ကရင်နီ (ကယား)ပြည်နယ်တခုလုံးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတွေက တောင်တန်းတွေရဲ့ ပျက်စီးနေတဲ့ မြေဆီလွှာတွေ ထိန်းသိမ်းဖို့နဲ့ သစ်တောပြုန်းတီးနေတာကို ထိန်းသိမ်းဖို့အတွက် စိမ်းလန်းမြေတောင်တန်းဒေသ သဘာ၀ထိန်းသိမ်းရေးအဖွဲ့က ဒေသခံပြည်သူတွေနဲ့လက်တွဲပြီး သစ်ပင်တွေ ပြန်စိုက်ဖို့ရှိနေပါတယ်။
လတ်တလောမှာတော့ ဒေသခံတွေရဲ့ အစီအစဥ်နဲ့ သစ်တောတွေစိုက်ဖို့ စီစဥ်ထားခဲ့ပေမဲ့ စစ်ရေးအရှိန် မြင့်တက်နေတာကြောင့် ဧက ၅၀ လောက် စိုက်သွားဖို့ စီစဥ်နေတယ်လို့ မတ် ၇ ရက် ဒီနေ့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူ မတူးမေ က ပြောပါတယ်။
ကရင်နီ ဒေသခံတယောက်က“သစ်တောတွေက အရင်ဘိုးဘွားလက်ထက်ကတည်းက အိမ်တွင်းသုံးဖို့ ထင်းကနေ ထုပ်လုပ်ရောင်းချတဲ့အထိ လုပ်ခဲ့လို့ ပြုန်းတီးမှုတွေရှိသလို အခုခေတ်မှာလည်း စစ်ဘေးရှောင်တွေ တိုးလာတာနဲ့အမျှ သစ်တောတွေလည်း ထိခိုက်လာခဲ့ပါတယ်။ အခုလည်း ဒီအဖွဲ့က ပညာပေးတာတွေ ထောက်ပံ့ကူညီတာတွေလည်း လုပ်ပေးတယ်။ အခု အလုပ်ကလည်း ကိုယ့်ဒေသအတွက် သစ်တောတွေ ကောင်းလာမယ်၊ မြေဆီလွှာတွေ ထိန်းသိမ်းပြီးသားဖြစ်မယ် ဆိုတာကြောင့် အဲဒီကရတဲ့ အကျိုးအမြတ်က တန်ဖိုးမဖြတ်လို့ မရနိုင်ဘူး”လို့ ပြောပါတယ်။
လတ်တလောမှာတော့ ကရင်နီပြည်နယ်မှာ ဒေသခံ PDF၊ ဒေသခံ EAO တွေနဲ့ စစ်ကောင်စီတို့ နေ့စဥ်နဲ့အမျှ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
Karenni Society Network ရဲ့ ၂၀၂၂ ခု ဒီဇင်ဘာလ အစီရင်ခံစာမှတ်တမ်းအရ စစ်ကောင်စီက ကရင်နီပြည်နယ်ကို စစ်ကောင်စီက မြေပြင်စစ်ကြောင်းအပြင် လေကြောင်းတွေကပါ တိုက်ခိုက်နေတဲ့အတွက်ကြောင့် စစ်ဘေးရှောင် ဦးရေ ၂၀၂၀၀၀ ကျော်အထိ တိုးလာနေပြီး၊ မြေပြင်အခြေအနေအရ အဲဒီထက်လည်း ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
လတ်တလောမှာတော့ စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဆောင်ရွက်နေတဲ့ NGO ၄၅ ဖွဲ့ က ရပ်တန့်လိုက်တဲ့အတွက် လတ်တလော ကရင်နီပြည်နယ်ထဲက သစ်တောပြုန်းတီးမှုနဲ့ပတ်သက်ပြီး အချက်အလက် မရရှိခဲ့ပါဘူး။
ကော်ဖီ၊ အမဲသား၊ ပဲပိစပ်နဲ့ ကမ္ဘာတဝန်း သစ်တောပြုန်းတီးမှုနဲ့ ဆက်စပ်နေတဲ့ တခြားကုန်ပစ္စည်းတွေကို အီးယူစျေးကွက်ထဲကို ရောင်းချခြင်းကနေ ကုမ္ပဏီတွေကို တားဆီးမယ့် ဥပဒေသစ်တရပ်ကို ဥရောပသမဂ္ဂက ဒီဇင်ဘာ ၆ ရက်မှာ သဘောတူညီခဲ့ပါတယ်။
ဥပဒေအရ ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ ထောက်ပံ့ရေးကွင်းဆက်တွေဟာ အီးယူထဲကို ကုန်ပစ္စည်းတွေ မရောင်းချခင် သစ်တောတွေကို ပျက်စီးစေရာမှာ ပါဝင် အထောက်အကူပြုခြင်းမရှိကြောင်း ပြသပေးမယ့် တိကျသေချာတဲ့ ထုတ်ပြန်ချက်ကို လိုအပ်မှာဖြစ်ပြီး အဲဒါကို မပြနိုင်ရင် ကြီးလေးတဲ့ ဒဏ်ငွေတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
သစ်တောပြုန်းတီးမှုဟာ ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုရဲ့ အဓိကရင်းမြစ်ဖြစ်ပြီး အခုသီတင်းပတ်မှာ ပြုလုပ်မယ့် ကုလသမဂ္ဂ COP15 ညီလာခံမှာ နိုင်ငံတွေဟာ သဘာဝကိုကာကွယ်ဖို့ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ကို ရှာဖွေကြမှာ ဖြစ်ပါတယ်။
အီးယူနိုင်ငံတွေနဲ့ ဥရောပပါလီမန်တို့က စေ့စပ်ညှိနှိုင်းသူတွေဟာ အဲဒီဥပဒေကို အင်္ဂါနေ့အစောပိုင်းက သဘောတူညီခဲ့ကြပါတယ်။
ကုမ္ပဏီတွေဟာ ကုန်စည်တွေကို ဘယ်အချိန်မှာ ထုတ်လုပ်ခဲ့တယ် ဆိုတာကို ပြသဖို့နဲ့ ၂၀၂၀ ခုနှစ်နောက်ပိုင်း သစ်တောပြုန်းတီးတဲ့မြေတွေမှာ စိုက်ပျိုးခြင်းမရှိကြောင်း “စိစစ်နိုင်တဲ့” အချက်အလက်တွေကို ပြသဖို့ လိုအပ်မှာဖြစ်ပါတယ်။
လိုက်နာဖို့ပျက်ကွက်ရင် အီးယူအဖွဲ့ဝင်နိုင်ငံတခုမှာ ကုမ္ပဏီတခုရဲ့ လည်ပတ်မှု ၄ ရာခိုင်နှုန်းအထိ ဒဏ်ရိုက်ခံရနိုင်ပါတယ်။
ဘရာဇီး၊ အင်ဒိုနီးရှားနဲ့ ကိုလံဘီယာတို့ အပါအဝင် စည်းမျဥ်းအသစ်ကြောင့် သက်ရောက်မှုရှိမယ့် နိုင်ငံတွေကတော့ သူတို့မှာ ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး ငွေကုန်ကြေးကျများတယ်လို့ ဆိုကြပါတယ်။
အီးယူနိုင်ငံတွေနဲ့ ဥရောပပါလီမန်တို့ဟာ အခုခါ အဲဒီဥပဒေကို တရားဝင် အတည်ပြုရမှာ ဖြစ်ပါတယ်။ အဲဒီဥပဒေဟာ ရက်ပေါင်း ၂၀ အကြာမှာ အသက်ဝင်နိုင်ပြီး အဲဒီနောက် ကုမ္ပဏီကြီးတွေက လိုက်နာဖို့ ၁၈ လနဲ့ အသေးစားကုမ္ပဏီတွေက ၂၄ လ ဖြစ်ပါတယ်။