close

သင်္ကြန်မဏ္ဍပ်

close

April 15, 2023

အင်္ဂပူမြို့ သင်္ကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်သား ၃ ဦးဒဏ်ရာရ

ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့ သင်္ကြန်မဏ္ဍပ်မှာ ဧပြီ ၁၅ ရက်နေ့ (သင်္ကြန်အကြပ်နေ့) မနက်အစောပိုင်းက ဗုံးပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီ တပ်သား ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ပြုလုပ်ထားတဲ့ ပညာရေးမှူးရုံးရှေ့ သင်္ကြန်မဏ္ဍပ်မှာ မနက်အစောပိုင်း ဗုံးတွေရှိတာကြောင့် တောင်းနဲ့အုပ်ထားပြီး သတင်းပို့နေချိန်မှာ ဗုံးကွဲခဲ့တာလို့ ဆိုပါတယ်။ 

“မနက်အစောကြီးထပေါက်တာ၊ ဘယ်သူမှာမရှိသေးဘူး။ သူတို့တွေပဲရှိတဲ့ အချိန်ပေါက်တာ၊ စစ်သား ၁ ဦးနဲ့ ရဲ ၂ ဦးတော့ အစတွေမှန်သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ဒဏ်ရာရရှိတဲ့သူတွေကို ဆေးရုံတင်ကားနဲ့ သယ်ဆောင်သွားသလို မဏ္ဍပ်တဝိုက်ကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့ မဏ္ဍပ်မှာ မနက်ပိုင်း ဆက်ဖွင့်ပေးပေမယ့် လာရောက်ရေကစားတဲ့သူ အနည်းငယ်သာ ရှိတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကပြုလုပ်တဲ့ သင်္ကြန်မဏ္ဍပ်ဗုံးခွဲမှုကို ရဲနဲ့ စစ်သားတွေရှိနေချိန်မှာ ဖောက်ခွဲခဲ့တာလို့ အင်္ဂပူမြို့နယ်ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။

14 hours Ago

သံဖြူဇရပ် သင်္ကြန်မဏ္ဍပ်များအနီး မိုင်းခွဲသတိပေး၊ ရေးမြို့တွင် Mytel တိုင် ဖျက်ဆီးခံရ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်  သင်္ကြန်မဏ္ဍပ်တွေအနီးမှာ ဧပြီ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့က မိုင်း၂ လုံးခွဲပြီး သတိပေးလိုက်တယ်လို့ ပျံလွှာအထူးတပ်ဖွဲ့က ပြောပါတယ်။

မနက် ၁၁ နာရီ ကျော်က သံဖြူဇရပ်မြို့ ဓနသဟာရစစ်သင်္ချိုင်းရှေ့ သင်္ကြန်မဏ္ဍပ်အနီး မိုင်း ၁ လုံးခွဲပြီး သတိပေးခဲ့သလို ဖြစ်စဥ်အပြီးမှာ လူငယ် ၃ ယောက်ကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “မိုင်းပေါက်ကွဲအပြီးမှာ သင်္ကြန်ရေကစားသူတွေရော၊ ယိမ်းအကတွေပါ မကတော့ဘဲ ရပ်နားသွားကြပြီး ဘယ်သူ့မှ ရေဆက်မကစားကြရဲဘူး” လို့ ပြောပါတယ်။

အကျနေ့ည ၇ နာရီလောက်ကလည်း လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ သံဖြူဇရပ်မြို့လယ်က ဗဟိုဏ္ဍပ်အနီးရှိ ကိုက် ၁၀၀ အတွင်းမှာ ယိမ်းကနေစဥ် မိုင်းခွဲခဲ့တယ်လို့ ပျံလွှာအထူးတပ်ဖွဲ့က ပြောပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ စစ်ကောင်စီရဲ့သင်္ကြန်ကို ပြည်သူတွေကို ဆန့်ကျင်သပိတ်မှောက်ထားကြဖို့ သတိပေးထားတာကြောင့် စစ်ကောင်စီ ရေကစားမဏ္ဍပ်တွေမှာ ရေကစားသူတွေအနေနဲ့ ထိခိုက်ပျက်စီးမှုရှိခဲ့ပါက တာဝန်ယူသွားမှာမဟုတ်ဘူးလို့ တော်လှန်ရေးအဖွဲ့တွေက ပြောထားပါတယ်။

အခုသံဖြူဇရပ်ရေးကစားမဏ္ဍပ်တွေကို မိုင်းခွဲသတိပေးခဲ့တာဟာ ပျံလွှာအထူးတပ်ဖွဲ့ နဲ့ မိုင်းနှင့် လက်နက်ထုတ်လုပ်ရေးပူးပေါင်းအဖွဲ့တွေက ပူးပေါင်းလုပ်ခဲ့တာလို့ ဆိုပါတယ်။

တော်လှန်သကြင်္န် အကျနေ့ ည ၆ နာရီ မိနစ် ၅၀ လောက်မှာလည်း ရေးမြို့နယ် ကျောက်မိချောင်းကျေးရွာ (တောင်) နဲ့ ကျုံလောင်းရွာဟောင်းအကြားရှိ ဖက်ဆစ်တပ်စီးပွားရေးထောက်တိုင် Mytel တာဝါတိုင်အား ရေးမြို့ ပြည်သူ့ကာကွယ်ရေး YSTF က ဖျက်ဆီးလိုက်တယ်လို့ YSTF ခေါင်းဆောင် စောသာစေးက ပြောပါတယ်။

“စစ်တပ်အပိုင် စီးပွားရေးလုပ်ငန်းတွေကို ဒီနွေဦး‌တော်လှန်ရေးကာလမှာသာ မဖြိုချနိုင်ရင် နောက်ဘယ်တော့မှ စစ်အာဏာရှင်ကို တွန်းလှန်နိုင်မှာမဟုတ်တော့ဘူး၊ ဒါကြောင့် သူတို့ရဲ့ ပင်မအသက်သွေးကြောစီးပွားရေး လုပ်ငန်းမှန်သမျှကို အခြားအခြားသော တော်လှန်ရေး အင်အားစုတွေက နည်းအမျိုးမျိုးနဲ့ ဖြိုချပစ်ဖို့လိုတယ်။” 

ရေးမြို့နယ်မှာ စစ်အုပ်စုရဲ့ ဝင်ငွေကို ပိတ်ဆို့တဲ့အနေနဲ့ မိုင်တဲလ်တာဝါတိုင် အနည်းဆုံး ၅ ခုလောက် ဖျက်ဆီးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

မြန်မာတနိုင်ငံလုံးမှာ အာဏာသိမ်းပြီးကတည်းကစပြီး စစ်အုပ်စုရဲ့ မိုင်တဲလ်တာဝါတိုင်တွေ ဖျက်ဆီးခံထားရတာ ဒီနေ့အထိ  ၂၀၀၀ ကျော် ရှိပြီလို့ သိရပါတယ်။

17 hours Ago

April 13, 2023

မကွေးမြို့ စစ်ကောင်စီသင်္ကြန်မဏ္ဍပ် ရေပက်ခံသူမရှိ

မကွေးတိုင်းမြို့တော် မကွေးမြို့မှာ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့က စစ်ကောင်စီကဦးစီးကျင်းပနေတဲ့ ရေကစား မဏ္ဍပ်မှာ ရေပက်ခံသူမရှိဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မကွေးမြို့ ကမ်းနားလမ်းမှာဆောက်လုပ်ထားတဲ့  သင်္ကြန်မဏ္ဍပ်ကို စစ်ကောင်စီက ဒီနေ့မနက်မှာ ဖွင့်ပွဲပြုလုပ်ခဲ့ပေမဲ့   ရေပက်ခံသူမရှိဘူးလို့ မကွေးမြို့ဒေသခံတယောက်က ပြောပါတယ်။

“မဏ္ဍပ်တွေကတော့ ကမ်းနားလမ်းမှာထိုးထားတာ။ ရပ်ကွက် ၁ တခုကို ယိမ်းအဖွဲ့တဖွဲ့စီ ထွက်ရပြီး အဲဒီယိမ်းအဖွဲ့တွေက ရှိသမျှ မဏ္ဍပ်တွေမှာ လိုက်ကရတယ်။ ဒီမနက်ဖွင့်ပွဲမှာတော့ မကွေးတိုင်းစစ်ကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အကအဖွဲ့တွေသာတွေ့ရပြီး ရေပက်ခံသူလုံးဝမရှိတာကြောင့် ကတ္တရာလမ်းကိုပဲ ရေပက်နေတာတွေ့ရတယ်။”

လူငယ်လူရွယ်တချို့ကတော့ မဏ္ဍပ်တွေကိုမသွားဘဲ မြို့ထဲ ရပ်ကွက်ထဲတွေမှာ ဆိုင်ကယ်တွေနဲ့ လည်ပတ်တာတွေတော့ ရှိပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ကန့်ဘလူမြို့နယ် ပဇီကြီးရွာ (လေကြောင်းတိုက်ခိုက်မှု) ကိစ္စလည်းပါမှာပေါ့။ မကွေးမှာ သင်္ကြန်အနေနဲ့လည်ရင် Boycott အလုပ်ခံရမှာလည်း ကြောက်ကြတယ်။ ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားလို့ သင်္ကြန်မဏ္ဍပ်တွေမှာ ဗုံးပေါက်ကွဲတာတွေဖြစ်မှာကြောက်တာကြောင့် ရေပက်ခံမထွက်ကြတာ” လို့ မြို့ခံတယောက်က ပြောပါတယ်။

အခုနှစ်သင်္ကြန်ဟာ   တော်လှန်သင်္ကြန်ဖြစ်တာကြောင့် စစ်ကောင်စီကကျင်းပတဲ့ အတုယောင် သင်္ကြန်နဲ့ သူတို့ရဲ့ မဏ္ဍပ်တွေမှာရေပက်ခံမထွက်ကြဖို့နဲ့ မပျော်ပါးကြဖို့ မကွေးတိုင်းအတွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

3 days Ago
Up