ဗြိတိန်ပြည်ထဲရေးဝန်ကြီး ပရီတီ ပတဲလ် ဟာ ဝီကီလိခ်စ် တည်ထောင်သူ ဂျူလီယန် အဆန်းဂျ်အား ရာဇ၀တ်မှုဆိုင်ရာ စွဲချက်တွေ ရင်ဆိုင်ဖို့ အမေရိကန်ကို လွှဲပြောင်းပေးအပ်ဖို့ ဇွန် ၁၇ ရက် အတည်ပြုခဲ့ပါတယ်။
ဇွန် ၁၇ ရက်က တရားသူကြီးတွေနဲ့ အထက်တရားရုံးနှစ်ခုလုံးရဲ့ သုံးသပ်ချက်အရ မစ္စတာ ဂျူလီယန် အဆန်းဂျ်ကို အမေရိကန်ဆီ လွှဲပြောင်းပေးဖို့ အမိန့်ချခဲ့ကြောင်းနဲ့ မစ္စတာ အဆန်းဂျ် ဟာ ပုံမှန် ၁၄ ရက်ကြာ အယူခံဝင်ခွင့်ကို ဆက်လက်ရှိထားကြောင်း ပြည်ထဲရေးရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပတဲလ်ရဲ့ဆုံးဖြတ်ချက်ဟာ ဆယ်နှစ်ကျော် ကြာနေတဲ့ သြစတြေးလျနွယ်ဖွား အဆန်းဂျ်ရဲ့ တရားရေးတိုက်ပွဲကို အဆုံးသတ်လိုက်တယ်လို့ မဆိုလိုပါဘူး။
အဆန်းဂျ်အနေနဲ့ ရှေ့ဆက်လုပ်ဆောင်ရမယ့် စိန်ခေါ်မှုအတွက် တရားရေးရာခွင့်ပြုချက်ကို လန်ဒန်တရားရုံးချုပ်မှာ အယူခံဝင်နိုင်ပါတယ်။
နောက်ဆုံးအနေနဲ့ သူဟာ သူ့ရဲ့အမှုကို ယူကေရဲ့တရားရုံးချုပ်ကို တင်ဖို့ ကြိုးပမ်းနိုင်ပါတယ်။ ဒါပေမယ့် အယူခံကို ငြင်းဆိုခံရရင်တော့ အဆန်းဂျ်ကို ၂၈ ရက်အတွင်း လွှဲအပ်ရမှာ ဖြစ်ပါတယ်။
အမေရိကန်အာဏာပိုင်တွေက အဆန်းဂျ်ကို အသက်ပေါင်းများစွာ အန္တရာယ် ကျရောက်စေတဲ့ လျှို့ဝှက် အမေရိကန်စစ်ရေးအချက်အလက်တွေနဲ့ သံတမန် ကြေးနန်းပေါင်းများစွာကို ဝီကီလိခ်စ် ကနေ ဖွင့်ထုတ်ချလိုက်တဲ့ အမှုတွေနဲ့စပ်လျဉ်းပြီး သူလျှိုလုပ်ခြင်းအပါအဝင် စွဲချက် ၁၈ ခုနဲ့ အလိုရှိနေတာပါ။
သူ့ကိုထောက်ခံသူတွေကတော့ သူဟာ အာဖဂန်နစ္စတန်နဲ့ အီရတ်က ပဋိပက္ခတွေမှာ အမေရိကန်ရဲ့ အမှားကျူးလွန်မှုတွေကို ဖော်ထုတ်ခဲ့တာကြောင့် သူ့ကို အာဏာထူထောင်ရေး ဆန့်ကျင်သူ သူရဲကောင်းလို့ ဆိုကြပါတယ်။
သူ့ကို တရားစွဲဆိုမှုကလည်း သတင်းစာပညာနဲ့ လွတ်လပ်စွာပြောဆိုခွင့်အပေါ် နိုင်ငံရေးအရ လှုံ့ဆော်မှုလုပ်တာလို့လည်း ပြောဆိုကြပါတယ်။