မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ သစ်တောဌာနက ဝန်ထမ်း ၂ ယောက် CDM ပြုလုပ်ပြီး တော်လှန်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းခဲ့တယ်လို့ ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ဆိပ်ဖြူမြို့နယ် သစ်တောဦးစီးဌာနက တောကြပ်တွေဖြစ်တဲ့ ဦးသိန်းထွန်းနဲ့ ဦးသိန်းအေးကျော်တို့ ၂ ယောက် CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံကာ ဆိပ်ဖြူဘာမထီ PDF နဲ့ ပူးပေါင်းခဲ့တယ်လို့ ဆိုပါတယ်။
ဦးသိန်းထွန်းက “ကျနော်တို့က ဒီလုပ်ငန်းထဲမှာ ဆက်ပြီး ရပ်တည်နေမယ်ဆိုရင် စစ်ကောင်စီကို အားပေးအားထား မြှောက်ပင့်ပေးသလို ဖြစ်မှာမို့လို့ ဒါတွေကို စွန့်လွှတ်ခဲ့တာ။ အခုလိုရာထူးမျိုးနဲ့ CDM ဝင်လိုက်ရင် နောင်တချိန်မှာ ဒီထက်ရာထူးကြီးတာတွေ ရမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး လုံးဝမပါဘဲ ပြည်သူ့လစာကိုစားပြီး ပြည်သူ့အတွက် ပေးဆပ်ချင်လို့ CDM လုပ်ခဲ့တာ” လို့ ဆိုပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှာ စစ်တပ်ဆိုတာရှိပြီး ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ပေမဲ့ စစ်ကောင်စီတပ်က လက်နက်အားကိုးနဲ့ ပြည်သူကို အနိုင်ကျင့်ကာ သူတို့ကိုယ်တိုင် သူပုန်ဖြစ်နေတာလို့ ဦးသိန်းထွန်းက ပြောပါတယ်။
“ကျနော်တို့ဌာနတွေမှာလည်း ဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်နဲ့ မလုပ်ရဘဲ သူတို့ဆုံးဖြတ်ချက်တွေနဲ့ပဲ လုပ်နေရတယ်။ ဝန်ထမ်းတွေကို သူတို့က သူခိုးဖြစ်အောင် ဖန်တီးထားပြီး ဝန်ထမ်းတိုင်းက သူခိုးတွေပဲလို့ ဘယ်ဝန်ထမ်းကိုမဆို ကျနော်ပြောရဲတယ်။”
စစ်ကောင်စီက သစ်တောဝန်ထမ်းတွေကို အဆင့်လိုက် နေပြည်တော်မှာ စစ်သင်တန်းပို့ချနေပြီး သူတို့ထဲကိုရောက်အောင် ဖိအားပေးတာကြောင့် အဲဒီစစ်သင်တန်းကို မတက်ရောက်ခဲ့ဘဲ CDM ပြုလုပ်ပြီး ဆိပ်ဖြူဘာမထီ PDF နဲ့ လာရောက်ပူးပေါင်းတာလို့ ဆိုပါတယ်။
ဆိပ်ဖြူဘာမထီ PDF ရဲ့ တပ်ခွဲမှူး ကိုပိုင်က “သူတို့ ၂ ယောက်က စစ်အာဏာရှင်ကို မကြိုက်လို့ CDM လုပ်ဖို့ တခြားအဖွဲ့တွေနဲ့ ချိတ်ဆက်ပေမဲ့ ယုံကြည်မှုအားနည်းပြီး လက်မခံကြလို့ မေလ ၂ ရက်နေ့မှာ ကျနော်တို့ဆီ ရောက်လာကြတာ။ ကျနော်တို့တော့ ဘယ် CDM သမားကိုမဆို ကြိုဆိုပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ သူတို့နှစ်ယောက်ကို NUG ရဲ့ အစီအမံနဲ့ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာ ကျောင်းဆရာအဖြစ် တာဝန်ပေးထားပြီး လက်နက်တပ်ဆင်ပေးထားတာတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
“ဒါပေမဲ့ အရေးကြုံရင်တော့ သူတို့လည်း လက်နက်ကိုင်ရမှာပါ။ CDM ဆရာ/ဆရာမတွေ သိပ်မရှိလို့ ဆယ်တန်းအောင်၊ ဘွဲ့ရ လူငယ်တွေနဲ့သာ သင်ကြားနေရလို့ သူတို့ ၂ ယောက်ကလည်း ဘွဲ့ရပြီးသားဆိုတော့ ကလေးတွေ ပညာရေးအတွက် အများကြီး အကျိုးရှိတယ်” လို့ ကိုပိုင်က ပြောပါတယ်။
ဆိပ်ဖြူမြို့နယ်ထဲမှာတော့ PDF ထိန်းချုပ်တဲ့နယ်မြေ နည်းပါးလို့ NUG ရဲ့ ပြည်သူ့ပညာရေးအစီအစဥ်နဲ့ ဖွင့်လှစ်တဲ့ စာသင်ကျောင်းတကျောင်းသာရှိပြီး ကျောင်းသား၊ ကျောင်းသူ ၆၀ ကျော်လောက်ကို ဆရာ/ဆရာမ ၆ ယောက်နဲ့ အလယ်တန်းအဆင့်ထိ ပညာသင်ကြားပေးနေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ ဒီရေတောအဖြစ် ထိန်းသိမ်းထားတဲ့ မိန်းမလှကျွန်းသစ်တော ကြိုးဝိုင်းထဲမှာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေက သစ်ခုတ်နေတယ်လို့ ဒေသခံက ပြောပါတယ်။
စစ်ကောင်စီ လက်အောက်ခံ သစ်တောဌာနဝန်ထမ်းတွေက ကွက်လပ်ဖြည့်စိုက်ခင်း စီမံကိန်းပြုလုပ်ဖို့အတွက် ဒေသခံသစ်ခုတ်သမားတွေနဲ့ ပေါင်းပြီး ထိန်းသိမ်းထားတဲ့ ဒီရေတောစိုက်ခင်းထဲက သစ်ပင်တွေကို ခုတ်ယူနေကြတာလို့ ဒေသခံတွေက ပြောပါတယ်။
“အပင်ခုတ်ခ ကျွန်းခွေခ မီးရှို့ခတွေ ဝန်ထမ်းဘက်က ပေးစရာပေးမလိုဘူး၊ ခုတ်တဲ့သူက သစ်ပင်တွေ အကုန်ရတယ်။ ပြီးတော့ ကျွန်းခင်းထဲက ပင်လယ်နှမ်းလည်း ရိတ်ခွင့်ရတယ်။ အဲ့လိုမျိုးနဲ့ ပေါင်းလုပ်နေတာ ခုတော့ မိန်းမလှကျွန်းထဲက သစ်ပင်တွေလည်း ကုန်နေပါပြီ” လို့ ဒေသခံတဦးက ပြောပါတယ်။
စိုက်ခင်းလုပ်မယ့်အကွက်ဆိုပြီး ဒေသခံသစ်ခုတ်သမားတွေကို ခုတ်ခိုင်းတဲ့အခါ သစ်ခုတ်သူတွေက အပြောင်ခုတ်လေ့ရှိပြီး ရလာတဲ့ သစ်ပင်တွေကို ထင်းအဖြစ်အသုံးပြုလေ့ရှိတယ်လို့ ဆိုပါတယ်။
ဒီရေတောအဖြစ် ထိန်းသိမ်းထားတဲ့ သစ်ပင်တွေဖြစ်တဲ့ သရောပင်တွေနဲ့ သင်ပေါင်ပင်တွေကို အကုန်ခုတ်ထွင် ရှင်းလင်းနေပြီး ပြန်စိုက်တဲ့ သစ်ပင်တွေ မရှင်သန်တဲ့အခါ ရာသီဥတု ဖောက်ပြန်မှာကို ဒေသခံတွေ စိတ်ပူနေကြတယ်လို့ သိရပါတယ်။
ဒီရေတောက ထွက်ရှိလာတဲ့ သစ်ပင်တွေကို ထင်းအဖြစ်ပြန်လည်ရောင်းချတဲ့အခါ အုတ်ဖုတ်တဲ့နေရာမှာ အသုံးပြုပြီး ဈေးကောင်းရတာကြောင့် သစ်ခုတ်သမားတွေနဲ့ သစ်တောဌာနက ဝန်ထမ်းတွေပေါင်းပြီး ခုလိုမျိုး သစ်ခိုးခုတ်တာတွေ ပိုမိုပြုလုပ်လာတာဖြစ်နိုင်တယ်လို့ ဒေသခံအများစုက သုံးသပ်ပြောဆိုပါတယ်။