close

ဝေါမြို့

close

March 24, 2023

ဝေါမြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ နုတ်ထွက်ရန် သတိပေး

ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေ အမြန်ဆုံး နုတ်ထွက်ကြဖို့ ဝေါမြို့နယ်၊ တော်လှန်ရေးအင်အားစုက မတ် ၂၄ ရက်မှာ သတိပေး ထုတ်ပြန်လိုက်ပါတယ်။

မတ်လ ၃၁ ရက်ကစပြီး တပတ်အတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေ နုတ်ထွက်ကြဖို့ သတိပေး ထုတ်ပြန်လိုက်တာပါ။

စစ်ကောင်စီက မတ်လအတွင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ပျူစောထီးအဖွဲ့တွေကို လက်နက်တပ်ဆင်ထားပေးကြောင်း အထောက်အထား မှတ်တမ်းရထားတယ်လို့ အဆိုပါထုတ်ပြန်ချက်တွေအရ သိရပါတယ်။

လက်နက်ထုတ်ယူထားတဲ့ ရပ်ကွက်၊ ကျေးရွာတွေက အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေ အနေနဲ့လည်း လက်နက်တွေပြန်အပ်ပြီး အချိန်မီ နုတ်ထွက်ကြဖို့နဲ့ နုတ်မထွက်ပါက ပြည်သူတွေရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က ရှင်းလင်းသွားမယ်လို့ သတိပေးထားပါတယ်။

တော်လှန်ရေးပြီးဆုံးချိန် ပြည်သူ့အစိုးရ အာဏာပြန်ရပါက နိုင်ငံတော်ပုန်ကန်သူအနေနဲ့ မိသားစုတွေကိုပါ တရားစွဲဆိုသွားမှာဖြစ်ကြောင်း အသိပေးထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်းမှာ စစ်ကောင်စီရဲ့ လက်ပါးစေတွေဖြစ်တဲ့ အုပ်ချုပ်ရေးမှူးတွေ၊ သတင်းပေးတွေ ပဲခူးတိုင်းထဲမှာ ဒါဇင်နဲ့ချီ သုတ်သင်ရှင်းလင်း ခံထားရပါတယ်။

ပဲခူးတိုင်းထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိနာ အကျအဆုံးလည်း များထားပါတယ်။

13 mins Ago

March 10, 2022

ဝေါမြို့နယ်တွင် ဒုရဲအုပ်တဦး ပစ်သတ်ခံရ

ပဲခူးတိုင်းဒေသကြီး ဝေါမြို့မှာ ဒုရဲအုပ်အဆင့် ရဲတပ်ဖွဲ့ဝင်တဦး သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတဦးက “မတ်လ ၉ ရက်နေ့ ည ၈ နာရီလောက်က ရဲစခန်းအနီးက ထမင်းဆိုင်မှာ ဒုရဲအုပ်က အဖော်တဦးနဲ့အတူ ရှိနေတုန်း အမည်မသိသူတဦးက ပစ္စတိုသေနတ်နဲ့ အနီးကပ် ပစ်လိုက်တာ သေသွားတယ်။ အတူပါလာတဲ့ အဖော်လည်း ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။
ဒုရဲအုပ်သေဆုံးမှုနဲ့ ပတ်သက်ပြီး ဝေါ PDF က “ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက် ငွေကြေးကောက်ခံနေတာကြောင့် ထမင်းကြော်ဆိုင်ရှေ့မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ ဒုရဲအုပ်တယောက် သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ဒလန်တဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်” လို့ ဆိုပါတယ်။
ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြို့အတွင်း ပိတ်ဆို့ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

1 year Ago
Up