စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့၊ မြိုမ ၂ ရပ်ကွက်၊ အောင်မင်္ဂလာရပ်က သစ်တောရုံးအတွင်းမှာ ဧပြီ ၅ ရက်နေ့ မနက် ၆ နာရီလောက် ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုကြောင့် ရုံးအဆောက်အဦခေါင်မိုး၊ ခုံတန်းလျားနဲ့ ပြတင်းပေါက်မှန်တွေ ထိခိုက် ပျက်ဆီးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
“ပေါက်တာကတော့ ရုံးအတွင်းကပေါက်တာ။ နှစ်ကြိမ်ပေါက်တာ။ မနေ့ညဦးပိုင်းက တကြိမ်နဲ့ ဒီနေ့မနက် အစောပိုင်းတကြိမ်ပေါက်ခဲ့တာ။ ကျနော်တို့ထင်တာက သတင်းလိမ်ချင်လို့ ဒီလိုလုပ်တာဖြစ်နိုင်တယ်။ သူတိုကိုယ်တိုင် ဗုံးထောင်၊ သူတို့ကိုယ်တိုင်ဖောက်ခွဲတာဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲရုံးဝန်ထမ်းတွေက အရင်ဖမ်းထားတဲ့သစ်တွေကို ခိုးရောင်းစားနေတာကြာပြီ။ အဲလိုခိုးရောင်းစားတဲ့သစ်တွေ မှတ်ထားတဲ့ စာရင်ဇယားတွေ အခုလိုဗုံးကွဲလို့ မှတ်တမ်းတွေ ပျက်စီးသွားပြီဆိုတဲ့ အသုံးနှုန်းရအောင် အခုလိုလုပ်တာဖြစ်နိုင်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
အခုလိုပေါက်ကွဲခဲ့တာကြောင့် မော်လိုက်မြို့ပေါ်မှာ စစ်ကောင်စီက စစ်ဆေးတာတွေ လုပ်နေသလို အရပ်ဝတ်တွေနဲ့ ကင်းပုန်းပတ်နေတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ပြည်သူကာကွယ်ရေးတပ်ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ပဲခူးတိုင်း အုတ်ဖိုမြို့နယ်မှာ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းက သစ်တောရုံးတစ်ရုံး ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ အုတ်ဖို မြေအောက်ပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။
အုတ်ဖိုမြို့နယ် ထောက်ကြံ့ကွင်းထိပ်၊ သပြေကန်သစ်တောရုံးကို မနေ့ ညနေပိုင်းမှာ အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ UGF(OKPO) ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကိုပြောပါတယ်။
အဲဒီ သစ်တောရုံးက Non CDM ဝန်ထမ်းတွေအနေနဲ့ ပြည်သူလူထုဘက်ကို မရပ်တည်တဲ့အပြင် ဝိသမလောဘသား စီးပွားရေးသမားတွေနဲ့ ပူးပေါင်းပြီး ပဲခူးရိုးမက သစ်တွေကို ခိုးထုတ်နေတာကြောင့် သတိပေးဖောက်ခွဲခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုရှိနိုင်တယ်လို့ ဆိုပါတယ်။
စစ်တပ်က အုပ်ချုပ်ခဲ့တဲ့ ကာလတွေမှာ သစ်တောသယံဇာတတွေကို မဆင်မခြင် ထုတ်ယူရောင်းစားခဲ့လို့ တစ်နိုင်ငံလုံး ရာသီဥတုဖောက်ပြန်တဲ့ဒဏ်ကို ခံစားနေကြရကြောင်း၊ လူတစ်စု ကောင်းစားရေးအတွက် အများပြည်သူ ဒုက္ခရောက်စေမယ့် လုပ်ရပ်တွေကို UGF(OKPO) က ပြင်းပြင်းထန်ထန် တားဆီးတုံ့ပြန်သွားမယ်လို့ ပြောပါတယ်။
UGF (အုတ်ဖို) အနေနဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာလည်း အုတ်ဖိုမြို့နယ် ကျွန်းကုန်းရွာထိပ်က ရဲဂိတ်ကိုလည်း အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။