close

သက်သေခံငွေ ပျောက်ဆုံး

close

April 7, 2022

ဖျာပုံ ဓားပြမှုတွင် သက်သေခံငွေ ကျပ်သိန်း ၂၀၀ ရဲနှင့် တရားရေးကြား ပျောက်ဆုံးသွား

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ဓားပြမှုကျူးလွန်တဲ့ အမျိုးသား ၃ ယောက်ကို တရားရုံးက ပြစ်ဒဏ် အမိန့်ချမှတ်ပြီးချိန်မှာ  စစ်ကောင်စီဩဇာခံ ရဲတပ်ဖွဲ့နဲ့ တရားရုံးကြား ငွေကျပ် သိန်း ၂၀၀ ကျော်ပျောက်ဆုံးသွားတယ်လို့  တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်က ဖျာပုံမြို့ အမှတ် ၉ ရပ်ကွက်ရှိ နေအိမ်တအိမ်ကို  ဓားပြတိုက်ရာမှာ ပါသွားတဲ့ ရွှေ ၂၀ သားနဲ့ ငွေကျပ် သိန်း ၃၀၀ ကို သက်သေခံပစ္စည်းအဖြစ် ရဲနဲ့ တရားရားရုံးက ယူထားခဲ့ပြီး အမိန့်ချပြီးနောက်မှာတော့  ရွှေ ၂၀ သားနဲ့ ငွေကျပ်သိန်း ၁၂၀ ကိုပဲ ပိုင်ရှင်ကိုပြန်ပေးခဲ့တယ်လို့ဆိုတယ်။

ဓားပြမှုကိုတော့  တရားရုံးက ၁ လအတွင်း ရုံးချိန်း ၂ ချိန်းသာ တရားလိုပြသက်သေ တရားခံပြသက်သေတွေကို အပြီးစစ်ဆေးပြီး အမျိုးသား ၃ ယောက်ကို  ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့ပါတယ်။

“ဓားပြမှုဖြစ်တဲ့ ညမှာပဲ တရားခံတွေကို ဖမ်းမိတာ။ ရွှေတွေအားလုံးတော့ ပြန်ရတယ်။ ငွေသိန်း ၂၀၀ လိုနေတာ။ ဖြစ်တဲ့အချိန်နဲ့ မိတဲ့အချိန်ကြားမှာ ၅ နာရီလောက်ပဲခြားတယ်။ အမှုစစ်ဆေးတာ အရမ်းမြန်လွန်းတယ်”လို့ ဒေသခံက ပြောပါတယ်။

ကျူးလွန်တဲ့ တရားခံ ၃ ဦးကို အချိန်ပိုင်းအတွင်းဖမ်းမိခဲ့သော်လည်း သက်သေခံပစ္စည်းတွေ ပြည့်ပြည့်စုံစုံ ပြန်လည်မရရှိတဲ့အပေါ် တရားလိုအနေနဲ့ အများကြီးနစ်နာရတယ်လို့ ဒေသခံတွေက  ပြောပါတယ်။

1 min Ago
Up