နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ကို စစ်ကောင်စီက တရားစွဲဆိုထားတဲ့ အဂတိအမှုမှာ မိမိသဘောနဲ့ ငွေကြေးလှူဒါန်းခဲ့တာသာ ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က တရားရုံးမှာ ထွက်ဆိုလိုက်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေအတွက် အလှူငွေလက်ခံခဲ့တာနဲ့ပတ်သက်ပြီး နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ကို အဂတိလိုက်စားတယ်ဆိုပြီး စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က တရားစွဲထားတဲ့အမှုကို နေပြည်တော်၊ ဇမ္ဗူသီရိအထူးတရားရုံးမှာ ဖေဖော်ဝါရီ ၂၃ ရက် ဒီကနေ့ ဆက်လက်စစ်ဆေးရာမှာ ထွက်ဆိုခဲ့တာပါ။
ဒီနေ့ရုံးချိန်းမှာ စစ်ကောင်စီကတင်သွင်းထားတဲ့ တရားလိုပြသက်သေ ၂ ယောက်ကို ဆက်လက်စစ်ဆေးခဲ့ပြီ အဲ့ဒီအထဲက စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ကိုယ့်သဘောနဲ့ကိုယ် ငွေကြေးလှူဒါန်းခဲ့တာသာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။
"ဒီနေ့တရားလိုပြသက် ၂ ယောက်လာ ထွက်တယ်။ မောင်ဝိတ်လည်းပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် လှူတာလို့ ပြောသွားတယ်" လို့ တရားရုံးနဲ့နီးစပ်သူတစ်ယောက်ကပြောပါတယ်။
ဒေါက်တာမျိုးအောင်ဟာ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းတွေ အတွက် အလှူငွေကျပ် သိန်း ၁၁၀ ကို စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီက လက်ခံရယူပြီး ရွေးကောက်ပွဲဝင်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းတွေ အတွက် အသုံးပြုခဲ့တာပါ။
နေပြည်တော်မှာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း ၁၁ ယောက်အတွက် တစ်ယောက် ကျပ် ၁၀ သိန်းနှုန်းနဲ့ ဒေါက်တာမျိုးအောင်က ပြန်လည်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီက ဒေါက်တာမျိုးအောင်ဟာ အဂတိလိုက်စားမှုကျူးလွန်ခဲ့တယ်ဆိုပြီး ၂၀၂၁ ဩဂုတ်လ ၁၈ ရက်နေ့က စွပ်စွဲ အမှုဖွင့် တရားစွဲခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို စစ်ကောင်စီတရားရုံးက ပုဒ်မ ၅၀၅(ခ)အမှုအတွက်လည်း ဒီဇင်ဘာ ၆ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ်စီချမှတ်ထားပါတယ်။
ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတတို့ကိုလည်း စစ်ကောင်စီက ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှုနဲ့ စွပ်စွဲထားပြီး နိုင်ငံ့ခေါင်းဆောင်တွေဟာ တိုင်းနဲ့ပြည်နယ်အစိုးရဝန်ကြီးတွေနဲ့ ပူးပေါင်းပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ မသမာမှုတွေပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရဲ့ သွေးကင်ဆာရောဂါကို ကုသဖို့ ငွေလှူဒါန်းခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၈ ရက် ရုံးချိန်းမှာ ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်ကို အဂတိလိုက်စားတယ်ဆိုပြီး စွပ်စွဲထားတဲ့အမှုအတွက် မနေ့က မန္တလေးအိုးဘိုထောင်တွင်းအထူးတရားရုံး ရုံးထုတ်စစ်ဆေးရာမှာ ဦးမောင်ဝိတ်က တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။
ဦးမောင်ဝိတ်က ၂၀၁၉ ခုနှစ်မှာ ငွေကျပ် သိန်း ၃၅၀၊ ငွေကျပ်သိန်း ၃၀၀ ထိုင်းနိုင်ငံ၊ ဘန်ရွမ်ဂရက်(စ်)ဆေးရုံမှာ ဒေါက်တာဇော်မြင့်မောင် ဆေးကုသမှု ခံယူတုန်းက အမေရိကန်ဒေါ်လာ တစ်သိန်း၊ စုစုပေါင်း သုံးကြိမ်ခွဲလှူခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
“ဒေါက်တာဇော်မြင့်မောင် ထိုင်းမှာ ဆေးကုနေတုန်းက သူ ၃ ခါ သွားတယ်။ ဒါပေမဲ့ ဒေါက်တာဇော်မြင့်မောင်က အိပ်နေလို ခုံပေါ်မှာ တင်ခဲ့တယ်။ မန္တလေးမှာလည်း အဲဒီလိုပဲ သွားခဲ့တယ်။ အိပ်နေလို့ ဆိုပြီး ထားခဲ့တယ်လို့ ပြောတယ်။ သူလှူတဲ့ငွေကို ခုံပေါ်ဒီအတိုင်းပဲ ထားခဲ့တယ်တဲ့။ စကားပြောခွင့်မရခဲ့ဘူး။ သိတောင်မသိခဲ့ဘူးလို့ မောင်ဝိတ်က ထွက်ဆိုသွားတာပါ။ မြန်မာနောင်းမှာ ပါသလိုမျိုး ငွေပေးခဲ့တယ်လို့ မပြောခဲ့ဘူး။ ပေးတာမဟုတ်ဘူး။ လှူတာလို့ ပြောတာကြောင့် စကားလုံးကိုတောင် စာရိုက်တဲ့အခါ ပြန်ပြင်ရတယ်။ တရားသူကြီးကလည်း ပြင်ပေးတယ်။ အသုံးအနှုန်းကိုလေ။ ငွေလှူတယ်လို့ပေါ့။ ကန်တော့တာ ဟုတ်တယ်။ ကန်တော့တာကြောင့် ဆုပေးတာတောင် ကျနော်တို့ ကြားပါတယ်။ ကန်တော့တာကို လက်မခံဘူးဆိုတာ မဟုတ်ဘူး။ စစ်ဆေးဖို့ တရားရုံးထဲ မဝင်ခင်က ဒေါက်ဇော်နဲ့ မောင်ဝိတ် ဆုံတဲ့အခါ လှမ်းပြီးတော့ ဆရာ နေကောင်းရဲ့လား မေးတယ်။ သတင်းမေးတာပေါ့။ ပြီးတော့မှ အမှန်အတိုင်း ပြောပါ ရတယ်လို့ ပြောတယ်။ မောင်ဝိတ်က မုတ်ဆိတ်တွေနဲ့။ ဝတ်တာကတော့ ယောဂီရောင် ဝတ်ထားတယ်”လို့ တရားရုံးနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။
စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ကို စစ်ကောင်စီက အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးထိန်းသိမ်းထားတာပါ။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီကအမှု ၉ မှုနဲ့ တရားစွဲခဲ့တာဖြစ်ပြီး အဲဒီထဲက သဘာ၀ဘေးပုဒ်မအမှု ၂ ခုအတွက် ၂၀၂၁ ဒီဇင်ဘာ ၈ ရက်က ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့ပါတယ်။
အဂတိလိုက်စားတယ်ဆိုပြီး စစ်ကောင်စီက စွဲဆိုထားတဲ့အမှုတွေကိုတော့ သောကြာနေ့တိုင်းပုံမှန်စစ်ဆေးခဲ့ပြီး နောက်ထပ်ရက်သတ္တပတ်တွေမှာတော့ အင်္ဂါနေ့တွေမှာပါ ထပ်တိုးစစ်ဆေးသွားဖို့ရှိနေပါတယ်။