ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အဝင် မုဒ်ဦးအနီး၊ ရန်တိုင်အောင်ဗဟိုမဏ္ဍပ်ရဲ့ မလှမ်းမကမ်းရှိ ယာဉ်ရပ်နားရာနေရာမှာ ဧပြီ ၁၃ ရက် ဒီကနေ့ နေလယ်ပိုင်း သင်္ကြန်အကြိုနေ့မှာ ဗုံးပေါက်ကွဲပြီး အနည်းဆုံး လူ ၄ ဦးသေဆုံးကာ ၁၀ ဦးဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်သူတွေ လုပ်ဆောင်တယ် ထိခိုက်ဒဏ်ရာရသူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာတော့ လတ်တလော အတည်မပြုနိုင်သေးပါဘူး။
လားရှိုးမြို့ဟာ စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာမြို့ဖြစ်ပြီး အာဏာသိမ်းပြီးကတည်းက မြို့ဝင် မြို့ထွက်တွေအပြင် မြို့တွင်းလုံခြုံရေးကိုလည်း အထူးတင်းကျပ်ထားတဲ့ မြို့ဖြစ်ပါတယ်။
အခုနှစ်မှာကျရောက်တဲ့ မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို စည်ကားအောင်ကျင်းပဖို့ အာဏာသိမ်းစစ်ကောင်စီက နည်းလမ်းပေါင်းစုံနဲ့စီစဉ်ထားပြီး မဏ္ဍပ်တွေကိုလည်း ပိုမိုတည်ဆောက်ပေးထားပေမဲ့ အဲ့ဒီမဏ္ဍပ်တွေမှာ ရေကစားသူတွေ နည်းပါးနေတယ်လို့ မြိုခံတွေထံက သိရပါတယ်။
ဒီကနေ့ သင်္ကြန်အကြိုနေ့မှာ အရင်နှစ်တွေကလို ရန်ကုန်မြို့လမ်းမတွေပေါ်မှာ စည်ကားတာမရှိပဲ ရေပက်ခံထွက်တဲ့ကားတွေနဲ့ ပုဂ္ဂလိက ရေကစားမဏ္ဍပ်တွေကလည်း နည်းပါးတာတွေ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့မှာတော့ စစ်ကောင်စီငှားရမ်းထားတဲ့ ငါးထောင်စားတွေက အရင်နှစ်တွေတုန်းကလို့ပဲ မြို့တော်ခန်းမကို အကြိမ်ကြိမ်ပတ်ပြီး ရေပက်ခံနေတာတွေ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက သင်္ကြန်ကိုစည်ကားအောင် စီးပွားရေးသမားတွေထံကနေ အဓမ္မငွေကြေး ကောက်ခံကာပြုလုပ်ခဲ့ပေမယ့် ပြည်သူတွေပူးပေါင်းပါဝင်တာမရှိတဲ့အတွက် ရန်ကုန်မြို့ဟာ အသံတိတ်သပိတ်ပြုလုပ်နေသလိုပဲလို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။
စစ်ကောင်စီကတော့ လူပိုစည်အောင် မြို့တော်ခန်းမကို ဝန်ထမ်းတွေမလာမနေရအမိန့်ထုတ်ပြီး ဝန်ထမ်းကြိုပို့ယာဉ်တွေနဲ့ လိုက်လံပို့ဆောင်ပေးတယ်လို့သိရပါတယ်။
ပြည်သူ့ရင်ပြင်မှာတော့ ဒီကနေ့မနက် ၉ နာရီမှာ Royal Apex ရေကစားမဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကို ကျင်းပခဲ့ပေမဲ့ ရေကစားသူတွေ အနည်းအကျဉ်းပဲ မြင်တွေ့ရပါတယ်။
ပြည်သူ့ရင်ပြင်ထဲမှာ ရေကစားမဏ္ဍပ် ၁၁ ခု ဆောက်လုပ်ထားပြီး လုံခြုံရေးတွေကိုလည်း အများအပြား တင်းကျပ်ချထားကာ ဒီမဏ္ဍပ်တွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထိုင်ခဲ့တဲ့ လွှတ်တော်ရုံးအတွင်းမှာ စစ်ကောင်စီက တိုက်ရိုက်ကိုင်တွယ်နေတာဖြစ်ပါတယ်။
အရင်က စည်ကားခဲ့ဖူးတဲ့ ကမာရွတ် လှည်တန်းနေရာတွေမှာလည်း သင်္ကြန် ရေကစားသူတွေ မရှိဘဲ ရှင်းလင်းနေတာကို တွေ့ရပါတယ်။
သာကေတ ၊ ဒေါပုံစတဲ့ မြို့နယ်တွေမှာလည်း လမ်းထဲက ကလေးငယ်တချို့ ရေပက်ကစားကြတာကလွဲလို့ သင်္ကြန်ပွဲ စည်ကားခြင်းမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။
သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်က ညောင်ဦးမြို့နဲ့ နွားထိုးကြီးမြို့တွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး ပခုက္ကူမြို့မှာလည်း မပေါက်ကွဲသေးတဲ့ မိုင်း ၃ လုံး တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးနဲ့ နွားထိုးကြီးမြို့တို့မှာ သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်က ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
"ညောင်ဦးမြို့က ယာဉ်ထိန်းရုံးမှာ ဧပြီ ၁၃ ရက် ညနေ ၅ နာရီခွဲလောက်က လက်လုပ်ဗုံး ပေါက်ကွဲတာ၊ လူထိခိုက်တာတော့ မရှိဘူး" လို့ မြို့ခံတဦးက ပြောပါတယ်။
အလားတူ မြင်းခြံခရိုင် နွားထိုးကြီးမြို့ပေါ်မှာလည်း သင်္ကြန်အကြိုနေ့က နှစ်ကြိမ် ဗုံးသုံးလုံး ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
“နေ့လယ် ၃ နာရီလောက်က ဗုံးပေါက်သံ ၂ သံ ကြားရတယ်။ ညနေ ၆ နာရီလောက် ၁ ခါကြားတယ်။ အသံဗုံး ၃ လုံးကွဲတာ။ အိမ်ပြင်မထွက်တော့ နေရာအတိအကျတော့ မသိဘူး” လို့ မြို့ခံတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ရှိမရှိ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။
နွားထိုးကြီးမြို့ထဲ ၁၅ မိနစ်အတွင်း ဗုံးခွဲမယ်လို့ နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ပို့စ်တင်ပြီး မကြာခင် ဗုံး ၂ လုံး ကွဲတာပါ။
“ဗုံးပေါက်ကွဲပြီးတော့လည်း မိုင်းများစွာ ကျန်သေးတယ်။ မိမိအသက်ကို နှမြောရင် အိမ်ပြင်မထွက်ကြပါနဲ့” လို့ သတိပေးထားပါတယ်။
သင်္ကြန်ကာလအတွင်း ပါဝင်ရေကစားခြင်းမပြုဖို့၊ ဒေသတွင်း mission တွေ ပြုလုပ်သွားမှာဖြစ်လို့ တတ်နိုင်သလောက် အိမ်ထဲမှာပဲနေဖို့ ညောင်ဦးမြို့နယ်နဲ့ နွာထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြည်သူတွေကို အသိပေးစာ ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မကွေးတိုင်း ပခုက္ကူမြို့မှာလည်း ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ မနက်ပိုင်းက ပခုက္ကူမြို့ရဲ့ အရှေ့မြောက် ၃ မိုင်အကွာမှာရှိတဲ့ စက်မှုအထက်တန်းကျောင်းဝန်းရှေ့ ပခုက္ကူ-ရေစကြို ကားလမ်းမ အရှေ့ဘက်မှာ မပေါက်ကွဲသေးတဲ့ မိုင်း ၃ လုံး တွေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"မိုင်းက ဖောက်ခွဲဖို့ ပြင်ထားတာ မဟုတ်ဘူး၊ ထောင်ထားတဲ့အဆင့်ပဲ ရှိသေးတာ၊ မိုင်းက အသက်မသွင်းရသေးဘူး။ ဖောက်ဖို့ဆို သူတို့လွယ်လွယ် သိမ်းနိုင်မှာမဟုတ်ဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
ပခုက္ကူ-ရေစကြိုကားလမ်း မြို့သစ်မြို့ရှောင်လမ်းဆုံမှာ သင်္ကြန်အကြိုနေ့က ဒေသခံမဟာမိတ် PDF ပူးပေါင်းတပ်နဲ့ ပျူစောထီးတို့ တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။
"ဒေသခံ PDF အဖွဲ့က မိုင်းထောင်ဖို့သွားတာ၊ ပျူစောထီး အယောက် ၂၀ လောက်နဲ့ ကင်းပတ်တာနဲ့ ကြုံတာ၊ ၅ မိနစ်လောက် အပြန်အလှန် ပစ်ခတ်ကြတယ်” လို့ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ပျူစောထီးအဖွဲ့နဲ့ ဒေသခံမဟာမိတ် PDF ပူးပေါင်းတပ်တို့ ပစ်ခတ်မှုဖြစ်ရာမှာ ပျူစောထီးဘက်က ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မပေါက်ကွဲသေးတဲ့ မိုင်းတွေက ဖောက်ခွဲဖို့ ပြင်ထားတဲ့ဟာတွေ မဟုတ်ဘဲ ထောင်ထားတဲ့အဆင့်မှာသာ ရှိသေးတာကြောင့် စစ်ကောင်စီတပ်က မိုင်း ၃ လုံးကို သိမ်းသွားတယ်လို့ ဆိုပါတယ်။