close

သင်္ချိုင်း

close

May 13, 2022

အမေရိကန်ရှိ အိန္ဒိယန်း စာသင်ကျောင်း ၅၃ ကျောင်းတွင် သင်္ချိုင်းနေရာများတွေ့ရှိ

အိန္ဒိယန်းဘော်ဒါဆောင်တွေကို အမေရိကန်ပြည်ထဲရေးဌာနက စုံစမ်းစစ်ဆေးရာမှာ စာသင်ကျောင်း ၅၃ ကျောင်းမှာ အမှတ်အသားလုပ်ထားတဲ့ ဒါမှမဟုတ် အမှတ်အသားမရှိတဲ့ သင်္ချိုင်းနေရာတွေ တွေ့ခဲ့ပါတယ်။

ပြည်ထဲရေးဌာနရဲ့ တွေ့ရှိချက်ကို ပြည်ထဲရေးဝန်ကြီး ဒက်ဘ် ဟားလန်းနဲ့ ဌာနေတိုင်းရင်းသားရေးရာ အရာရှိတွေက မေ ၁၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့တာပါ။

အမေရိကန် ပြည်ထဲရေးဝန်ကြီး ဒက်ဘ်ဟားလန်းက "ပြည်နယ် ဒါမှမဟုတ် နယ်မြေ ၃၇ ခုမှာ ပြည်ထောင်စုဘော်ဒါဆောင် ၄၀၈ ကျောင်းမှာ ခု ကျမတို့သိရတဲ့ လည်ပတ်လုပ်ဆောင်နေပုံတွေအတွက် ပြည်ထဲရေးဌာနမှာ တာဝန်ရှိတယ်" လို့ ပြောပါတယ်။

ဝန်ကြီးဟာ ပထမဆုံး ဌာနေတိုင်းရင်းသား အစိုးရအဖွဲ့ဝင်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ကနေဒါနိုင်ငံက မျိုးနွယ်စုခေါင်းဆောင်တွေဟာ ကနေဒါမှာရှိတဲ့ ဌာနေတိုင်းရင်းသား ကလေးငယ်တွေအတွက် Kamloops ဘော်ဒါကျောင်းဟောင်း နေရာမှာ ကလေး ၂၁၅ ဦးရဲ့ အမှတ်အသားမဲ့ သင်္ချိုင်းတွေကို ရှာတွေ့ထားတယ်လို့ ကြေညာခဲ့တာပါ။

အဲဒီနောက်မှာ အိန္ဒိယန်းဘော်ဒါဆောင်ကျောင်းတွေရဲ့ အခြေအနေတွေကို တကမ္ဘာလုံးက အာရုံစိုက်ခဲ့ကြပါတယ်။

မေ ၁၁ ရက်အထိ အမေရိကန်အစိုးရဟာ ဘော်ဒါကျောင်းနေ ကလေးအရေအတွက်၊ ကလေးဘယ်နှယောက် သေဆုံး ပျောက်ဆုံးခဲ့သလဲ ဆိုတာနဲ့ ကျောင်းအရေအတွက် ဘယ်လောက်ရှိတယ် ဆိုတာကိုပါ အသိအမှတ်မပြုတာ အပါအဝင် ကျောင်းတွေနဲ့ ပတ်သက်သမျှ စာရင်းအစစ်အမှန်ကို မထုတ်ပြန်သေးပါဘူး။

အမေရိကန် ပြည်ထဲရေးဝန်ကြီးဌာန၊ အိန္ဒိယန်းရေးရာ လက်ထောက်ဝန်ကြီး ဘရိုင်ယန် နယူးလန်းက "ပြည်ထောင်စုအစိုးရဟာ အိန္ဒိယန်းကလေးတွေကို ပစ်မှတ်ထားပြီး ရောနှောနေထိုင်ဖို့ မူဝါဒကို မဖြစ်ဖြစ်အောင် ဆက်လုပ်နေတယ်ဆိုတာ ဒီအစီရင်ခံစာက ရှင်းပြနေတယ်။ အိန္ဒိယနဲ့ ဌာန ဟာဝေယံ ကလေးတွေရဲ့ မျိုးဆက်တွေ သူတို့မိသားစုတွေနဲ့ အိမ်တွေကနေ အဝေးမှာဖြစ်တာများတဲ့ ဒီဘော်ဒါဆောင်တွေကို ဝင်လာချိန်မှာ ကလေးအများအပြား သေဆုံးကြတယ်။ ဒီစနစ်ထဲမှာ အိန္ဒိယန်းကလေးတွေအတွက် အမှတ်အသား လုပ်ထားတာရော မလုပ်ထားတာရော မြှုပ်ထားတဲ့နေရာ ၅၃ ခုကို ကျနော်တို့ ဖော်ထုတ်ပြီးပြီ" လို့ ပြောပါတယ်။

ကနဦး တွေ့ရှိချက်တွေအရ ဘော်ဒါကျောင်း အများအပြားဟာ ဘာသာရေး အဖွဲ့အစည်းတွေနဲ့ တခြားအဖွဲ့အစည်းတွေရဲ့ ပံ့ပိုးကူညီမှုတွေ ရထားတယ်လို့ ဝန်ကြီးက ပြောပါတယ်။

ဌာနေ အမေရိကန်ကလေးတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ဖျောက်ဖျက်ဖို့ စစ်ပုံသွင်းတာနဲ့ အထောက်အထား ပြောင်းလဲရေး နည်းလမ်းတွေကို သွတ်သွင်းခံခဲ့ရတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

အတင်းအကျပ် ပုံသွင်းရေး အားထုတ်တဲ့အနေနဲ့ ၁၈၁၉ ခုနှစ်ကစပြီး ဌာနေ အမေရိကန် တိုင်းရင်းသား ကလေးတွေဟာ သူတို့ တိုင်းရင်းသားအုပ်စုကနေ အတင်းဖယ်ထုတ်ပြီး ဘော်ဒါကျောင်းတွေဆီကို ပို့ခံခဲ့ရတာပါ။

ကျောင်းတွေကို အမေရိကန်အစိုးရ ဒါမှမဟုတ် အစိုးရနဲ့နီးစပ်တဲ့ ခရစ်ယာန် ဘုရားကျောင်းတွေက အုပ်ချုပ်ပါတယ်။

ကလေးအများအပြားဟာ ကျောင်းတွေမှာ နှိပ်စက်ခံရပြီး ထောင်သောင်းချီတဲ့ ကလေးတွေကတော့ ဘယ်တော့မှ သတင်းမကြားရတော့ဘူးလို့ တက်ကြွလှုပ်ရှားသူတွေနဲ့ သုတေသီတွေက ပြောထားပါတယ်။

2 mins Ago

April 12, 2020

ယူကရိန်း ဒီနီပရိုမြို့တော်ဝန် သင်္ချိုင်းတွင် တွင်း ၆၀၀ ကျော်တူး၍ ကိုရိုနာကပ်ဘေး သတိပေး

ကိုရိုနာနာဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖြတ်ရေးအတွက် ကမ္ဘာအနှံ့က တာဝန်ရှိသူတွေဟာ လုပ်ဆောင်ချက်အသီးသီးကို ချမှတ်ဆောင်ရွက်နေကြပါတယ်။ ဒီအထဲမှာ ယူကရိန်းနိုင်ငံရဲ့ ဒီနီပရိုမြို့တော်ဝန်လည်း အပါအဝင်ဖြစ်ပြီးတော့ သူ့ဆောင် ရွက်ချက်ကသူ များတွေထက် ပိုပြီးထူးခြားနေပါတယ်။  အကြောင်းကတော့ သူဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ ဒေသခံတွေပိုပြီး စိတ်ဝင်တစား ရှိ ဖို့ သင်္ချိုင်းမှာ တွင်းသစ် ၆၀၀ ကျော်တူးခဲ့လို့ပဲဖြစ်ပါတယ်။ ဒီနီပရိုမြို့မှာ ဒေသခံ ၁ သန်းနီးပါးရှိပြီး မြို့တော်ဝန်ရဲ့လုပ်ဆောင်ချက်ဟာ သာမာန်ထက်ပိုပြီးထူးခြားနေတယ်ဆိုတာ သေချာပါတယ်။  မြို့တော်ဝန် ဘာရပ်စ်ဖီလာတော့ဗ်က ဒီအကြောင်းကို ပြီးခဲ့တဲ့သီတင်းပတ်က သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ထုတ်ဖော်ရေးသားခဲ့ပြီး တာဝန်ရှိသူတွေဟာ အဆိုးရွားဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားပြီဖြစ်တယ်လို့ပြောပါတယ်။  ကိုရိုနာကြောင့်သေဆုံးမှုဖြစ်လာခဲ့ရင်သူ တို့ကိုမြှုပ်ဖို့ သင်္ချိုင်းမှာ တွင်း ၆၀၀ ကျာ်တူး ထားပါတယ်။ အလောင်းတွေကိုပတ်ဖို့ ပလတ်စတစ်အိတ်အထူတွေကိုလည်း ပြင်ဆင်ထားပြီးဖြစ်ပါ တယ်လို့ မြို့တော်ဝန်ကပြောပါတယ်။ မြို့တော်ဝန်ရဲ့ပြောရေးဆိုခွင့်ရှိသူကလည်း ဒီသတင်းကိုအတည်ပြုပေးခဲ့ပြီးတော့ သင်္ချိုင်းမှာ တွင်းသစ် ၆၁၅ တွင်း တူးကာ လူသေထည့်တဲ့ အိတ်ပေါင်း ၂၀၀၀ ကိုလည်း ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။  မြို့တော်ဝန်ရဲ့ ထုတ်ပြန်ချက်ဟာ ဒေသခံတွေအနေနဲ့ ကိုရိုနာကာကွယ်ရေးမှာအရေးပါတဲ့ ခပ်ခွာခွာနေထိုင်ခြင်းအတွက် တွန်းအားဖြစ်စေဖို့ရည်ရွယ်ပြီး ‌ဒေသခံတွေမလိုက်နာမှာဆိုးတဲ့ အတွက် အသစ်တူးထားတဲ့တွင်းတွေရဲ့ ဓာတ်ပုံတွေကိုလည်း ဖော်ပြထားပါတယ်။  သစ်ပင်တွေ ပတ်လည်ဝိုင်းနေတဲ့ သင်္ချိုင်းအတွင်းမှာ လက်ဝါးကပ်တိုင်တွေချထားတဲ့ တွင်းတွေရဲ့ဓာတ်ပုံတွေဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ ဒီနီပရိုမြို့မှာ ကိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၃ ဦးရှိပေမယ့် သေဆုံးသူတော့ အခုထိမ ရှိသေးပါဘူး။
2 years Ago
Up