close

သခင်ကိုယ်တော်မှိုင်း

close

October 30, 2022

ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ဗဟုဝါဒ

ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ မြင့်မားတဲ့ ကဗျာဆရာကြီးလည်း ဖြစ်တယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖခင်ကြီးလည်း ဖြစ်တယ်။ ဒါကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။

ဒါပေမဲ့ ဘာကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးဖခင်ကြီး ဖြစ်တယ်ဆိုတာကို လေ့လာတဲ့အခါ လူတော်တော်များများ သိထားကြတဲ့အချက်က ဆရာကြီးရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒ ဒါမှမဟုတ် ဆရာကြီးရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အခြေခံအယူအဆဆိုတာထက် ဆရာကြီးရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ နည်းနာတွေကိုပဲ သိရှိထားကြပါတယ်။ ဆရာကြီးရဲ့ အသက်အရွယ်နဲ့မမျှအောင် ငြိမ်းချမ်းရေးဆိုင်ရာ လိုက်လံဆောင်ရွက်ချက်များကို ကြည့်ပြီးတော့ပဲ ဆရာကြီးဟာ ငြိမ်းချမ်းရေးဖခင်ကြီး ဖြစ်တယ်ဆိုတဲ့ ကောက်ချက်ကိုပဲ ဆွဲကြပါတယ်။

လူအတော်များများ သိရှိထားကြ စိတ်ဝင်စားကြတဲ့အချက်က ပြဿနာတွေကို ဖြေရှင်းကြတဲ့အခါ အကြမ်းဖက်မဖြေရှင်းဘဲ သူမသာ ကိုယ်မနာတဲ့နည်းနဲ့ ဖြေရှင်းကြဖို့၊ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာကြဖို့ တိုက်တွန်းတဲ့ ဆရာကြီးရဲ့စကားတွေကိုပဲ စိတ်ဝင်စားခဲ့ကြပါတယ်။ တကယ်တော့ အဲဒါတွေက ဆရာကြီးရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒ မဟုတ်ပါဘူး။ ဒါတွေက ဆရာကြီးရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ နည်းနာတွေပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင် အခု ကျနော်ပြောခဲ့တဲ့ ဆရာကြီးရဲ့ ပြောစကားတွေဟာ ငြိမ်းချမ်းရေးရဖို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတဲ့ နည်းနာများပဲဖြစ်ပြီး ငြိမ်းချမ်းရေးဆိုင်ရာ အခြေခံအယူအဆ မူဝါဒတော့ မဟုတ်သေးပါဘူး။

ငြိမ်းချမ်းရေးရဖို့၊ တခါ ငြိမ်းချမ်းရေးရပြန်တော့လည်း ရထားတဲ့ ငြိမ်းချမ်းရေးကို ရေရှည် ထာဝရတည်တန့်အောင် ထိန်းသိမ်းနိုင်ဖို့ဆိုရင် အဲဒီ အထက်ကပြောခဲ့တဲ့ အချက်တွေလောက်နဲ့ ငြိမ်းချမ်းရေးကို အာမခံချက် မပေးနိုင်ဘူးဆိုတာ သွားတွေ့ရပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့၊ တခါ ရထားတဲ့ငြိမ်းချမ်းရေး ထာဝရတည်တန့်ဖို့ဆိုရင် စစ်မှန်တဲ့ မူဝါဒရှိဖို့ လိုအပ်ပါတယ်။

ဒါကြောင့်မို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ခံယူချက် မူဝါဒကို ကျနော် သိချင်လာခဲ့ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ အတ္ထုပ္ပတ္တိဆိုင်ရာစာအုပ်တွေနဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ စာတွေ ကဗျာတွေကို ကျနော်ဖတ်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ပြောစကားတွေကိုလည်း ဖတ်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ စာပေပင်လယ်ထဲမှာ အချိန်တော်တော်ကြာ ကျနော်ကူးခတ်ခဲ့ပါတယ်။

၂၀၀၆ ခု၊ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာကျင်းပတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၂) နှစ်ပြည့် အခမ်းအနားမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နိုင်ငံရေးရပ်တည်ချက်များ ခေါင်းစဉ်နဲ့ စာတန်းတခု ကျနော်တင်ခဲ့ပါတယ်။

ဒီတုန်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နိုင်ငံရေးအမြင် ထက်မြက်ပုံ၊ သမိုင်းအချိုးအကွေ့တွေမှာ သမိုင်းရဲ့ စိန်ခေါ်မှုတွေမှာ ဆရာကြီး ဘယ်လိုတုံ့ပြန် ဘယ်လိုရပ်တည်ခဲ့သလဲဆိုတဲ့ အဖြေကို သက်သေပြနိုင်ဖို့ ဆရာကြီးရဲ့ စာပေတွေကို ပိုပြီး စေ့စေ့စပ်စပ် ဖတ်ရပြန်ပါတယ်။ အဲဒီအချိန်မှာပဲ ယုန်ထောင်ကြောင်မိဆိုသလို ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အခြေခံမူဝါဒ သို့မဟုတ် အခြေခံအတွေးအခေါ်ကို တိတိကျကျဖော်ပြနိုင်တဲ့၊ တနည်းအားဖြင့်ပြောရရင် ကွက်တိ ထင်ဟပ်တယ်လို့ ပြောနိုင်တဲ့ ကဗျာစာသားတချို့ကို ကျနော်တွေ့ရတော့တာပါပဲ။ ဆရာကြီးက သူမကွယ်လွန်ခင် နောက်ဆုံးရေးခဲ့တဲ့ ကဗျာတပုဒ်ထဲမှာ အခုလိုစာသားတချို့ ထည့်ရေးခဲ့ပါတယ်။

ဇမ္ဗူ တခွင်တွင်ဖြင့်

လူအသွင်အပြင်နှင့်တကွ

မူအဆင်ဆင်တွေနှင့်

အယူအငင်မှာတော့

တူချင်လဲတူကြ၊

မတူချင်လည်းနေကြပေါ့…

ဖြူဖြူစင်စင် ဗြဟ္မာစရိယဂိုဏ်းတွေနဲ့…. ဆိုပြီး ရေးထားတာ တွေ့ရပါတယ်။

ဒီကဗျာစာသားဟာ လူတွေ တယောက်နဲ့တယောက်၊ အသင်းအဖွဲ့တွေ တဖွဲ့နဲ့တဖွဲ့ အယူအဆရေးရာမှာ တူတာလည်းရှိမယ်၊ မတူတာလည်းရှိမယ်။ ဒီလို အယူအဆ မတူကြရင်လည်း ပြဿနာမရှိဘူး။ ဒါဟာ သဘာဝတရားပဲဖြစ်တယ်။ အရှိတရားပဲဖြစ်တယ်။ ဒီလိုတရားအပေါ် တရားအရပဲ ကြည့်ရမယ်။ ကြည့်နိုင်ရမယ်။ အရေးအကြီးဆုံးအချက်က မတူတာတွေကို မတူတူအောင် အတင်းအဓမ္မ ဆွဲညှိတာမျိုး မလုပ်သင့်ဘဲ ဗြဟ္မာစရိယစိတ်ထားနဲ့ ဖြူဖြူစင်စင် အပြန်အလှန် အသိအမှတ်ပြု ယှဉ်တွဲနေထိုင်ကြရမှာပဲ ဖြစ်တယ်ဆိုတဲ့ မတူကွဲပြားမှုကို သဘာဝကျကျရှုမြင်တဲ့ ဗဟုဝါဒဆိုင်ရာ အခြေခံအယူအဆကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း လက်ကိုင်ထားခဲ့တာ သွားတွေ့ရပါတယ်။

(၂)

မျက်မှောက်ခေတ်မှာတော့ လူသားအဆောက်အအုံကြီးတခုလုံး တည်ငြိမ်အေးချမ်းဖို့ဆိုရင် ဗဟုဝါဒဟာ တခုတည်းသော အစွမ်းအထက်ဆုံး အခြေခံမူဝါဒကြီး ဖြစ်ပါတယ်။

စစ်မှန်တဲ့ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ကြရာမှာ တခါ ငြိမ်းချမ်းရေး ရရှိလာတဲ့ အခါမှာလည်း ရရှိထားတဲ့ငြိမ်းချမ်းရေး ထာဝရတည်တန့်နေဖို့ဆိုရင် အဲဒီဗဟုဝါဒဟာ အခိုင်မာဆုံး အာမခံချက်ပေးနိုင်တဲ့ အခြေခံမူဝါဒ ဖြစ်ပါတယ်။

ဗဟုဝါဒရဲ့ အနှစ်သာရဟာ မတူကွဲပြား ခြားနားမှုတွေ ရှိနေခြင်းဟာ သဘာဝကျတယ်လို့ လက်ခံတဲ့အယူအဆ ဖြစ်ပါတယ်။ ဒီလိုယူဆတဲ့အတွက် မတူတဲ့အယူအဆရှိသူအချင်းချင်း အပြန်အလှန် အသိအမှတ်ပြုမှု၊ အပြန်အလှန်လေးစားမှုဆိုတဲ့ မြင့်မြတ်ကျယ်ပြန့်တဲ့ ဆက်ဆံရေးက အလိုအလျောက် ရရှိလာစေမှာပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မဟာယဉ်ကျေးမှု ထွန်းကားလာစေမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဗဟုဝါဒဟာ ငြိမ်းချမ်းရေးရဲ့ သော့ချက်ဝါဒ ဖြစ်လာစေတာပါပဲ။

မတူကွဲပြားခြားနားစွာ ရှိနေတဲ့ အခြေအနေကို လက်မခံတဲ့ အယူအဆကတော့ ဧကဝါဒပဲ ဖြစ်ပါတယ်။ သူက မတူကွဲပြားခြားနားမှုကို သဘာဝမကျဘူးလို့ မြင်တဲ့အမြင်ပါပဲ။ ဒါကြောင့်မို့ ဧကဝါဒက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ဆန့်ကျင်ပြီး ကွဲပြားခြားနားသူအချင်းချင်း အပြန်အလှန် အသိအမှတ်ပြုမှု၊ အပြန်အလှန်လေးစားမှု ဆိုတာကို ဖျက်သိမ်းပါတော့တယ်။ ဒါကြောင့်မို့ ဧကဝါဒဟာ နှစ်ဦးနှစ်ဖက် ပဋိပက္ခဖြစ်မှုကို ဦးတည်ပြီး ပျက်စီးခြင်းကို လမ်းခင်းပေးသလို ဖြစ်စေပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း မကွယ်လွန်ခင် နောက်ဆုံးရေးသားခဲ့တဲ့ ကဗျာတပုဒ်ထဲက...... မူအဆင်ဆင်တွေနှင့် အယူအငင်မှာတော့ တူချင်လည်းတူကြ မတူချင်လည်းနေကြပေါ့..... ဆိုတဲ့စာပိုဒ်ဟာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆရာကြီးအနေနဲ့ ဘယ်လိုအယူအဆ ဘယ်လိုအတွေးအခေါ် ဘယ်လိုမူဝါဒကို လက်ကိုင်ထားတယ်ဆိုတာ အတိအကျဖော်ပြတဲ့ ကဗျာစာသားများပဲ ဖြစ်ပါတယ်။ ဒီစာသားတွေဟာ ဆရာကြီးကို ငြိမ်းချမ်းရေးမြတ်နိုးသူတဦး အနေနဲ့သာမက ငြိမ်းချမ်းရေးရအောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့ အလုပ်လမ်းညွှန် အယူအဆအပေါ်မှာပါ အမြင်မျဉ်းပြတ်သူအဖြစ် ထင်ရှားစေတဲ့ ကဗျာစာသားများပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ငြိမ်းချမ်းရေးဖခင်ကြီးဆိုတဲ့ မြင့်မားတဲ့ဂုဏ်ကို ပိုင်ဆိုင်နိုင်ခဲ့တာပါ။

တခါတုန်းက စာရေးဆရာမောင်မိုးသူက ဆရာမြို့မငြိမ်းရဲ့ ခေတ်ရှေ့ပြေးနေတဲ့ အယူအဆကို သက်သေပြဖို့ ကြိုးစားရှာဖွေရာမှာ လူချွန်လူကောင်းသီချင်းထဲက ကမ္ဘာကြည့် ကြည့်မြင် ဆိုတဲ့ စာသားကို ထုတ်နုတ်ကိုးကားပြီး သက်သေထူခဲ့ပါတယ်။

ကျနော်လည်းပဲ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဘာ့ကြောင့် ငြိမ်းချမ်းရေးဖခင်ကြီး ဖြစ်လာခဲ့ရတာလဲ ဆိုတာကို အထင်အရှား သက်သေပြနိုင်တဲ့ သက်သေခံအချက်အလက်ကို ရှာဖွေရာမှာ ဆရာကြီးနောက်ဆုံးရေးခဲ့တဲ့ ကဗျာတပုဒ်ထဲက..... မူအဆင်ဆင်တွေနှင့် အယူအငင်မှာတော့ တူချင်လည်းတူကြ၊ မတူချင်လည်းနေကြပေါ့.... ဆိုတဲ့ စာသားကို တွေ့ရှိနိုင်ခဲ့တယ်လို့ ပြောနိုင်မလားပဲ။

တကယ်တော့ မြန်မာစာပေလောကမှာ ဗဟုဝါဒကို စတင် တင်ပြလာခဲ့သူလို့ အများက ယူဆထားကြတဲ့ ဆရာဒဂုန်တာရာထက် ဆရာကြီးသခင်ကိုယ်တော်မှိုင်းက နှစ် (၂၀) လောက်စောပြီး ဗဟုဝါဒကို မြင်နိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့်မို့လည်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ဆရာဒဂုန်တာရာတို့ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းတွေကို အခိုင်မြဲဆုံး လက်တွဲဆောင်ရွက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

အခု ကျနော်တင်ပြခဲ့တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရေးခဲ့တယ်ဆိုတဲ့ ကဗျာစာသားတွေဟာ ဆရာကြီး သက်ရှိထင်ရှားရှိစဉ် ၁၉၅၉ ခုနှစ်အတွင်း ရေးဖွဲ့ခဲ့တယ်ဆိုတဲ့ ဆရာမောင်တင်ရွှေ ပြုစုတဲ့ သခင်ကိုယ်တော်မှိုင်းစာအုပ်မှာ တွေ့ရှိမှတ်သားနိုင်ခဲ့တာပါ။

ကျနော်တို့ဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ခင်းခဲ့တဲ့ စစ်မှန်တဲ့မျိုးချစ်စိတ်ဓာတ်၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ လမ်းစဉ်တွေအပေါ်က သွေဖည်မသွားစေဖို့ဆိုရင် ဆရာကြီးရဲ့ သက်ဆိုင်ရာ မူဝါဒလမ်းစဉ်တွေကိုတော့ ကြေကြေညက်ညက် နားလည်ထားသင့်ကြောင်း ယုံကြည်မိပါတယ်။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

ကိုးကား။    ။ မောင်တင်ရွှေ ပြုစုတဲ့ သခင်ကိုယ်တော်မှိုင်းစာအုပ်

8 mins Ago

August 7, 2022

လေးချိုးဘုရင် ဒေါက်တာသခင်ကိုယ်တော်မှိုင်း (ရသဆောင်းပါး)

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ မဟာကဗျာလေးချိုးကြီးတွေကို တစုတဝေးတည်း စာအုပ်အဖြစ် ထုတ်ဝေတာ နှစ်အုပ်ရှိပါတယ်။

(အမှတ်အသား မှားရင်တော့ ထောက်ပြဖြည့်စွက်ပေးကြပါခင်ဗျား) တအုပ်က မောင်တင်ရွှေ ပြုစုတဲ့ “ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ လက်ရွေးစင်လေးချိုးတရာ” ဖြစ်ပါတယ်။ ကျန်တအုပ်ကတော့ ဟင်္သာတစာပေဖြန့်ချိရေးက ထုတ်ဝေတဲ့ “ဆရာကြီးသခင်ကိုယ်တော်မှိုင်း လေးချိုးပေါင်းချုပ်” စာအုပ်ဖြစ်ပါတယ်။ ဒီဆောင်းပါးက ဆရာကြီးသခင်ကိုယ်တော်မှိုင်း လေးချိုးပေါင်းချုပ် စာအုပ်အပေါ် မူတည်ပြီးမှ ရေးတဲ့ဆောင်းပါး ဖြစ်ပါတယ်။

ဆရာကြီးဟာ ကဗျာတွေအပြင် ပြဇာတ်တွေ၊ ဋီကာတွေလည်း ရေးပါတယ်။ ကျနော်တဦးတည်းရဲ့ အမြင်အရ ပြောရရင် ဆရာကြီးဟာ ကဗျာမှာ ပိုပြီး အောင်မြင်ကျော်ကြားလှတယ်လို့ ယူဆပါတယ်။

ဆရာကြီးရဲ့ ဒီလေးချိုးပေါင်းချုပ်စာအုပ်မှာ ဆရာဇော်ဂျီက အမှာစာရေးပါတယ်။ ဒီအမှာစာဟာ ၁၉၆၄၊ သြဂုတ်လ ၃ ရက်နေ့ည ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဈာပနမဏ္ဍပ်မှာ ဆရာဇော်ဂျီ ဟောပြောခဲ့တဲ့ စာတမ်းကို အမှာစာအဖြစ် ဖော်ပြထားတာပါ။ ဆရာဇော်ဂျီရဲ့ အမှာစာဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ကဗျာများအပေါ် စာဖတ်သူတွေ ပိုမိုသဘောပေါက် နားလည်နိုင်ဖို့အတွက် အထောက်အကူပြုတာ အမှန်ပါပဲ။

ဒီစာအုပ်မှာ လေးချိုးကြီးကဗျာများအပြင် တေးထပ်၊ လေးချိုးလပ်၊ ဂါထာများလည်း ပါရှိတာ တွေ့ရပါတယ်။ စုစုပေါင်း ကဗျာပု​ဒ်ရေ ၁၁၈ ပုဒ် ပါရှိပါတယ်။

၂။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ကဗျာတွေကို အကြောင်းအရာပိုင်းအရ၊ အတတ်ပညာပိုင်းအရ ဆိုပြီး နှစ်ပိုင်းခွဲပြီး လေ့လာသင့်ပါတယ်။

ဆရာကြီးဟာ ကဗျာဆရာလည်းဟုတ်တယ်၊ နိုင်ငံရေးခေါင်းဆောင်လည်းဖြစ်တာမို့ ဆရာကြီးရဲ့ ကဗျာတွေကို အကြောင်းအရာအရ လေ့လာရင်ပဲ ခမ်းနားမြင့်မားလှတဲ့ နိုင်ငံရေးနောက်ခံများကို တွေ့ရနိုင်ပါတယ်။ ဆရာကြီးရဲ့ ကဗျာတွေကို ဖတ်ရင် ဆရာကြီးရဲ့ နိုင်ငံရေးရပ်တည်ချက်၊ နိုင်ငံရေးအမြင် ထက်မြက်မှုတွေကို အထင်အရှား တွေ့ရနိုင်ပါတယ်။

ဒီဆောင်းပါးမှာတော့ အဲဒီဆရာကြီးရဲ့ နိုင်ငံရေးအကြောင်းအရာ နောက်ခံများကို အဓိကမထားဘဲ ဆရာကြီးရဲ့ ကဗျာအတတ်ပညာဆိုင်ရာ အပိုင်းကိုပဲ ဦးစားပေး ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး ကျနော် သတိပြုမိတဲ့ အချက်ကတော့ မဟာကဗျာလေးချိုးကြီးများရဲ့ ထူးခြားလှတဲ့ ကဗျာပုံစံ ဖြစ်ပါတယ်။ ဒီကဗျာပုံစံဟာ လေးချိုးကဗျာပုံသဏ္ဌာန်ဟောင်းကို ဆရာကြီးက ထပ်မံချဲ့ထွင်ထားတဲ့ ကဗျာပုံသဏ္ဌာန်သစ် ဖြစ်ပါတယ်။

ဆရာကြီးက သူပြောချင်တဲ့ အကြောင်းအရာကို မဟာကဗျာလေးချိုးကြီးဆိုတဲ့ သူကိုယ်တိုင် တီထွင်ထားတဲ့ “ကဗျာပုံစံ” နဲ့ ရေးဖွဲ့ပြောဆိုခဲ့တာပါ။ ဒီကဗျာပုံစံဟာ ယခင်ရှိပြီးသား လေးချိုးကဗျာရဲ့ အကန့်အသတ်တချို့ကို ဖျက်ပြီး အဲဒီအကန့်အသတ်ထက် ပိုပြီးကျယ်တဲ့ ကဗျာပုံစံကို ယူလိုက်တာပါ။ လေးပိုဒ်ကဗျာပုံသဏ္ဌာန်ရဲ့ တစုံတရာ တင်းကျပ်မှုကို ဖြေချလိုက်တဲ့ သဘောပါပဲ။ ဒီလို ဆန့်ထုတ်ဖြေချရခြင်း ရည်ရွယ်ချက်ကလည်း တချိန်က “ပျို့” တွေ၊ “ရတု” တွေမှာသာ ရေးဖွဲ့လေ့ရှိတဲ့ အကြောင်းအရာမျိုးတွေကို ဆရာကြီးက မဟာကဗျာလေးချိုးကြီးထဲမှာ ထည့်ရေးနိုင်တယ်ဆိုတာ နားလည်ထားလို့ပါပဲ။

ကဗျာတခေတ်မှာ ကဗျာသစ်ထွင်တဲ့အလုပ်ဟာ တကယ်တော့ တော်လှန်စွန့်စားရတဲ့အလုပ် ဖြစ်ပါတယ်။ အဟောင်းကို တော်လှန်ရပါတယ်။ အဟောင်းသမားနဲ့ ရင်ဆိုင်ရပါတယ်။ ဒါကြောင့်မို့လည်း “အမယ်မင်း၊ တေးမျိုးအပြီး မသာမယာကိုမှ လေးချိုးကြီးမဟာကဗျာရယ်လို့ ခေါ်ရက်လေခြင်း” ဆိုပြီး ငိုချင်းချ ကန့်ကွက်သူတွေ ရှိခဲ့တာပေါ့။ ဒါပေမဲ့ ဆရာကြီးက ကဗျာပုံသဏ္ဌာန်သစ်ကိုပဲ ရဲရင့်တက်ကြွစွာ ကိုင်စွဲခဲ့ပါတယ်။

တချိန်တုန်းက လေးချိုးစာကြောင်းတကြောင်းမှာ စာလုံးရေ ၉ လုံးအထိလောက်ပဲ ရှိတာကို ဆရာကြီးကတော့ စာလုံးရေအကန့်အသတ်မရှိ ထားချင်သလောက်ထားပြီး ရေးတာ တွေ့ရပါတယ်။ ပြီးတော့ ကဗျာပိုဒ်ရေ ၄ ပိုဒ်၊ တချိန်တုန်းက ၁၆ ချိုး၊ စာမျက်နှာ  ၂ မျက်နှာ ၃ မျက်နှာရှိရာက ဆရာကြီးကတော့ ၁၀ မျက်နှာလောက်အထိ ဆန့်ထုတ်ချဲ့ထွင်လိုက်တာ တွေ့ရပါတယ်။ ဒီနေရာမှာ ဆရာကြီးဟာ ယခင်လေးချိုးပုံသဏ္ဌာန်ရဲ့ “ထု” နဲ့ “စောက်” ကို ချဲ့ထွင်လိုက်တဲ့သဘောပါပဲ။ ဒါကတော့ ဆရာကြီးရဲ့ ကိုယ်ပိုင် မဟာကဗျာလေးချိုးကြီး ပုံသဏ္ဌာန်ရဲ့ ထူးခြားမှုပါပဲ။

နောက်ထပ် ထူးခြားတဲ့အချက်တွေ ရှိပါတယ်။ ဆရာကြီးဟာ အဲဒီ မဟာကဗျာလေးချိုးကြီးတွေကို အရပ်သုံးလေသံတွေ၊ လူထုသုံးဝေါဟာရတွေ၊ အင်္ဂလိပ်စကားလုံး အသံထွက်တွေ၊ ဝေါဟာရအသစ်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့အချက်ဟာ အင်မတန်ထူးခြားတဲ့အချက်ပါပဲ။ ဒီလိုရေးဖွဲ့တယ်ဆိုတာ လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး။ တော်ရုံတန်ရုံ ကဗျာဆရာတွေ စိတ်ကူးမိ စိတ်ကူးရဲတဲ့ကိစ္စ မဟုတ်ပါဘူး။ အင်မတန်ရဲရင့်ထက်မြက် တတ်သိတဲ့ ကဗျာဆရာများသာ ကိုင်တွယ်ရဲတဲ့ကိစ္စ ဖြစ်ပါတယ်။ ဆရာကြီးဟာ အဲဒီစကားလုံးတွေ ဝေါဟာရတွေကို ဆရာကြီး အင်မတန်ကျွမ်းကျင်လိမ္မာတဲ့ “မကျီးရွက်သပ် နဘေထပ်” စပ်နည်းနဲ့ ရေးတဲ့အတွက် ဆရာကြီးရဲ့ ကဗျာတွေဟာ လူတွေနဲ့ ပိုမိုနီးစပ်နိုင်ခဲ့ပါတယ်။

ဒီနေရာကစပြီး ဆရာကြီး အသုံးပြုခဲ့တဲ့ ဝေါဟာရသစ်၊ လူထုသုံးစကားလုံး၊ အင်္ဂလိပ်စကားလုံးတွေကို အနည်းငယ်မျှစီ ဖော်ပြသွားပါ့မယ်။

စကားလုံးသစ်များ

မယ်သီလရှင် = ဘန်းမဒီ

ဖက်ဆစ် = ကမ္ဘာဒမြ

ဖြူစင်တဲ့အကျင့် = ဗျိုင်းအကျင့်

မကြည်ညိုဖွယ်ဘုရင်= ဘုရင်တကောင်

နွားလိုမိုက်တဲ့ လူနှစ်ယောက် = လူတရှင်း

ဒကာမနှစ်ယောက် = နှစ်ဒဂမ

မြေပတ်ကြားပထဗျာထိ = မြေမျို

အလွန်လွမ်းဆွေးခြင်း = လွမ်းတောင်ပေါက်

အင်္ဂလိပ်စကားလုံးများသုံးစွဲပုံ

ကောလိပ်၊ ကင်းဂျော့၊ ကောင်စီ၊ ကွန်မြူနစ်၊ ကွန်ဖရင့်၊ ဆေးလဗားဂျူဗလီ၊ ဒိုင်အာခီ၊ ဒယ်လီဂိတ်၊ ပါဝါ၊ ပေါ်လစ်တစ်၊ နေရှင်နယ်ဒေး … အစရှိတဲ့ စကားလုံးတွေပါပဲ။ အပြည့်အစုံ ဖော်ပြမယ်ဆိုရင်တော့ သည့်ထက်တပုံတပင်ကြီး ရှိပါသေးတယ်။

ကျနော် စိတ်ဝင်စားပြီး အထူးခြားဆုံး အသုံးအနှုန်းတွေကတော့ လူထူသုံး ဗန်းစကားလုံးတွေပါပဲ။

လူထုသုံးဝေါဟာရများ

ကလော်တုတ်၊ ကလိန်ဘုကျ၊ ကလချာ ကလချွတ်၊ ဂိုက်မသေး၊ ငနဲ၊ ငို့ဘကောင်၊ ဘိုင်ကောင်၊ ဟော်တယ်မယ်၊ မသာလောင်း၊ သေချင်းဆိုး၊ အနုတ်စုတ် ဂုတ်စုတ်၊ ပလူး၊ ဗလဗွေဗလဖြစ်၊ ဘလချီဘလရွတ်၊ မဟားဒယား၊ အကြံနိုပ်....၊ သည့်ထက် စကားလုံးတွေ အများကြီး ရှိပါသေးတယ်။ ဒါကတော့ နမူနာသဘောပဲ ဖော်ပြလိုက်တာပါ။

နောက်ထပ် ထူးခြားတဲ့အချက် ရှိပါသေးတယ်။ ဆရာကြီးဟာ စကားလုံးပေါင်း ဂန္ထဝင်စည်းကမ်းတွေကို ရဲရဲပဲ ချိုးဖောက်လိုက်တာ တွေ့ရပါတယ်။ ကဗျာမှာ လူထုသုံး ဝေါဟာရနဲ့ စကားပြောလေသံကို အသုံးပြုမယ်ဆိုရင် ဂန္ထဝင်စည်းကမ်းတွေဟာ အဟန့်အတား ဖြစ်စေတတ်ပါတယ်။ ဒီနေရာမှာတော့ ဂန္ထဝင်စည်းကမ်းတွေက ဆရာကြီးရဲ့ တီထွင်ရဲတဲ့စိတ်ကို မဟန့်နိုင်ပါဘူး။ ဒါကိုလည်း ဥပမာအနည်းငယ် ဖော်ပြလိုက်ပါတယ်။

ဓါးမရှည် ဓါးမတို = ဒမရှေ ဒမတို

ဓားပြ = ဒမြ

ခေါင်းကုတ် = ဂေါင်းကုတ်

နွားထိုင်း နွားပျက် နွားနီ နွားပြာ = နထိုင်း နပျက် နနီ နပြာ

ထမင်းရည် = ထမရေ

ဝါးတော ဝါးရုံ = ဝတော ဝရုံ

မြေးတကာမ = မြီးဒဂမ

တန်ဆာ = ဓဆာ

၃။

“ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ လေးချိုးပေါင်းချုပ်” စာအုပ်ကိုဖတ်ပြီး ကျနော်တွေ့ရှိတဲ့ ဆရာကြီးရဲ့ ကဗျာဆိုင်ရာ အတတ်ပညာများကို အနည်းငယ် တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဆရာကြီး ကွယ်လွန်တဲ့အခါ ကဗျာလောကမှာ မဟာကဗျာလေးချိုးကြီးခေတ်ဟာလည်း နိဂုံးချုပ်သလို ဖြစ်ခဲ့ပါတယ်။

ဒါကတော့ နှောင်းလူတွေက နောက်ထပ်ကဗျာသစ်တွေ ထပ်ပြီး ဖော်ကြတာလည်းပါ၊ ဆရာကြီးထက်ကျော်ပြီး ဘယ်ကဗျာဆရာမှ မဟာကဗျာလေးချိုးကြီးတွေ မရေးစပ်နိုင်တာလည်း ပါလိမ့်မယ် ထင်ပါတယ်။

ဒီဆောင်းပါးမှာ ဆရာကြီးရဲ့ ကဗျာအတတ်ပညာဆိုင်ရာ နည်းနာတွေကို အနည်းငယ်မျှသာ ဖော်ပြနိုင်ကြောင်း ဝန်ခံပါတယ်။ စာဖတ်သူများ ဖြည့်စွက် ဆက်လက်လေ့လာနိုင်ဖို့အတွက်သာ ရည်ရွယ်ပြီး ရေးခဲ့ခြင်း ဖြစ်ပါတယ်။      ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

မှီငြမ်း။ ။ဆရာမောင်စွမ်းရည် ရဲ့ “ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ကဗျာဟန်တကွက် ”

ဆောင်းပါး။ (စာပေအင်အား...စာအုပ်မှ )

3 months Ago
Up