဖို့ ခရီးဝေးကွာလွန်းတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။
“NGO က တူးပေးထားတဲ့ ရေဘုံဘိုင်တွေရှိတယ်။ နွေရာသီမှာ ရေထွက်အားနည်းတယ်။ လိုသလောက် မရဘူး။ အခက်အခဲကတော့ အများကြီးပဲ။ ရွာမှာ တချို့မိသားစုတွေ နေအိမ်မရသေးဘူး။ မိုးမကျခင် နေအိမ်တွေရဖို့ အကူအညီတော့ လိုအပ်ပါတယ်” လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
ဝိုင်းမော်-လိုင်ဇာ လမ်းပေါ်မှာရှိတဲ့ ကဇူးယန်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားခဲ့လို့ ဒေသခံတွေ တိမ်းရှောင်ခဲ့ရတဲ့ရွာဖြစ်ပြီး ၂၀၂၃ ဖေဖော်ဝါရီလကုန်ပိုင်းက စတင်ကာ ကဇူးယန်ကျေးရွာ အတွင်း နေအိမ်အလုံး ၁၀၀ နီးပါးမှာ စစ်ရှောင်တွေ ပြန်လည်နေထိုင်နေကြတာပါ။