close

ဝ တိုင်းရင်းသား အဒွန်းလ်

close

July 6, 2022

ဂူထဲပိတ်မိ လူငယ် ၁၃ ဦးထဲမှ ဝ တိုင်းရင်းသားလေး အဒွန်းလ် အမေရိကန်တွင် ပညာသင်ကြားနေ

ထိုင်းနိုင်ငံ မယ်ဆိုင်ကျောက်ဂူကြီးထဲမှာ လွန်ခဲတဲ့ ၄ နှစ်က ပိတ်မိနေခဲ့တဲ့ တောဝက်အကယ်ဒမီ ဘောလုံးအသင်းက လူငယ် ၁၃ ယောက်အနက် အဒွန်းလ် ဆာမ်အွန်ဆိုသူ ဝ တိုင်းရင်းသားလေးဟာ အခုဆိုရင် အမေရိကန်နိုင်ငံ Middlebury College မှာ ပညာသင်ကြားနေပါတယ်။ 

အဒွန်းလ် ဆာမ်အွန်ဟာ သူတို့တဖွဲ့လုံး ဂူထဲပိတ်မိစဉ် ပထမဆုံးတွေ့ရှိတဲ့ အင်္ဂလန်ရေငုပ်သမားနဲ့  အင်္ဂလိပ်လို အပြန်အလှန်ကြိုးစားပြောကြားခဲ့သူ၊ ဘာသာစကားကိုအသုံးပြုပြီး မိမိရော တပါးသူပါ အကူအညီရရှိရေး ဆောင်ရွက်သူမို့ အမေရိကန်နိုင်ငံက သူ့ကို Global Citizens’  Award ဆု ချီးမြှင့်ခဲ့သလို Middlebury College ကလည်း သူ့ကို ပညာသင်ဆုချီးမြှင့်ပြီး သူတို့ကောလိပ်မှာ တက်ရောက်သင်ကြားစေခဲ့တာပါ။ 

အဆိုပါဆုကို လွန်ခဲ့တဲ့ ၂၀၁၉ မေလကတည်းကရရှိခဲ့တာဖြစ်ပြီး အဒွန်းလ်ဟာ လက်ရှိ အမေရိကန်နိုင်ငံမှာ ပညာသင်ကြားနေတာပဲ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ကတော့  အဒွန်းလ်ဟာ သူ့ရဲ့လူမှုကွန်ရက်ကနေ သူတို့ ဂူထဲပိတ်မိနေစဉ် ကယ်တင်ခဲ့သူအားလုံးကို ကျေးဇူးတင်ကြောင်း နှုတ်ဆက်စကားပြောခဲ့ပါတယ်။ 

ဘာကြောင့်လဲဆိုတော့ အဲဒီနေ့ဟာ သူတို့ဂူထဲပိတ်မိခဲ့တဲ့ ၄ နှစ်မြောက် အမှတ်တရနေ့ဖြစ်နေလို့ပါ။  ၄ နှစ်ဆိုတဲ့ အချိန်ဟာ ခဏလေးလိုပါပဲ၊  သူတို့အနေနဲ့ အဲဒီနေ့ကို ဘယ်တော့မှမမေ့သလို သူတို့ကို ကယ်တင်ခဲ့တဲ့ စိုးရိမ်စိတ်ပူပေးခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်ကြောင်း၊ လက်ရှိ အခြေအနေ up date လုပ်ရမယ်ဆိုရင်တော့ သူတို့ ၁၃ ဦးလုံး ကျန်းမာလျက်ရှိပြီး စာကြိုးစားနေကြသလို မိမိ အိပ်မက်ရည်မှန်းချက်အတွက်လည်း ကြိုးစားနေကြောင်း၊ အသင်းခေါင်းဆောင် ခို့ချ်အေတ် မှာလည်း ကလေးတွေကို ဘောလုံးပညာ ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း၊ အားလုံးပဲ ကိုဗစ်-၁၉ ရောဂါမှ ကင်းဝေးပြီး ကျန်းမာပါစေလို့ ဆုတောင်းလိုက်ကြောင်း အဒွန်းလ်က လိုက်ဖ်လွှင့်ပြီး နှုတ်ဆက်ပြောကြားခဲ့တာပါ။ 

လက်ရှိ အသက် ၁၈ နှစ်ရွယ်ရောက်ပြီဖြစ်တဲ့ အဒွန်းလ် ဆာမ်အွန်ဟာ မိဘတွေက ရှမ်းပြည်နယ် မိုင်းဆတ်ခရိုင်ကဖြစ်ပြီး သူ့ကို မယ်ဆိုင်မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ  ခရစ်ယာန်အသင်းတော်ရဲ့ ထောက်ပံ့မှုနဲ့ ပညာသင်ကြားခဲ့ပြီး ကျောင်းမှာ ဘက်စုံထူးချွန်သူ၊ ထိုင်း၊ မြန်မာ၊ ဝ၊ အင်္ဂလိပ်ဘာသာစကားတွေပါ တတ်ကျွမ်းသူဖြစ်ပါတယ်။ 

ဂူထဲမပိတ်မိခင်က နိုင်ငံမဲ့ကလေးငယ် ၁ ဦးဖြစ်ပြီး ဂူထဲက ထွက်လာတဲ့နောက် သူ့မွေးစာရင်းပြန် ကြည့်ရာမှာ မယ်ဆိုင်မှာမွေးလို့ မြို့နယ်မှူးက ထိုင်းနိုင်ငံသားကတ် ထုတ်ပေးခဲ့တာပါ။ 

လွန်ခဲ့တဲ့ ၄ နှစ်က တောဝက်အကယ်ဒမီဘောလုံးအသင်းမှ ဘောလုံးနည်းပြ ၁ ဦးအပါအဝင် လူငယ် ၁၃ ဦးတို့ဟာ မယ်ဆိုင်မြို့နယ် ဒွိုင်နန်းနွန်းကျောက်ဂူထဲ ဝင်ရောက်လျှောက်လည်စဉ် မိုးတွေရွာလာကာ ရေတွေဂူထဲဝင်ပြီး လမ်းပိတ်သွားလို့ ထွက်လာလို့မရတော့ဘဲ အဲဒီဂူထဲမှာဘဲ ၉ ရက်ကျော် အစာရေစာမရှိ ပိတ်မိနေခဲ့ပါတယ်။ 

သူတို့လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံနဲ့ ကမ္ဘာပေါ်က ကယ်ဆယ်ရေးသမားတွေပါ လူပေါင်း ထောင်နဲ့ချီ ဂူကြီးနားမှာဘဲ နေ့ရောညပါ မနားတမ်းကြိုးစားနေခဲ့ပြီး နောက်ဆုံးမှာတော့ အင်္ဂလန် နိုင်ငံသားရေငုပ်သမားက စတင်တွေ့ရှိကာ သူတို့ကို ရေထဲကနေ တယောက်ချင်းစီ  ကူးဖြတ်သယ်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

2 mins Ago
Up