close

သင်္ဘောနစ်မြုပ်

close

January 25, 2023

မြန်မာသင်္ဘောသားများ လိုက်ပါလာသည့် ကုန်တင်သင်္ဘော နစ်မြုပ်၊ ဂျပန်နှင့် ကိုးရီးယား ပူးပေါင်းရှာဖွေကယ်ဆယ်နေ

ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံအကြား အရှေ့တရုတ်ပင်လယ်ပြင်မှာ မြန်မာသင်္ဘောသားတွေအပါအဝင် ၂၂ ဦးပါသွားတဲ့ ကုန်တင်သင်္ဘောတစီး ဇန်နဝါရီ ၂၃ ရက် မနေ့ညက နစ်မြုပ်သွားရာမှာ ၁၄ ဦးကို ပြန်ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေနေပါတယ်။

တန်ချိန် ၆၅၅၁ တန်ရှိ  ဟောင်ကောင်မှတ်ပုံတင်ထားတဲ့ ကုန်တင်သင်္ဘော “Jintian”  ဟာ ကိုရီးယားဒန်ဂျိုကျွန်းရဲ့ အနောက်ဘက် ၆၈ မိုင်၊ ဂျပန်နိုင်ငံ နာဂါဆာကီကမ်းရိုးတန်း အနောက်တောင်ဘက်  မိုင် ၁၀၀ လောက်မှာ နစ်မြုပ်သွားတာလို့ ဂျပန်နဲ့ ကိုရီးယားမီဒီယာတွေက ရေးပါတယ်။

ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ ဒီကုန်တင်သင်္ဘာပေါ်မှာ  တရုတ်သင်္ဘောသား ၁၄ ဦးနဲ့ မြန်မာသင်္ဘောသားက ၈ ဦးလိုက်ပါလာတာလို့ ဂျပန်တာဝန်ရှိသူတွေက ပြောပေမဲ့ ပျောက်ဆုံးနေသူတွေကတော့ ဘယ်နိုင်ငံသားတွေလဲဆိုတာ အသေးစိတ်မသိရသေးပါဘူး။

လက်ရှိအချိန်အထိ သင်္ဘာသား ၁၄ ဦးကို တခြားသင်္ဘောတစီးက ကယ်ဆယ်နိုင်ခဲ့ပြီး ဒီအထဲက ၉ ယောက်ကတော့ သတိလစ်နေဆဲပဲလို့ တာဝန်ရှိသူတွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး တောင်ကိုရီးယား ယွန်ဟတ်သတင်းမှာ ရေးပါတယ်။

ရာသီဥတုဆိုးရွားပြီး သင်္ဘောမှောက်ခဲ့တဲ့နေရာမှာ ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းတွေကို  တောင်ကိုရီးယားနဲ့ ဂျပန် နှစ်နိုင်ငံက လေယာဉ်တွေ၊ သင်္ဘောတွေနဲ့  ပူးပေါင်း ဆောင်ရွက်နေပါတယ်။

သင်္ဘောသားတယောက်က ဘေးအန္တရာယ် ကျရောက်နေတဲ့အကြောင်းနဲ့ သင်္ဘောစောင်းပြီး ရေတွေဝင်လာတဲ့အကြောင်းနဲ့ ဇန်နဝါရီ ၂၄ ရက်နေ့က သတင်းပို့ပြီးနောက် ၄ နာရီလောက်မှာ   “Jintian” ကုန်တင်သင်္ဘော နစ်မြုပ်သွားတာလို့ ကျိုဒိုသတင်းမှာ ဖော်ပြပါတယ်။

သင်္ဘောကပ္ပတိန်က ဂျီဂျုကျွန်းပေါ်ရှိ ကိုရီးယားကမ်းခြေစောင့်တပ်ကို ဂြိုဟ်တုဖုန်းတဲ့ နောက်ဆုံးဆက်သွယ်ခဲ့တာ  ဇန်နဝါရီ ၂၄ ရက် ဒီမနက် ၂ နာရီ ၄၁ မိနစ်မှာ ဖြစ်တယ်လို့ဆိုပါတယ်။

ကိုရီးယားကမ်းခြေစောင့်အဖွဲ့တွေ ရောက်သွားချိန်မှာ သင်္ဘောဟာလုံးလုံးမြုပ်သွားပြီဖြစ်ပြီး ရှာတွေ့ရဲ့ အသက်ကယ်ဘော ၃ ခုနဲ့ သက်ကယ်လှေပေါ်မှာလည်း တယောက်မှ မတွေ့ဘူးလို့ ပြောပါတယ်။

သင်္ဘောနစ်မြုပ်ရတဲ့ အကြောင်းရင်းကို အတိအကျမသိရသေးဘဲ အခင်းဖြစ်တဲ့အချိန်ဟာ ဂျပန်နဲ့ တောင်ကိုရီးယားမှာ နှင်းတွေ အရမ်းကျနေပြီး နေ့အပူချိန်ဟာ ၃ ဒီဂရီလောက်ပဲ ရှိတယ်လို့ သိရပါတယ်။

လေပြင်းတွေတိုက်ခိုက်နေကြောင်း ကင်းလှည့်ရေယာဉ်နဲ့ လေယာဉ်တွေ စေလွှတ်ခဲ့ပေမဲ့ ရာသီဥတု ကြမ်းတာကြောင့် နှောင့်နှေးခဲ့ရတယ်လို့  ဂျပန် ကမ်းခြေစောင့်တပ်က ပြောပါတယ်။

2 mins Ago

December 21, 2022

စစ်သင်္ဘောနစ်မြုပ် ပင်လယ်ထဲပျောက်ဆုံးနေသည့် ထိုင်းရေတပ်သား ၇ ဦး ထပ်တွေ့၊ ၁ ဦးသာ အသက်ရှင်

ပင်လယ်ထဲနစ်မြုပ်သွားတဲ့ ထိုင်းရေတပ်စစ်သင်္ဘောထဲက ပျောက်ဆုံးနေတဲ့ ရေတပ်သားတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက မရပ်မနား လိုက်လံရှာဖွေနေရာမှာ ဒီဇင်ဘာ ၂၀ ရက် မနေ့ညက နောက်ထပ် ၇ ဦးကို တွေ့ရှိဆယ်ယူခဲ့တယ်လို့  Channel 7 ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဒါပေမဲ့ ဆယ်ယူနိုင်ခဲ့တဲ့ သင်္ဘာသား  ၇ ဦးထဲမှာ ၁ ဦးသာ အသက်ရှင်ပြီး ကျန် ၆ ဦးကို အလောင်းအနေနဲ့ဘဲ ပြန်ရတယ်လို့ ဆိုပါတယ်။

အဆိုပါသင်္ဘောသား ၆ ဦးရဲ့ ရုပ်အလောင်းတွေကို ဒီဇင်ဘာ ၂၀ ရက်နဲ့ ၂၁ ရက် မနက်ပိုင်းက ရဟတ်ယာဉ်နဲ့ ကုန်းပေါ် ပြန်ပို့ပြီးနောက် သင်္ဘောသားတွေရဲ့ ရုပ်အလောင်းတွေကို ခွဲစိတ်စစ်ဆေးဖို့နဲ့ အချက်အလက်ဖော်ထုတ်ဖို့ လူနာတင်ယာဉ်နဲ့ ဆေးရုံဆီ ပို့ခဲ့ပါတယ်။

စစ်သင်္ဘာ စတင်နစ်မြုပ်တဲ့ ဒီဇင်ဘာ ၁၈ ရက်ညကနေ မနေ့ည ၉ နာရီအထိ ပင်လယ်ထဲက ရေတပ်သားစုစုပေါင်း ၈၂ ဦးကို တွေ့ရှိပြီး ကျန်တဲ့ ပျောက်ဆုံးနေဆဲ ၂၃ ဦးကိုလည်း ရေတပ်သင်္ဘောကြီး ၄ စီး၊ ရဟတ်ယာဉ် ၂ စီးအပြင် ကယ်ဆယ်ရေးလှေတွေနဲ့ပါ ရာသီဥတု ဆိုးဝါးနေတဲ့ကြားက ၂၄ နာရီ မရပ်မနား အစွမ်းကုန်ရှာဖွေနေတယ်လို့ ဆိုပါတယ်။

ထိုင်းရေတပ်မှ HTMS ဆူခိုထိုင်း စစ်သင်္ဘောဟာ ရေကြောင်းတိုက်ခိုက်ရေးအတွက် စီမံဆောက်လုပ်ထားတာဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံမှ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၆ နှစ်က ဝယ်ယူခဲ့ပြီး သက်တမ်းအနှစ် ၄၀ ရှိပြီဖြစ်ကာ မကြာသေးခင်ကမှ သင်္ဘောကျင်းကနေ စစ်ဆေးပြုပြင်ခဲ့တာလို့ ထိုင်းရေတပ်ဗိုလ်ချုပ် ချိန်းချိုင်းချူမ်းချိန်းက မနေ့ည သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

သင်္ဘောပျက်ရတဲ့ အကြောင်းရင်းဟာ လေပြင်းမုန်တိုင်းမိကာ လှိုင်းလုံးကြီးတွေ ရိုက်ခတ်မှုကြောင့် ရေတွေ အဆမတန်ဝင်လာပြီး ရေစုပ်စက် အလျဉ်မမီကြောင်း၊ လျှပ်စစ်ဓာတ်အားပေးတဲ့စက်ပါ ပျက်သွားတဲ့အတွက် လုပ်ငန်းလည်ပတ်မှုရပ်သွားပြီး နစ်မြုပ်သွားခဲ့ရကြောင်း၊ ဒါပေမဲ့ အကြောင်းရင်း အလုံးစုံသိရဖို့ စုံစမ်းရေးကော်မတီတရပ်ဖွဲ့ပြီး ထပ်မံစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ 

အသက်ကယ်အင်္ကျီကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်းရာမှာ အသက်ဘေးမှ ပြန်လွတ်လာသူတွေထဲမှာ အသက်ကယ်အင်္ကျီဝတ်မထားတဲ့သူတွေပါ ပါရှိကြောင်း၊ ရေထဲကျန်ရှိနေတဲ့သူတွေမှာလည်း အသက်ကယ်အင်္ကျီဝတ်ထားသူတွေပါတယ်လို့ ပြောသွားပါတယ်။ 

ဒီပြောကြားချက်ပေါ်မှာ လူတော်တော်များများ ဝေဖန်နေကြပါတယ်။ ပျောက်ဆုံးနေဆဲ ရေတပ်သား တယောက်ရဲ့ မိခင်က လှေစောင်းစပြုချိန် သားဖြစ်သူနဲ့ အဆက်အသွယ်ရကြောင်း၊ သူ့မှာ အသက်ကယ်အင်္ကျီမရှိဘဲ ဘောကွင်းတခုပဲ ရှိတယ်လို့ ဆိုပါတယ်။ သူ့သားဟာ အဲဒီလှေ ပေါ်မှာအိပ် လှေပေါ်မှာစားတဲ့ အမြဲတမ်းဝန်ထမ်းဖြစ်ပြီး ရေကူးလည်း ကျွမ်းကျင်၊ ကိုယ်ခန္ဓာလည်း ကြံ့ခိုင်သူဖြစ်တယ်၊ အသက်ကယ်အင်္ကျီသာရှိရင် ခုထိ ပျောက်ဆုံးနေမှာ မဟုတ်ဘူးလို့ ငိုကြွေးရင်း သတင်းထောက်ကို ပြောပါတယ်။

အသက်ဘေးက လွတ်မြောက်လာသူ ရေတပ်ဗိုလ် ၁ ဦးကတော့ သူ့ရဲ့အသက်ကယ်အင်္ကျီကြောင့်သာ အသက်ရှင်ခဲ့ကြောင်း၊ အဲဒီအင်္ကျီနဲ့ ရေစီးအတိုင်းမျောကာ အားအင်ချွေတာရင်း အိမ်မှာကျန်ခဲ့တဲ့မိခင်အိုကို ဆက်လက်လုပ်ကျွေးပြုစုခွင့်ရဖို့ ဆုတောင်းနေခဲ့တယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးရဟတ်ယာဉ် ၁ စီးဖြတ်လာတော့ အသက်ကယ်အင်္ကျီက ဝီစီကိုမှုတ်ပြီး လက်ပြခဲ့ ကြောင်း၊ ဒါပေမဲ့ ရဟတ်ယာဉ်က မမြင်ဘဲကျော်သွားပြီး ကရပူရီလှေကို တွေ့တဲ့အခါမှ ထပ်မံ အချက်ပြအကူအညီတောင်းရာ လှေအမြီးပိုင်းရှိ လူတစ်ဦးကတွေ့ရှိပြီး လာကယ်ခဲ့တာလို့ ပြောပါ တယ်။

ပျောက်ဆုံးနေဆဲရေတပ်သားရဲ့ မိသားစုဝင်တွေဟာ မျှော်လင့်ချက်တွေနဲ့ နေ့ရောညပါ ဆိပ်ကမ်းနားမှာ လာရောက်စောင့်ဆိုင်းနေကြပြီး တချို့က ငိုရင်းသတိလစ်သွားသူတာလည်းရှိလို့ အဲဒီမှာ ကျန်းမာရေးဌာနက စိတ်ကျန်းမာရေးဆရာဝန်တွေပါ လာရောက်ပြုစုကုသပေးနေပါတယ်။

ဒဏ်ရာရလို့ ဆေးရုံမှာတက်ရောက်ကုသနေသူတွေအတွက်ရော၊ ပြန်လည်ထူထောင်ရေးစခန်းမှာ အားအင်ပြန်ဖြည့်နေသူတွေအတွက် ထိုင်းဘုရင်ကြီးနဲ့မိဖုရားက ကုန်ကျစရိတ်အားလုံးတာဝန်ယူ ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။ 

သေဆုံးသွားသူတွေအတွက် လျော်ကြေးငွေ  ၁ ဦးလျှင် ဘတ် ၁ သန်းကျော်မှ ၂ သန်းထိ ထောက်ပံ့ ငွေရရှိမှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

Ref:- Ch7/ WorkPointtoday

1 month Ago
Up