close

သက်ငယ်မုဒိမ်းမှု

close

April 20, 2023

သရုပ်ဆောင်မင်းရာဇာကို ထောင်ဒဏ် နှစ် ၂၀ ထပ်မံ အမိန့်ချ

သရုပ်ဆောင်မင်းရာဇာကို ၂၀၂၃ ဧပြီ ၂၀ ရက်က သင်္ဃန်းကျွန်းမြို့နယ် အရှေ့ပိုင်းခရိုင်တရားရုံးကနေ ကလေးသူငယ်အပေါ်ပြုကျင့်တဲ့ မုဒိမ်းမှု ပုဒ်မ ၃၇၆(၁) နဲ့ ပြစ်မှုထင်ရှားတဲ့အတွက်ကြောင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့တယ်လို့ တရားလိုရှေ့နေ့က အတည်ပြု ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်းက အိမ်ကူမိန်းကလေးကို  လိင်ပိုင်းဆိုင်ရာ စော်ကားနှိပ်စက်ခဲ့မှုနဲ့  သရုပ်ဆောင်မင်းရာဇာကို ထောင်ဒဏ် ထပ်မံချမှတ်လိုက်တာဖြစ်ပါတယ်။

နစ်နာသူမိန်းကလေးက အခင်းဖြစ်ပွားချိန်မှာ အသက် ၁၄ နှစ်နဲ့ ၁၀ လ ရှိနေတဲ့အတွက် သက်ငယ်မုဒိမ်းမှု ၃၇၆(၃) နဲ့ အမှုဖွင့်မရခဲ့ပေမယ့် ကလေးသူငယ်တွေအပေါ် ပြုကျင့်တဲ့ မုဒိမ်းမှု ၃၇၆(၁) နဲ့ အမြင့်ဆုံးထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့တာ ဖြစ်တယ်လို့ တရားလိုရှေ့နေ ဒေါ်သဇင်အေးက ပြောပါတယ်။

“စွဲချက်တင်ခဲ့တဲ့အတိုင်းပဲ ၃၇၆(၁)နဲ့ချတာ နှစ် ၂၀ ကအမြင့်ဆုံးပြစ်ဒဏ်ပါပဲ၊ သက်ငယ်မုဒိမ်း ၃၇၆(၃) ဆိုရင် လည်း အမြင့်ဆုံးက တစ်သက်တကျွန်းပါပဲ။ တစ်သက်တကျွန်းက ထောင်ဒဏ် နှစ် ၂၀ နဲ့ အတူတူပဲဖြစ်လို့ ထောင်ဒဏ်က အတူတူပါပဲ။ ဒီချိန်မှာ သင့်တော်တဲ့အမိန့်တရပ်ကို တရားသူကြီးက ချမှတ်လိုက်တယ်လို့ သုံးသပ်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်ထဲမှာ တချို့ပြစ်မှုတွေကို ပိတ်သိမ်းဖို့ အမိန့်ထုတ်ခဲ့ပေမယ့် မင်းရာဇာအမှုကိုတော့ စစ်ဆေးသင့်တယ်လို့ ဒေါ်နော်အုန်းလှ ဦးဆောင်တဲ့ အမျိုးသမီးအဖွဲ့က တောင်းဆိုတဲ့အတွက် ဆက်လက်စစ်ဆေးပြီး အခုလို ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာပါ။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်မှာတော့ အိမ်ကူအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ စော်ကားနှိပ်စက်ခဲ့တဲ့ သရုပ်ဆောင် မင်းရာဇာနဲ့ သူ့အမျိုးသမီး ဖူးပွင့်ငုံ၊ ယောက္ခမနဲ့ မန်နေဂျာ အောင်လွင်စိုး (ခ)ရခိုင်လေးတို့ကို အမှုဖြစ်ပြီး ၃ နှစ်အကြာ မြောက်ဥက္ကလာပ မြို့နယ်တရားရုံးကနေ ပြင်းထန်စွာ နာကျင်စေမှု ပုဒ်မ ၃၂၆/၃၄ နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့ပါသေးတယ်။

1 hour Ago

March 14, 2023

သရုပ်ဆောင် မင်းရာဇာ အပါအဝင် ၃ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ်ချ

အိမ်အကူကိုညှဉ်းပန်းနှိပ်စက်ခဲ့သည့် သရုပ်ဆောင် မင်းရာဇာ အပါအဝင် ၃ ဦးကို ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် တရားရုံးက  အပြင်းအထန် နာကျင်စေမှု ဥပဒေပုဒ်မ ၃၂၆ နဲ့ မတ် ၁၃ ရက်က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်စီ အမိန့်ချခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မင်းရာဇာအိမ်မှာ အိမ်အကူလုပ်တဲ့ ဆယ်ကျော်သက်အရွယ် အမျိုးသမီးတယောက်ကို လိင်ပိုင်းဆိုင်ရာ အဓမ္မမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှု‌တွေ ပြုလုပ်ပြီး ၂၀၂၀ ပြည့်နှစ်က ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ မင်းရာဇာ အပါအဝင် ၃ ဦးကို ကရင်လက်နက်ကိုင်တဖွဲ့က ဖမ်းဆီးပေးခဲ့တာပါ။

အမှုရင်ဆိုင်‌နေချိန်ကာလအတွင်း ၂၀၂၁ ခုနှစ် အမှုတွေ ပိတ်သိမ်းချိန်က ဒီအမှုကို မပိတ်သိမ်းသင့်ကြောင်း တရားရုံးကို ပြန်လည်လျှောက်ထားခဲ့တာကြောင့် တရားရုံးဘက်က လက်ခံပြီး အစကနေ ပြန်စစ်ခဲ့တဲ့အမှုလို့ သိရပြီး မင်းရာဇာကတော့ သက်ငယ်မုဒိမ်းမှုနဲ့ ခရိုင်တရားရုံးမှာ ဆက်လက်တရားရင်ဆိုင်ရမယ်လို့ သိရပါတယ်။

နစ်နာသူ အမျိုးသမီးဘက်က ကူညီဆောင်ရွက်ပေးခဲ့တဲ့ အမျိုးသမီးအဖွဲ့က “မင်းရာဇာ အမှုမှ အမှုတခုကို ဒီကနေ့ အမိန့်ချလိုက်ပါပြီ။ ပုဒ်မ ၃၂၆ အပြင်းအထန် နာကျင်စေမှုနဲ့ မင်းရာဇာ၊ သူ့ဇနီးနဲ့ မန်နေဂျာတို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ပါတယ်။ သက်ငယ်မုဒိမ်းအဖြစ် စွဲဆိုခံထားရတဲ့အမှုကတော့ ခရိုင်မှာ ဆက်လက်ရင်ဆိုင်ရမှာပါ” လို့ ပြောပါတယ်။

သရုပ်ဆောင် မင်းရာဇာ၊ ဇနီးဖြစ်သူ ဖူးငုံပွင့်၊ မန်နေဂျာဖြစ်သူ အောင်လွင်စိုးတို့ကို အပြင်းအထန် နာကျင်စေမှု ဥပဒေပုဒ်မ ၃၂၆ နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်စီ အမိန့်ချမှတ်ခဲ့ပြီး အင်းစိန်ထောင်ကို ပြန်လည်ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

1 month Ago
Up