မြန်မာ့နှစ်သစ်ကူး သင်္ကြန်မတိုင်ခင်ကတည်းက တောက်လျှောက်မြင့်တက်နေတဲ့ ပြည်တွင်းဆန်ဈေးနှုန်းတွေဟာ အခုသင်္ကြန်အပြီးကာလမှာလည်း ဈေးကွက်ထဲ ဆန်အဝင်နည်းပြီး ဈေးထပ်မံ မြင့်တက်လာပါတယ်။
ဆန်စျေးနှုန်းတွေဟာ အမျိုးအစားပေါ်လိုက်ပြီး သင်္ကြန်မတိုင်ခင်ဈေးထက် ဆန်တအိတ်ကို ကျပ် ၁,၀၀၀ ကနေ ၄,၀၀၀ ဝန်းကျင်ထိ မြင့်တက်လာတယ်လို့ ဆန်အရောင်းအဝယ် ဈေးကွက်ကနေ သိရပါတယ်။
ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတဦးက “ဆန်စျေးထပ်တက်ပါတယ်။ သင်္ကြန်မတိုင်ခင်ဈေးထက် ဆန်တအိတ်ကို ၁,၀၀၀ ဝန်းကျင် ဈေးတက်တယ်” လို့ ပြောပါတယ်။
သင်္ကြန်ပိတ်ရက်ရှည်ကာလအတွင်း ဆန်စက်လုပ်ငန်းအများစုက စပါးကြိတ်ခွဲထုတ်လုပ်မှုတွေ ရပ်နားထားကြပြီး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းအများစုလည်း ရပ်နားထားတာကြောင့် ရန်ကုန်ဈေးကွက်ထဲကို ဆန်အဝင်နည်းပြီး ဈေးထပ်မံ မြင့်တက်လာတာဖြစ်တယ်လို့ ရန်ကုန် ဆန်ကုန်သည်တချို့က သုံးသပ်ကြပါတယ်။
“ရန်ကုန်ကို ဆန်အဝင်နည်းနေသေးလို့ ဈေးနည်းနည်းတက်လာတာ။ အရောင်းအဝယ်ကတော့ အေးတယ်” လို့ ရန်ကုန်အခြေစိုက် ဆန်ကုန်သည်တဦးက ပြောပါတယ်။
သင်္ကြန်တွင်း ဘဏ်ပိတ်ရက်တွေကြောင့် ဆန်စပါးအရောင်းအဝယ်တွေ အေးနေခဲ့ပေမဲ့လည်း သင်္ကြန်အပြီးကာလမှာ ဆန်ရော စပါးဈေးပါ ထပ်မံမြင့်တက်လာတာပါ။
ရန်ကုန်၊ ဝါးတန်းဆန်ကုန်စည်ဒိုင်စျေးကွက်မှာ ဧပြီ ၁၈ ရက် စျေးနှုန်းအရ ရွှေဘိုပေါ်ဆန်း ဆန်တအိတ်ကို ၉၇,၀၀၀ ကျပ်၊ မြောင်းမြ ပေါ်ဆန်းစျေး ၈၀,၀၀၀ ကျပ်ကနေ ၈၂,၀၀၀ ကျပ်၊ ဘိုကလေးလိုင်းပေါ်ဆန်းက ၇၃,၀၀၀ ကနေ ၇၄,၀၀၀ ကျပ်၊ ရက် ၉၀ ဆန်တအိတ်ကို ၅၇,၀၀၀ ကနေ ၆၄,၀၀၀ ကျပ်၊ ကြားပျံဆန်တအိတ်ကို ၇၆,၀၀၀ ကနေ ၈၀,၀၀၀ ကျပ်၊ ခွံနီဆန်က ၆၆,၀၀၀ ကနေ ၆၈,၀၀၀ ကျပ်အထိရှိပြီး အမျိုးအစားအလိုက် ဆန်တအိတ်ကို ကျပ် ၁,၀၀၀ ကနေ ကျပ် ၄,၀၀၀ အထိ ထပ်မံမြင့်တက်လာပါတယ်။
သင်္ကြန်မတိုင်ခင် ဧပြီ ၇ ရက်နေ့က ရွှေဘိုပေါ်ဆန်း ဆန်တအိတ်ကို ၈၅,၀၀၀ ကနေ ၉၃,၀၀၀ ကျပ်၊ မြောင်းမြ ပေါ်ဆန်းစျေး ၇၇,၀၀၀ ကျပ်ကနေ ၇၉,၀၀၀ ကျပ်၊ ဘိုကလေးလိုင်း ပေါ်ဆန်းက ၇၀,၀၀၀ ကနေ ၇၂,၅၀၀ ကျပ်၊ ရက် ၉၀ ဆန်တအိတ်ကို ၅၅,၀၀၀ ကနေ ၆၄,၀၀၀ ကျပ်၊ ကြားပျံဆန်တအိတ်ကို ၇၂,၀၀၀ ကနေ ၈၀,၀၀၀ ကျပ်၊ ခွံနီဆန်က ၆၂,၀၀၀ ကနေ ၆၆,၀၀၀ ကျပ်အကြား အသီးသီးရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Royal City Avenue နယ်မြေက Ornic ဘားဆိုင်မှာ ဧပြီ ၁၇ ရက် မနက်အစောပိုင်းက သကြင်္နလည်ပတ်သူအချင်းချင်း စကားများရန်ဖြစ်ရာကနေ သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းအခြေစိုက် The National Thailand သတင်းဌာနက ဖော်ပြပါတယ်။
ဧပြီ ၁၇ ရက် မနက် ၁ နာရီလောက်မှာ Ornic ဘားဆိုင်အပြင်မှာ သင်္ကြန်လာရောက်ပျော်ပါးနေကြစဥ် လည်ပတ်သူ အမျိုးသားတဦးနဲ့ တခြားလည်ပတ်သူတဦးတို့ စကားများ ရန်ဖြစ်ရာကနေ လာရောက်သူအမျိုးသားတဦးက သေနတ်ထုတ်ပြီး မြေပြင်ကိုပစ်ခတ်ခဲ့ရာ ကျည်ဆန်ထိမှန်ခဲ့ပြီး ပျော်ပါးနေသူတွေထဲက ၄ ဦး ပြင်းထန်ဒဏ်ရာနဲ့ ကျန် ၄ ဦး ပွန်းရှဒဏ်ရာ ရရှိခဲ့တာပါ။
အဆိုပါပစ်ခတ်မှုအပြီးမှာ ပတ်ဝန်းကျင်ရဲ့ အကြောင်းကြားမှုကြောင့် နယ်မြေလုံခြုံရေး ကင်းလှည့်နေတဲ့ ထိုင်းရဲတွေ ရောက်ရှိလာပြီး အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးခဲ့ရာ ကျည်ခွံ ၁၀ ခုကို တွေ့ရပြီး သေနတ်ပစ်ခတ်ခဲ့သူ အမျိုးသားကို နေရာမှာ ဖမ်းဆီးခဲ့ကာ ထိုင်းနိုင်ငံဥပဒေအရ အရေးယူနိုင်ဖို့ နယ်မြေရဲစခန်းကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံရဲ့ ပွဲတော်ဖြစ်တဲ့ ဆုန်ခရမ် သကြင်္န်ပွဲတော်ကို ၂၀၂၀ ခုနှစ်ကစပြီး ကိုဗစ်ကပ်ရောဂါကြောင့် ကျင်းပခွင့် ပိတ်ခဲ့ရာကနေ အခု ၂၀၂၃ ခုနှစ်မှာ စည်းကမ်းချက်တွေနဲ့ ပြန်လည်ဆင်နွှဲခွင့် ပြုထားခဲ့တာဖြစ်ပါတယ်။
သင်္ကြန်ပွဲတော်ကို ဧပြီ ၁၆ ရက် ည ၁၂ နာရီအထိ သတ်မှတ်ထားပြီး အချိန်ကျော်လွန် ရေပက် ဆော့ကစားမှုရှိလို့ အခုလို ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ လုံခြုံရေးတိုးမြှင့်ထားတဲ့ ရန်ကုန်မြို့တနေရာမှာ တော်လှန်လူ ငယ်ရဲဘော်တွေ ပူးပေါင်းပြီးတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်သင်္ကြန်လှုပ်ရှားမှုတခုကို ပြုလုပ်ခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုကိုတော့ သင်္ကြန်အတက်နေ့မှာ လတ်တလော အခြေအနေကို ထင်ဟပ်စေတဲ့ “အတာပန်းကို ရေဖြင့်မဆေး၊ သွေးဖြင့်ဆေးသော သင်္ကြန်” ပုံရိပ်အနေနဲ့ စမ်းချောင်း ပင် မ သပိတ်စစ်ကြောင်း (Sc Strike) နဲ့ Owl Community တို့က ပူးပေါင်းလှုပ်ရှားခဲ့ကြတာပါ။
အကြမ်းဖက်စစ်အုပ်စုဟာ တဖက်မှာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ သတ်ဖြတ်တာနဲ့ ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်နေပြီး တဖက်မှာလည်း တိုင်းပြည်အေးချမ်းနေတာကို ပြချင်တဲ့အတွက် ပျော်ပွဲရွှင်ပွဲတွေ အတင်းအကျပ် ဖန်တီးနေခဲ့တာ ဖြစ်ပါတယ်။
အခုနှစ်ရဲ့ သင်္ကြန်ပွဲတော်ကိုလည်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးတွေ အပါအဝင် သူတို့ ထိန်းချုပ်လို့ရတဲ့ မြို့တွေမှာ သင်္ကြန်မဏ္ဍပ်တွေနဲ့ လမ်းလျှောက်သင်္ကြန်ပွဲတွေ စည်စည်ကားကားကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် တော်လှန်ပြည်သူတွေကတော့ တနိုင်ငံလုံး စစ်မီးမငြိမ်းပဲ နာမကျန်းဖြစ်နေချိန်မှာ ဒီပွဲတော်မှာ မပါဝင်မဆင်နွှဲခြင်းနဲ့ ဆက်လက်ဆန့်ကျင်တော်လှန်နေခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရတဲ့ ပဇီကြီးပြည်သူ ၁၀၀ ကျော်အတွက်လည်း မနက်ဖြန်မှာ ကျရောက်မယ့် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ အမျှဝေ၊ စစ်မိစ္ဆာနှင်၊ သံပုံးတီးဆန့်ကျင်ကြဖို့လည်း တော်လှန်ရေးသပိတ်အင်အားစုတွေက တိုက် တွန်းနှိုးဆော်ထားပါတယ်။