close

ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်

close

July 11, 2021

ဟွန်ဒူးရပ်စ်တွင် အီတလီနိုင်ငံသား ၁ ဦးကို လူအုပ်စုက ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်

ဟွန်ဒူးရပ်စ်နိုင်ငံမှာ အိုးအိမ်မဲ့ တစ်ဦးအပေါ် လူသတ်မှုကျူးလွန်ခဲ့တဲ့ အီတလီအမျိုးသားကို ရပ်ရွာလူအုပ်ကဝိုင်းဝန်းရိုက်နှက်တိုက်ခိုက်မှုကြောင့် အဲဒီအီတလီ အမျိုးသား သေဆုံးသွားပြီးနောက် ဟွန်ဒူးရပ်စ်ရဲတွေက လူအုပ်ထဲက သံသယရှိသူ ၅ ဦးကို ဇူလိုင် ၉ ရက်က ဖမ်းဆီးလိုက်ပါတယ်။ 

ဟွန်ဒူးရပ်စ်တောင်ပိုင်းက ဆန်တာအန်နာဒီရက်စ်ဂူရီမြို့မှာ အသက် ၆၅ နှစ်အရွယ် အီတလီနိုင်ငံသား ဂျော်ဂျီရိုစကာနူဟာ ဇူလိုင် ၇ ရက်က သူ့နေအိမ်ဥယျာဉ်ရှိ အလှဆင်စိုက်ပျိုးထားတဲ့ သစ်ပင်ပန်းပင်တွေကို ပျက်စီးသွားလို့ဆိုပြီး အသက် ၇၈ နှစ်အရွယ် အိုးမဲ့အိမ်မဲ့ လူတစ်ဦးကို သတ်ပစ်လိုက်တာကြောင့် မခံမရပ်နိုင်တဲ့ လူစုလူဝေး ထွက်လာတာလို့ ဒေသခံတွေရဲ့ တိုင်ကြားချက်တွေအရ သိရှိရပါတယ်။ 

ရွာလူထု ၆၀၀ လောက်ဟာ ဇူလိုင် ၈ ရက်မှာတော့  ဂျော်ဂျီရိုစကာနူရဲ့ နေအိမ်ကို ကျောက်ခဲတွေ၊ တုတ်တွေ၊ ဓားတွေနဲ့ ဝင်ရောက်ပစ်ခတ် ရိုက်နှက် တိုက်ခိုက်ခဲ့တာမှာ  နေအိမ်နဲ့ ကားမီးရှို့ခံရပြီး စကာနူလည်း သေဆုံးခဲ့ တယ်လို့ လုံခြုံရေး၀န်ကြီးဌာနက ပြောပါတယ်။ 

ဒီကျေးလက်မြို့မှာ နေထိုင်တဲ့ အငြိမ်းစား အင်ဂျင်နီယာ စကာနူမှာ ဟွန်ဒူးရပ်စ်လူမျိုးဇနီးနဲ့ ကလေး ၂ ယောက်ရှိပြီး သူတို့တွေကတော့ ဟွန်ဒူးရပ်စ်ရဲ့မြို့တော် တီဂူစီဂလ်ပါမှာ နေကြတယ်လို့ သိရပါတယ်။ 

စကာနူကို သတ်မှုနဲ့ဖမ်းထားတဲ့ ၅ ယောက်ဟာ  အသက် ၁၉ နှစ်ကနေ ၅၅ နှစ်အကြား အရွယ်တွေဖြစ်ပြီး သူ့ကို လူအုပ်စုနဲ့ ဝိုင်းရိုက်နှက်သတ်ဖြတ်သူတွေထဲက ကျန်တဲ့သူတွေကိုလည်း ရှာဖွေနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။  အဲဒီအချိန်က ရဲတွေလည်း ရှိနေပေမဲ့ လူအုပ်ကြီးကို မထိန်းနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။  

3 mins Ago
Up