close

သင်္ကြန်အကျနေ့

close

April 14, 2022

သင်္ကြန်မဏ္ဍပ်သို့သွားသည့် မန္တလေးကွန်ပျူတာတက္ကသိုလ်မှ ကား ၁ စီး ဗုံးပစ်ခံရ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကုလားမတောင်ကျေးရွာအနီး မန္တလေး-မတ္တရာလမ်းမှာ စစ်ကောင်စီ သင်္ကြန်မဏ္ဍပ်ကိုသွားတဲ့ မန္တလေးကွန်ပျူတာတက္ကသိုလ်မှ ဆရာနဲ့ ကျောင်းသားတွေ လိုက်ပါလာတဲ့ ကားတစီး ဧပြီ ၁၄ ရက် မနက် ၇ နာရီက ဗုံးနဲ့ ပစ်ခံခဲ့ရပါတယ်။

ဒီကားဟာ မန္တလေးကွန်ပျူတာတက္ကသိုလ် (ဒဟတ္တော) က ဖြစ်ပြီး ပါမောက္ခချုပ် ဒေါက်တာခင်သန္တာစိုး ဦးဆောင်ကာ ဆရာ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ၊ ဝန်ထမ်း စုစုပေါင်း ၄၃ ဦး ပါဝင်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“လူ အထိအခိုက်တော့ မရှိဘူး။ ကားတော့ ထိခိုက်သွားတယ်။ ဗုံးပေါက်ပြီး မကြာဘူး စစ်သားတွေ ရောက်လာတယ်။ ကြာနီကန်ရွာနားလည်း ပိတ်စစ်နေတာ” လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတဦးက ပြောပါတယ်။

မန္တလေး ကွန်ပျူတာတက္ကသိုလ်က ကားဟာ ၂၆ ဘီလမ်း၊ ၆၈ လမ်းထောင့်ရှိ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန မဏ္ဍပ်မှာ ရေကစားဖို့ သွားရောက်တာဖြစ်တယ်လို့ သိရပါတယ်။

2 mins Ago

April 8, 2022

သင်္ကြန်အကျနေ့ အသံတိတ်သပိတ်တွင် ပူးပေါင်းပါဝင်ကြရန် ထားဝယ်ခရိုင် သပိတ်ကော်မတီ တိုက်တွန်း

စစ်ကောင်စီကပြုလုပ်မယ့် သင်္ကြန်ပွဲတော်ကို ဆန့်ကျင် သပိတ်မှောက်တဲ့အနေနဲ့ ထားဝယ်ခရိုင်အတွင်း ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့မှာ အသံတိတ်သပိတ်ပြုလုပ်မှာဖြစ်ပြီး ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ ဒီမိုကရေစီအေရး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) က တိုက်တွန်းထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီက တဖက်မှာ ကလေးငယ်တွေပါမချန် အပြစ်မဲ့ပြည်သူ အများအပြားကို ဖမ်းဆီးသတ်ဖြတ်နေပြီး တဖက်က သင်္ကြန်ပွဲတော် ကျင်းပတာဟာ သူတို့ရဲ့လက်အောက်မှာ ပြည်သူတွေ ငြိမ်ဝပ်ပိပြားနေပြီဖြစ်ကြောင်း ပြသဖို့ လိမ်လည်လှည့်ဖြားမှုသာဖြစ်တယ်လို့  သပိတ် ကော်မတီက ဆိုပါတယ်။

တော်လှန်ရေး‌ရေလှိုင်းကို အရှိန်ကျသွားစေဖို့ အတုအယောင် ပျော်ရွှင်မှုတွေနဲ့ အစားထိုး လှည့်ဖြားမှုသာ ဖြစ်တဲ့အတွက် အခုလိုမျိုး အသံတိတ်သပိတ်ပြုလုပ်ကာ ဆန့်ကျင်သပိတ်မှောက်ဖို့လည်း တိုက်တွန်းထားပါတယ်။

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တဦးက "အခု သင်္ကြန်ကာလဟာ အသံတိတ်သပိတ်လုပ်ဖို့ အသင့်တော်ဆုံးအချိန်ပဲ။ စစ်ကောင်စီက အတုအယောင် သင်္ကြန်ပွဲတော် လုပ်ပေးပြီး လူတွေကို လမ်းပေါ်ဆွဲထုတ်ဖို့ ကြိုးစားတယ်။ ကျနော်တို့က လမ်းပေါ်မထွက်ဘဲ အိမ်မှာနေပြီး သပိတ်မှောက်မယ်။ အဲ့ကျ သူတို့ကြိုးပမ်းမှုတွေ အလဟဿဖြစ်ကုန်မယ်။ ဒါကြောင့် ထားဝယ်ခရိုင်အတွင်းက ပြည်သူတွေ အသံတိတ်သပိတ်မှာ ပါဝင်ပေးကြပါ" လို့ ပြောပါတယ်။

ထားဝယ်ခရိုင် အသံတိတ်သပိတ်ကို ဧပြီ ၁၄ ရက်၊ သင်္ကြန်အကျနေ့မှာ မနက် ၉ နာရီကနေ နေ့လယ် ၂ နာရီအထိ ပြုလုပ်မှာဖြစ်ပြီး အဆိုပါ အချိန်အတောအတွင်း နေအိမ်ပြင်ပ မထွက်ဘဲ အသံတိတ်သပိတ်မှာ ပါဝင်ပေးကြဖို့ ထားဝယ်ခရိုင် သပိတ်ကော်မတီက တိုက်တွန်းထားပါတယ်။

အခုပြုလုပ်မယ့် အသံတိတ်သပိတ်ဟာ အရင် အသံတိတ်သပိတ်တွေ လုပ်ခဲ့တုန်းကလို တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်တာမျိုးမဟုတ်ဘဲ ထားဝယ်ခရိုင်တခုတည်းမှာသာ ပြုလုပ်တာ ဖြစ်ပါတယ်။

ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်ကာ သင်္ကြန်ပွဲတော်ကျင်းပဖို့ ကြိုးပမ်းနေပြီး ထားဝယ်ခရိုင် သပိတ်ကော်မတီ အပါအဝင် တော်လှန်ရေးအင်အားစု အသီးသီးကလည်း ပြည်သူတွေအနေနဲ့ စစ်ကောင်စီကပြုလုပ်တဲ့ သင်္ကြန်ပွဲတော်မှာ မပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

6 days Ago
Up