မကြာခင်ကျရောက်မယ့် သင်္ကြန်ပိတ်ရက်မှာ မြန်မာခရီးသွားတွေဟာ ထိုင်းနဲ့ အိန္ဒိယ ဗုဒ္ဓဂါယာ ခရီးစဉ်တို့ကို အသွားများပြီး ဗီယက်နမ်နဲ့ စင်ကာပူ စတဲ့နိုင်ငံတချို့ကိုလည်း သွားရောက်ကြတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
ကိုဗစ်အလွန် ဒီနှစ်မှာ ပထမဆုံး ပြန်ကျင်းပမယ့် ထိုင်းနိုင်ငံက ဆုန်ခရမ် ရေကစားပွဲတော်ကြီးကို မြန်မာခရီးသွားတွေ သောင်းဂဏန်းလောက် သွားရောက်ကြမယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဆီက သိရပါတယ်။
“ထိုင်းနိုင်ငံ ခရီးသွားတွေတော့ တော်တော်လေးများတယ်။ ထောင်ဂဏန်းကနေ သောင်းဂဏန်း ရှိတယ်။ တရက်တရက် လေယာဉ်တကြောင်းကို လူ ၁၅၀ လောက် ရန်ကုန်နဲ့ ဘန်ကောက်ကြားမှာ တနေ့ကို ၅ ကြောင်း၊ ၆ ကြောင်းလောက် ပြန်နေတော့ တနေ့ကို ခရီးသည် ၁,၀၀၀ ကျော်လောက် ထွက်နေတော့ သင်္ကြန်ကာလအတွင်းမှာကို ၅,၀၀၀၊ ၁၀,၀၀၀ လောက်က တောက်လျှောက်ထွက်နေမှာပါ။”
“ထိုင်းနိုင်ငံရဲ့သင်္ကြန်ကို ကြုံဖူးချင်တဲ့ မြန်မာခရီးသွားတွေ ရှိပါတယ်။ နောက်တခါ ပြည်တွင်းမှာ သင်္ကြန်အတွက်ကို သွားရတဲ့နေရာတွေက ရန်ကုန်၊ မန္တလေး နေရာလောက်ပဲ ရှိတော့ အဲဒီနေရာတွေမှာလည်း ပြည်တွင်းမှာ သင်္ကြန်ကာလအတွင်း မနေချင်ဘူး။ ပြည်ပမှာ ပိတ်ရက်ရှိတုန်း သွားချင်တဲ့သူတွေကတော့ ထိုင်းနိုင်ငံ သင်္ကြန်ကျတာကို ရွေးချယ်ဖို့ ရှိပါတယ်” လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် သင်္ကြန်ကာလတုန်းက နိုင်ငံတချို့မှာ ကိုဗစ်ကန့်သတ်ချက်တွေ ရှိခဲ့ပြီး နိုင်ငံတကာ လေကြောင်းလိုင်းတချို့လည်း ပိတ်ခဲ့တာကြောင့် ပြည်ပခရီးစဉ် သွားရောက်မှုတွေ အကန့်အသတ်နဲ့ ရှိခဲ့ပါတယ်။
ဒီနှစ်မှာတော့ ကိုဗစ်ကန့်သတ်ချက်တွေ ပြေလျော့သွားပြီး ထိုင်းနိုင်ငံမှာလည်း ကိုဗစ် စည်းကမ်းတချို့ ပယ်ဖျက်ပေးလိုက်တာကြောင့် ခရီးသွားတွေ သွားလာရ ပိုလွယ်ကူသွားပါတယ်။
သင်္ကြန်ပိတ်ရက်အတွင်း ထိုင်းနိုင်ငံ ဆုန်ခရမ်ပွဲတော်ကို လည်ဖို့ စီစဉ်နေတဲ့ မြန်မာခရီးသွား တယောက်ကတော့ မြန်မာနိုင်ငံမှာ လည်ဖို့ စိတ်မချရတဲ့ အခြေအနေတွေကြောင့် ထိုင်းကို လာလည်ဖို့ စီစဉ်ဖြစ်တာလို့ ပြောပါတယ်။
“ဒီနှစ် ထိုင်းသင်္ကြန်ကို လာလည်ရတဲ့ အကြောင်းကတော့ ကိုယ့်ပြည်တွင်းမှာလည်း လည်လို့ ပတ်လို့က စိတ်မချရဘူး။ ဘယ်ပဲသွားသွား လမ်းခရီးမှာဆိုရင်လည်း ပြဿနာ အနေအထားပေါ့။ ကားလမ်းပိတ်တာတွေလည်း ရှိနိုင်တယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေး အခြေအနေကြောင့်လည်း လည်လို့မကောင်းဘူး။ ပြည်တွင်းမှာ လည်ပတ်ဖို့က စိတ်မချရတဲ့ အခြေအနေရှိတယ်။ ဒါကြောင့်မို့ ပြည်တွင်းမှာမလည်ဘဲ တိုင်းပြည်နဲ့နီးတဲ့ ထိုင်းကို လာလည်ဖို့ စဉ်းစားတယ်။”
“ကျမတို့က တနှစ်လုံး အလုပ်လုပ်ရတော့ ပိတ်ရက်တော့ နားချင်တယ်။ ထိုင်းက သွားနေကျ လာနေကျဆိုတော့ စရိတ်စကက မြန်မာပြည်နဲ့ သိပ်မကွာဘူး။ ပြီးတော့ ဒီမှာလည်း ၃ နှစ်လောက်မှ ပြန်လုပ်တဲ့သင်္ကြန်ပေါ့။ ဆုန်ခရမ်ပွဲရှိတယ်။ ပျော်စရာကောင်းမယ်လို့ ထင်တယ်။ ဒါကြောင့်မို့ ထိုင်းမှာ သင်္ကြန်လည်ဖို့ စီစဉ်ထားတာပါ” လို့ ထိုင်း ဆုန်ခရမ်ပွဲတော် လည်ဖို့ စီစဉ်နေသူ မပိုးပိုးက ဒီဗွီဘီကို ပြောပါတယ်။
ကိုဗစ်မတိုင်ခင် ပုံမှန် သင်္ကြန်ကာလ ပိတ်ရက်ဆိုရင် ပြည်တွင်းမှာ ခရီးသွား ၁ သန်းနီးပါး ရှိပြီး ဒီနှစ်သင်္ကြန်မှာတော့ ခရီးသွား ၄ သိန်းကနေ ၅ သိန်းလောက် သွားကြမယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ခန့်မှန်းထားပါတယ်။
ဒီနှစ် သင်္ကြန်ပိတ်ရက်မှာတော့ မြန်မာနိုင်ငံကနေ Outbound ခရီးစဉ်အနေနဲ့ ထိုင်းနဲ့ အိန္ဒိယ အပါအဝင် ဗီယက်နမ်၊ စင်ကာပူ စတဲ့နိုင်ငံတချို့ကို ခရီးသွား ၂၀,၀၀၀ ကျော်လောက် သွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။
ထိုင်းနိုင်ငံကို ဆိုက်ရောက်ဗီဇာနဲ့ ဝင်ရောက်လို့ရတဲ့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတော်တော်များများက ခရီးသွားတွေကို အရင် ၄၅ ရက် နေထိုင်ခွင့်ပေးတာကနေ အခု ဧပြီ ၁ ရက်နေ့ကစပြီး ၁၄ ရက်ပဲ ခွင့်ပြုပေမဲ့လည်း သင်္ကြန်လည်ဖို့အတွက်တော့ လုံလောက်တယ်လို့ ဆိုပါတယ်။
လာမယ့် သင်္ကြန်ကာလအတွက် နေရပ်ပြန်မယ့်သူတွေ ကားလက်မှတ်တွေ ဝယ်ရခက်ခဲနေသလို ရထားနဲ့ ပြန်မယ့် ခရီးသည်တွေအတွက်လည်း ဧပြီ ၉ ရက်၊ ၁၀ ရက်နေ့တွေမှာ ရထား ခရီးစဉ်တွေ ထွက်မထွက် မသေချာသေးတာကြောင့် လက်မှတ်ဝယ်လို့ မရမှာ စိုးရိမ်ပူပန်နေကြပါတယ်။
သင်္ကြန်ပိတ်ရက် နယ်ပြန်ဖို့ ရထားလက်မှတ် စုံစမ်းခဲ့သူ တစ်ယောက်ကတော့ နှစ်စဉ် အခါကြီး ရက်ကြီးတွေမှာ ရထားလက်မှတ် ဝယ်ယူရခက်ခဲပြီး မှောင်ခိုလက်မှတ်တွေကို စျေးကြီးကြီး ပေးဝယ်ရတဲ့ အခြေအနေရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
ရန်ကုန်-မန္တလေး ခရီးသည် ကိုပြည့်စုံက "လောလောဆယ်တော့ နယ်ပြန်ဖို့အတွက် ကားကော ရထားကော လက်မှတ်တွေ ဝယ်ဖို့ အခက်အခဲ ဖြစ်နေတယ်။ ဒီနှစ်လည်း တန်းစီပြီး ဝယ်မယ် ပြောရတယ်။ အရင်နှစ်တွေတုန်းကလည်း သင်္ကြန်ပိတ်ရက်အတွက်ဆို တန်းစီပြီး သွားဝယ်တယ်။ လူတွေက အများကြီး တန်းစီနေရတာ ဆိုတော့ မရတာ များတယ်။ မှောင်ခိုလက်မှတ်တွေ ဖြစ်သွားတာများတယ်။ အကုန်လုံး ကုန်သွားတယ်ချည်း ပြောတယ်။ ဘယ်တုန်းကမှ ရထားလက်မှတ်တွေဆို ၃ ရက် ကြိုဝယ်လည်း မရဘူး။ ၁ ရက် ကြိုဝယ်လည်း မရဘူး။ အခါကြီး ရက်ကြီးတွေဆို ဖြစ်နေကျ ပုံစံပေါ့။ ဒီနှစ်တော့ သေချာတော့ မသိသေးဘူး။ စောင့်ကြည့်ရမယ်။ အကြီးမားဆုံး အခက်အခဲက လက်မှတ်တွေ လွယ်လွယ်ကူကူ ဝယ်လို့ မရတာပေါ့"လို့ ပြောပါတယ်။
မြန်မာ့ မီးရထားကတော့ သင်္ကြန်ပိတ်ရက် မတိုင်ခင် ဧပြီ ၇ ရက်နဲ့ ၈ ရက်နေ့တို့မှာ ရန်ကုန်-မန္တလေး၊ ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည် စတဲ့ ခရီးစဉ်တွေကို အထူး ပြေးဆွဲသွားမယ်လို့ သိရပါတယ်။
သင်္ကြန်အထူးရထား လက်မှတ်တွေကို ပုံမှန်စျေးနှုန်း အတိုင်းသာ ရောင်းချသွားမှာဖြစ်ပြီး မှတ်ပုံတင် မူရင်းနဲ့ လူတစ်ယောက်ကို လက်မှတ် ၃ စောင် လာရောက် ဝယ်ယူနိုင်တယ်လို့ မြန်မာ့မီးရထား ရန်ကုန်ဘူတာကြီး လက်မှတ်ရောင်းဌာနဆီက သိရပါတယ်။
ရန်ကုန်ဘူတာကြီး လက်မှတ် အရောင်းဌာနမှ ဝန်ထမ်းတစ်ဦးက"သင်္ကြန်တွင်းက ၈ ရက်နေ့ကျရင် အထူး ၄ စီး ထွက်ပေးမယ်။ အထက်တန်းဆို ၃ ရက် ကြိုတင် ဝယ်ရမယ်။ ရိုးရိုးတန်းဆို ၁ ရက် ကြိုဝယ်ရမယ်။ နိုင်ငံသား မှတ်ပုံတင် မရှိရင် မရဘူး။ တဦးကို ၃ စောင် ရောင်းပေးတယ်။ ရထားက ခရီးသည်သွားနှုန်းများရင် ထပ်ပြီး တိုးချင် တိုးပေးနိုင်တယ်။ ခရီးသည် သွားနှုန်း နည်းရင် ရထားက ပြန်ဖျက်သိမ်းနိုင်တယ်။ သင်္ကြန်တွင်းမို့လို့ တက်တယ် မရှိဘူး။ ကိုယ်က စောစောလာမှ တန်းစီ ရှေ့ရောက်မှာ။ တဦးကို ၃ စောင် ရောင်းပေးတဲ့အတွက် လက်မှတ်တွေကုန်တာ မြန်တယ်"လို့ ပြောပါတယ်။
ရထားလက်မှတ်ခ စျေးနှုန်းအနေနဲ့ ရန်ကုန်-မန္တလေး အထက်တန်းခ ၁၆၀၀၀ ကျပ်၊ ရိုးရိုးတန်း ၈၀၀၀ ကျပ်၊ ရန်ကုန်-မော်လမြိုင် အထက်တန်း ၈၀၀၀ ကျပ်၊ ရိုးရိုးတန်း ၄၀၀၀ ကျပ်နဲ့ ရန်ကုန်-ပြည် အထက်တန်း ရထားလက်မှတ် ၇၀၀၀ ကျပ်စတဲ့ စျေးနှုန်း အစားစား ရှိပါတယ်။
ပုံမှန်ရက်တွေဆို ရထားလက်မှတ် ဝယ်ရတာ အခက်အခဲ မရှိပေမယ့် သင်္ကြန်ပိတ်ရက်တွေမှာတော့ လက်မှတ်ရဖို့ မသေချာဘူးလို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။
ရန်ကုန်- မော်လမြိုင် ခရီးသည် မပိုးအိက "တနှစ်လုံးမှာဆိုရင် ရထားလက်မှတ် ဝယ်ရတာ အခါကြီးရက်ကြီး မဟုတ်တဲ့ ဒီပြင် အချိန်တွေဆို အဆင်ပြေတယ်။ ဘယ်ချိန်ပဲသွားသွား အဆင်ပြေတယ်။ အဲ့လိုမျိုး သင်္ကြန်ကာလဆို အဆင်မပြေဘူး။ သင်္ကြန်ကာလမှ ရထား လက်မှတ်ရဖို့ ကြိုဝယ်ရသလို မှောင်ခို ရောင်းတဲ့သူနဲ့ အဆက်အသွယ် ရှိတယ်။ ရထားလက်မှတ် မှောင်ခိုရောင်းတာ တခြားသူ မဟုတ်ဘူး။ ရထား ဝန်ထမ်းတွေပဲ၊ ရထားဝန်ထမ်းတွေက တချို့ လက်မှတ်တွေကို အရောင်းပြတယ်။ အမြဲလက်မှတ် ကုန်သွားပြီလို့ ပြတယ်။ တကယ် တန်းစီရင် ခက်ခဲတယ် မရတတ်ဘူး။ အဲ့တော့ မှောင်ခို ချိတ်ဆက်ပြီး ဝယ်ရတယ်။ နှစ်တိုင်းကတော့ အခက်အခဲ ရှိတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က မြန်မာ့မီးရထားဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ လူစီးအမြန်ရထား အစင်း ၄၀၊ စာပို့ရထား ၅၂ စင်း၊ ကုန်တင်ရထား ၄၈ စင်း၊ ခရီးတို ရထား ၁၆ စင်း၊ ခရီးဝေး ရထား စုစုပေါင်း ၁၅၆ စင်းနဲ့ ရန်ကုန်မြို့ပတ် ရထားတွေကို တွဲဆိုင်း ၂၁ ဆိုင်းနဲ့ နေ့စဉ် ခေါက်ရေ ၁၆၀ ကျော် ပြေးဆွဲခဲ့ပါတယ်။
စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာ့မီးရထားဟာ CDM ဝန်ထမ်း အင်အားအများဆုံးနဲ့ အာဏာရှင်ကို တော်လှန်ခဲ့ကြပြီး၊ အာဏာသိမ်းပြီး ၂ နှစ်ကျော် ကြာတဲ့အထိ မီးရထားလုပ်ငန်းကို စစ်ကောင်စီက အောင်အောင်မြင်မြင် မလည်ပတ်နိုင်သေးပါဘူး။
ဇွဲသစ်