မုဒိမ်းရာဇဝတ်ကောင်တွေကို ဓာတုဗေဒနည်းနဲ့ သင်းကွပ်မယ့် ဥပဒေတရပ် သူကိုယ်တိုင် အဆိုပြုမယ်လို့ ပီရူးသမ္မတ ပေဒရိုကက်စတီလိုက ဧပြီ ၁၈ ရက်မှာ ပြောလိုက်ပြီး အောက်လွှတ်တော်က ထောက်ခံဖို့ မျှော်လင့်တယ်လို့လည်း ပြောပါတယ်။
ချီကလာယိုမြို့မှာ ၃ နှစ်အရွယ် မိန်းကလေးတယောက် ပြန်ပေးဆွဲ အဓမ္မပြုကျင့်ခံရတဲ့ အမှုကြောင့် တနိုင်ငံလုံး တုန်လှုပ်ခဲ့အပြီး ခုလို ပြောလိုက်တာပါ။
ဧပြီ ၁၃ ရက်မှာ သုံးနှစ်သမီးကို ပြန်ပေးဆွဲ အဓမ္မပြုကျင့်တယ်လို့ စွပ်စွဲခံထားရတဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသားကို ချီကလာယိုမြို့က ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။
လမ်ဘာယေးကေး ဒေသန္တရရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ဖှာနန်ဒို ရီယို့စ်ဇာဗာလာကတော့ သံသယရှိသူဟာ သူ့ကားကို ရဲတွေက ရပ်ခိုင်းအပြီးမှာ မိန်းကလေးကို ပြန်ပေးဆွဲထားခဲ့ကြောင်း ရဲကို ဝန်ခံထားပြီးပြီလို့ ပြောခဲ့ပါတယ်။
လီမာမြို့တော်ရဲ့ လမ်းတွေပေါ်မှာ ဆန္ဒပြသူလူစုတွေ ဧပြီ ၁၇ ရက်က ချီတက်ခဲ့ကြပြီး ကလေးတွေကို မုဒိမ်းမကျင့်သင့်ဘူးလို့လည်း ကြွေးကြော်ခဲ့ကြကာ ကလေးအတွက် တရားမျှတမှုကို တောင်းဆိုခဲ့ပါတယ်။
ဒါတွေအားလုံး အဆုံးသတ်ဖို့ အစိုးရက ဘာမှမလုပ်နေတာကို ဘယ်လိုမှ မစဉ်းစားတတ်ဘူးလို့ ကလေးချီထားတဲ့ ဆန္ဒပြသူ အမျိုးသမီးက ဒေသခံမီဒီယာကို ပြောပါတယ်။