၁။
၅ နာရီထိုးပြီးပြီ။ ပဒိုသာထူးကျော် အခေါ်လွှတ်မည် ဆိုသည့်သူက မရောက်လာသေး။
ကျနော်တို့လေးယောက် တောင်ခြေတောစပ် ရောက်နေကြသည်မှာ နေ့လယ် ၂ နာရီကတည်းက ဖြစ်သည်။ ဘားအံမြို့နယ် KNU ဥက္ကဋ္ဌ ပဒိုသာထူးကျော်က သူနှင့်တွေ့ဆုံဖို့ ရဲဘော်တယောက် အခေါ်လွှတ်ပေးမည် ပြောသဖြင့် ကျနော်တို့လေးယောက် စောင့်နေခြင်း ဖြစ်သည်။ ကျနော်၊ ဘားအံမြို့နယ် KNU အတွင်းရေးမှူး ပဒိုလာဘ၊ ပဒိုလာဘ၏ဇနီးနှင့် ပဒိုလာဘ၏ လက်စွဲတော် အသက် ၅၀ ဝန်းကျင် ကရင်ရဲဘာ်ကြီး (အမည်မသိ) တို့ ဖြစ်ကြသည်။
ကျနော်တို့ စောင့်နေရာနေရာမှာ မိဆိုင်းကျောက်တောင်ကြီးရဲ့ အရှေ့ဘက်တောင်ခြေတွင် ဖြစ်သည်။ ထို့ကြောင့် နေကလည်း အကျစောသည်။ အခုပင် နေဝင်တော့မလို ဖြစ်နေပြီ။
ထိုစဉ် ပဒိုလာဘက လမ်းလျှောက်စကားပြောစက်နှင့် စကားပြောရင်း ကျနော်တို့အားလုံး တောင်ပေါ်တက်ကြဖို့ ပြောလာသည်။ ကျနော်တို့နှင့် အနီးဆုံး တလိုင်းကရင်ရွာမှ စက်နှင့် သတင်းပို့သည်။ ရန်သူ ဆယ့်တယောက် လက်နက်ကိုယ်စီဖြင့် ကျနော်တို့ဘက်သို့ လာနေသည်ဟူ၍ သတင်းပို့သည်။ ထို့ကြောင့် လုံခြုံရေးအရ တောင်ပေါ်သို့တက်ရန် ပဒိုလာဘ ဆုံးဖြတ်ရတော့သည်။
ကျနော်တို့ နားနေခဲ့ရာ နေရာထိုင်ခင်းကို မူလနဂိုအတိုင်းဖြစ်အောင် သစ်ရွက်သစ်ကိုင်းများဖြင့် ပြန်လည်ဖန်တီးလိုက်ကြသည်။ ကျောပိုးအိတ်ကိုယ်စီ လွယ်မယ်လုပ်တော့ ပဒိုလာဘ၏ ရဲဘော်ကြီးက ကျနော့်ကျောပိုးအိတ်ကို တောင်းယူပြီး လွယ်သည်။ သူ့မှာက ခပ်ဖောင်းဖောင်း လွယ်အိတ်တလုံးသာ ပါသည်ဆိုသော်ငြားလည်း AK-၄၇ သေနတ်တလက် ပါနေသည်။ ကျနော်က ကိုယ့်ဘာသာ လွယ်ပါ့မယ်လို့ ငြင်းတော့ “ကျောပိုးအိတ်နဲ့ဆိုရင် ခင်ဗျား တက်ဖို့ မလွယ်လောက်ဘူး” လို့ ပဒိုလာဘက ပြောသဖြင့် ကျောပိုးအိတ်ကို ကရင်ရဲဘော်ကြီးဆီ လွှဲပေးလိုက်ရသည်။
ကျောပိုးအိတ်လွှဲပေးရင်းက စိတ်ထဲ မခံချင်စိတ်ကလေး ဖြစ်လိုက်သေးသည်။ ပဒိုလာဘ၏ဇနီး ကရင်အမျိုးသမီးမှာ အသက် ၄၀ ဝန်းကျင် ပိန်ပိန်ပါးပါး လူပုံ ခပ်ပျော့ပျော့ ဖြစ်သည်။ ဒီကြားထဲ ကျောပိုးအိတ်ကြီးကလည်း ပါသေးသည်။ သူလို မိန်းမသားတယောက်တောင်မှ တောင်ပေါ်တက်နိုင်သေးတာပဲဆိုရင်.. ဆိုပြီး တွေးမိသည်။ သို့သော် နေဝင်တော့မည်ဖြစ်သဖြင့် စကားမရှည်တော့ဘဲ နေလိုက်တော့သည်။
နာရီဝက်ခန့် တောင်ပေါ်တက်လာစဉ် ကျနော့်မှာ ဆက်မတက်နိုင်လောက်အောင် တုန်လှုပ်လာသည်။ နေရောင်ကလည်း အတော့်ကို အားနည်းနေပြီ။ ကျနော်တို့က လူတွေ တက်ရိုးတက်စဉ်လမ်းက တက်လာခြင်းမဟုတ်။ ကျောက်ချွန်ကျောက်ခက် ကျောက်တုံးများကိုသာ တွယ်ဖက်ပြီး ခဲရာခဲဆစ် တက်လာရခြင်း ဖြစ်သည်။
တောင်ပေါ်စတက်စဉ်က ပဒိုလာဘ ကျနော့်ကို ပြောခဲ့သောစကားအတွက် ခုမှ သဘောပေါက်သည်။ ကျေးဇူးလည်း တင်မိသည်။ တောင်ပေါ်တက်စဉ် ကျနော့်မှာ ပတ်ဝန်းကျင်ကို သတိမပြုအား။ အထက်ကို ဆက်တက်နိုင်ဖို့ ဘယ်ကျောက်ဆောင် ကျောက်ချွန်ကို ဆွဲတက်ရမလဲဆိုတဲ့ စိတ်တခုတည်းနှင့်သာ တက်နေရခြင်း ဖြစ်သည်။ တနေရာအရောက် မောလို့ခဏနားစဉ် အောက်ဘက်ကို ငုံ့ကြည့်တော့ ကျောက်ချွန်ကြီးများက ကျနော့်ကို အစွယ်ငေါငေါနှင့် မော့ကြည့်နေကြသည်ကို အသည်းတယားယားနှင့် တွေ့လိုက်ရ၏။ ထိုအခါကျမှ “ခင်ဗျား ဖိနပ်ကို သေသေချာချာ သတိထားစီးပြီးမှ တက်နော်၊ တက်နေရင်း ဖိနပ်ကျွတ်ကျရင် ဆင်းကောက်လို့ ဘယ်နည်းနဲ့မှ မဖြစ်ဘူးဗျ” ဟု ပဒိုလာဘ ပြောခဲ့ခြင်းအတွက် ကျေးဇူးတင်မိသည်။ သည်အတိုင်းဆိုလျှင် ဖိနပ်မပါဘဲ တောင်ပေါ်တက်ဖို့ကလည်း ဘယ်နည်းနှင့်မျှ မဖြစ်သည်ကိုလည်း သဘောပေါက်ရ၏။
နေရောင်ခြည်များမှာ အလွန်အမင်း အားနည်းသွားခဲ့ပြီ။ ထိုစဉ်မှာပင် အထက်ဘက်တနေရာဆီမှ ပဒိုလာဘရဲ့ အသံခပ်အုပ်အုပ်ကို ကြားလာရသည်။
“ကျနော်တို့ ဆက်မတက်တော့ဘူး။ ကိုငြိမ်းဝေ ရောက်တဲ့နေရာမှာပဲ အိပ်ဖို့ နေရာရှာပါ။ ကျနော်တို့လင်မယားက ခင်ဗျားအထက်ဘက်မှာရှိမယ် ဖြစ်မလား” ဟု ပဒိုလာဘ ပြောလာခဲ့၏။
ဆက်မတက်တော့သဖြင့် ဝမ်းသာသွားရပေမယ့် အိပ်စရာနေရာက အခက်အခဲ ရှိနေပြန်သည်။ သို့သော် ကံအားလျော်စွာ အောက်တဆင့်အနိမ့်တွင် ကျောက်တုံးတခုကြား လူတကိုယ်စာသာသာ ခပ်ပြေပြေ ကျောက်ချပ်ကျောက်ဖျာဆီ ကျနော် ပြန်ဆင်းလိုက်သည်။
“အဆင်ပြေတယ် နေရာရှိတယ်ဗျ” ဟု ပြန်ပြောရင်း ယင်းနေရာတွင်ပင် အိပ်ရာနေရာအဖြစ် ဆုံးဖြတ်လိုက်ရသည်။ လွယ်အိတ်ထဲက ပုဆိုးအပိုတထည်ကို ထုတ်ကာ ကျောက်ဖျာပေါ် လှဲကျင်း၏။ နေရာထိုင်ခင်းပြင်နေစဉ် စိတ်ထဲ ဇဝေဇဝါ ဖြစ်လာသည်ကို သွားတွေးမိပြီး ရှက်သည့်စိတ်ကလေးပင် ဖြစ်လာရ၏။
တောင်ပေါ်တက်စဉ်က ပိန်ပိန်နွဲ့နွဲ့ ပဒိုလာဘ၏ဇနီးကို ကျနော်က သူ့မှာ ကျောပိုးအိတ်ကြီးနဲ့ ဘယ်လိုများ တက်ပါ့မလဲ၊ တက်ကောတက်နိုင်ရဲ့လားလို့ တွေးခဲ့သည်။ အခုတော့ သူက ကျနော့်အထက်ဘက်တွင်ပင် ရောက်နေပြီ။ ဘယ်လိုလုပ်ပြီးများ ကျနော့်ကို ကျော်တက်သွားတာပါလိမ့်ဟု တွေးကာ ကျနော့်မှာ အံ့ဩရသည်။
ညဉ့်နက်တော့ မိဆိုင်းကျောက်တောင်ကြီးတခုလုံး ပိန်းပိတ်အောင် မှောင်နေသည်။ ကောင်းကင်တွင် ကြယ်တချို့ကို တွေ့ရ၏။ တောင်ခြေတောစပ်မှ ကျွဲခလောက်သံ သဲ့သဲ့ကြားရသည်။ ဇီးကွက်မြည်သံ ကြားရသည်။
ကျနော်တို့ ရောက်နေရာနေရာမှာ ကျောက်တောင်ကြီး၏ အရှေ့ဘက် ဖြစ်သည်။ ကံအားလျော်စွာ ကျနော့်နေရာကလေးမှာ တလံသာသာ ကျောက်တုံးတခု ကာနေသဖြင့် လေကာပေးသလို ဖြစ်နေသည်။ ကျောအောက်က ကျောက်ဖျာကလည်း နွေးနေသည်။ ခဏအကြာတွင် မောမောနှင့် ကျနော် အိပ်ပျော်သွားရသည်။
၂။
အိပ်ရာကနိုးတော့ မိုးမလင်းချင်သေး။ နေရောင် လရောင် ကြယ်ရောင်များကြောင့်လားတော့ မသိ။ မှုန်ပျပျ အလင်းရောင်မှာ ကျနော်နှင့် အနီးတဝိုက်လောက်တော့ မြင်နေရသည်။ တောင်ခြေ တောစပ်ဆီက တောထဲတွင် လွှတ်ကျောင်းထားသော နွားများ၊ ကျွဲများဆီမှ ခလောက်သံသဲ့သဲ့ ကြားရသည်။ ကြည့်နေရင်းမှာပင် အလင်းရောင်များမှာ သိသိသာသာ မှောင်ကျသွားပြန်သည်။
ထိုစဉ်မှာပင် ကျနော့်မှာ အတွေးတချက် လင်းလက်သွားသလို ဖြစ်ပြီး အိပ်ရာမှထကာ ရေဘူးထဲမှ ရေလက်ကျန်ဖြင့် ဖြစ်သလို မျက်နှာသစ်လိုက်သည်။ စိတ်ထဲတွင် ကမ္ဘာကျော် ဗြိတိသျှ စာရေးဆရာကြီး ‘ဆမ်းမားဆက်မွန်’ ၏ ‘ကျနော်သည် နှစ်ငါးဆယ်လုံးလုံး နံနက်ဆည်းဆာများကို စောင့်ကြည့်ခဲ့သူဖြစ်သည်’ ဟူသောစကား နားထဲ ကြားလာရသည်။ ဟုတ်ပြီ။ ကျနော့်ခန္ဓာကိုယ်မှာ ရုတ်တရက် ပူနွေးလာရသည်။ ကျနော်သည်လည်း နံနက်ဆည်းဆာတခုကို ကျကျနန ကြည့်မြင်ခွင့် ရတော့မည် မဟုတ်ပါလား။
အမှန်တော့ ကျနော်သည် လက်နက်ကိုင် တော်လှန်ရေးသမား ဖြစ်သည်။ အခြေအနေအရ လူသူမနီး နေရာအမျိုးမျိုးတွင် ပြောင်းရွှေ့အိပ်စက်နေသူ ဖြစ်သည်။ ကြမ်းတမ်းလှသည့် ဘဝအခြေအနေကို ဖြတ်သန်းနေသူ ဖြစ်သည်။ သို့သော် ကျနော်သည် လူသားတဦးပင် ဖြစ်သည် မဟုတ်ပါလော။ အထူးသဖြင့် ကျနော့်နှလုံးသားသည် ရသအနုပညာအခံရှိသူ ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် အလှအပများ ဖြစ်ပျက်တည်ရှိနေမှုများအပေါ် ခံစားရူးသွပ်တတ်သူ ဖြစ်သည်။ ထို့ကြောင့် ယခုလို တောင်ကြီးတခု၏ ခါးလယ်မှတဆင့် ကျောက်ဖျာတချပ်ပေါ်မှတဆင့် နေထွက်လာတော့မည့် ဆည်းဆာကြီးတခုကို ကျကျနန ထိုင်ကြည့်ခွင့်ရတော့မည် ဖြစ်သဖြင့် စိတ်တွေ အပြင်းအထန် လှုပ်ရှားလာရ၏။ ပျော်သွားရ၏။
ထိုစဉ်မှာပင် အင်မတန်ဝေးလံသော အရှေ့စူးစူးတနေရာဆီမှာ နေရောင်တန်းကြီး နီညိုရောင်ပျပျကို မြင်လိုက်ရသလို ရှိလာ၏။ ကျနော်က အာရုံကိုမြှင့်ကာ နေမင်းကြီး ထွက်ပေါ်လာရာဆီ စိတ်လှုပ်ရှားမှုအပြည့်နှင့် ထိုင်ကြည့်၏။ ထိုစဉ်မှာပင် ဒေါနတောင်တန်းကြီး၏ တောင်စွယ် တောင်တန်း အနားသတ်များကို မြင်လာရ၏။ တောင်တန်းကြီး၏ တဖက်မှ နီညိုရောင်၊ အပြာရောင်၊ အဝါရောင် သုံးရောင်စပ် ဆည်းဆာဦးကို မြင်လာရ၏။ တပြိုင်နက်တည်းဆိုသလို တောင်ခြေတောအညပ် တောတန်းများဆီက ငှက်သံများ ထွက်ပေါ်လာရ၏။ ငှက်သံများသည် နံနက်ဆည်းဆာ၏ သဘာဝဂီတပင် ဖြစ်သည်မဟုတ်ပါလား။
ကြည့်နေရင်း ကြည့်နေရင်းမှပင် ဒေါနတောင်တန်းကြီပေါ်သို့ နေလုံးကြီး မေးတင်လာခဲ့သည်။ တောင်ခြေတောတန်းများတလျှော မြူတွေ တောင်ခိုးတွေကမူ နေရောင်ခြည်များကို ခုခံရင်း တင်းခံနေကြရ၏။ ပထမတော့ အနီရင့်ရင့်၊ နောက်တော့ အနီဖျော့ဖျော့၊ နောက်တော့ နီဝါ၊ နောက်တော့ အနီ၊ အဝါ၊ အဖြူ။
သဘာဝတရားကြီးကား ခမ်းနားဆန်းကြယ်လွန်းပေစွ။ လှပငြိမ်းအေးလွန်းပေစွ။ တောင်ထိပ် တနေရာမှတဆင့် ဆည်းဆာကြီးတခုကို ထိုင်ကြည့်ခွင့် ကျနော် ရလိုက်သည်။ ကျနော့်မှာ ကျေနပ်ပီတိဖြစ်လို့ မဆုံးတော့ပါချေ။ ။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)
၁၉၉၄၊ ၄၊ ၁၆
ဘားအံမြို့နယ်၊ မိဆိုင်းကျောက်တောင်