close

သစ်ပင်ပိ

close

October 16, 2022

ဒေးဒရဲတွင် လေပြင်းတိုက်ပြီး နေအိမ်ပေါ် သစ်ပင်ပိသဖြင့် ၃ ဦးသေဆုံး

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ ဘုရားချောင်းကျေးရွာမှာ စက်တင်ဘာ ၁၅ ရက်နေ့ညက မိုးရွာသွန်း လေပြင်းတိုက်ခတ်ပြီး နေအိမ်ပေါ် သစ်ပင်ပိတာကြောင့် ကိုးလသားအရွယ် ကလေးအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ည ကိုးနာရီခွဲက မိုးရွာသွန်း လေပြင်းတိုက်တာကြောင့် ဘုရားချောင်းကျေးရွာ တဲအိမ်ပေါ် သစ်ပင်ပိပြီး အိပ်ပျော်နေတဲ့ မိသားစုဝင် ငါးဦးအနက်  သုံးဦးသေဆုံးခဲ့တာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

"သူတို့က အရမ်းဆင်းရဲတာ၊ ဝါးအိမ်လေးနဲ့နေတာ၊ ဓနီမိုးထရံကာ ဝါးခင်းပေါ့။ အိမ်ဘေးက သစ်ပင်ကြီးပိတာ။ အိပ်နေတဲ့ အချိန်ဆိုတော့ ဘယ်သူမှမသိလိုက်ဘူး။ အဖေဖြစ်သူနဲ့ နောက်တစ်ယောက်ပဲ လွတ်တယ်။ ကိုးလသားရယ်၊ ရှစ်နှစ်အရွယ် သမီးရယ်၊ သူ့အမေရယ် သေသွားတယ်။" 

သေဆုံးသူတွေက အသက် ၃၂ နှစ်အရွယ် ဒေါ်တင်ဇာမော်၊ ၈နှစ်အရွယ် မဇူးဇူးမောင်နဲ့ ၉ လအရွယ် သားလေးဖြစ်တယ်လို့ ကျေးရွာနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"အခု သူတို့သုံးဦးကို ဒေးဒရဲဆေးရုံက ရင်ခွဲရုံပို့ထားတယ်၊ မြိုနယ်ကလူတွေလည်း ရောက်နေတယ်၊ ကယ်ဆယ်ရေးတွေရော။" 

အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ဖခင်ဖြစ်သူနဲ့ ကလေးငယ်ကတော့ နီးစပ်ရာဆွေမျိုးတွေ နေအိမ်မှာ သွားရောက်နေထိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က လေပြင်းတိုက်ခတ်တာကြောင့် သာပေါင်းမြို့နယ်  ဘုရားနီကျေးရွာနဲ့ ဇလွန်မြို့နယ် တောင်ပို့တစ်ရာကျေးရွာအုပ်စု၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာအုပ်စု၊ ကူးတို့ဆိပ်ကျေးရွာအုပ်စုတို့မှာ လူနေအိမ် ၁၀၀ ကျော် ပြိုကျပျက်စီးခဲ့ပါသေးတယ်။

6 mins Ago

May 6, 2020

ကျုံပျော်-ဟင်္သာတ ကားလမ်းတွင် မောင်းနှင်လာသည့် ဆိုင်ကယ်ပေါ် သစ်ပင်ပိ၊ လူ ၂ ဦး ဒဏ်ရာရ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့မှာ မေ ၅ ရက်နေ့က ကျုံပျော်–ဟင်္သာတ ကားလမ်းပေါ်မှာ မောင်းနှင်လာတဲ့ ဆိုင်ကယ်ပေါ် သစ်ပင်လဲကျလို့ ဆိုင်ကယ်ပေါ် စီးနင်းလာပါလာတဲ့ လူ ၂ ဦးကို ဆေးရုံပို့ဆောင်လိုက်ရပါတယ်။ ပင်လုံရပ်ကွက်၊ ခဲဘောင်တံတားထပ် လုံခြုံရေးရဲကင်းအနီးက စိန်ပန်းပင် လဲကျကာ ဆိုင်ကယ်ပေါ် ပိမိပြီး လိုက်ပါလာတဲ့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာတွေရရှိခဲ့လို့ ကျုံပျော်ဆေးရုံနဲ့ ဟင်္သာတဆေးရုံတွေကို ပို့ဆောင်ထားရတယ်လို့ ကျုံပျော်မြို့ နာရေးကူညီမှုအသင်းက တာဝန်ရှိသူ ကိုကျော်စိုးမိုးက ဒီဗွီဘီကို ပြောပါတယ်။ “အပင်က လမ်းပေါ်ကို ကန့်လန်ဖြတ် လဲကျတာ၊ ဆိုင်ကယ်ပေါ် ပိသွားတော့ ၂ ဦး ဒဏ်ရာရသွားလို့ ဆေးရုံကို ပို့ပေးခဲ့ရတယ်။” ဆိုင်ကယ်မောင်းတဲ့ အမျိုးသားကိုတော့ ကျုံပျော်ဆေးရုံကို ပို့ပေးထားပြီး နောက်က လိုက်ပါလာတဲ့ အမျိုးသမီးကတော့ ခေါင်းမှာရရှိခဲ့တဲ့ ဒဏ်ရာက ပြင်းထန်လို့ ဟင်္သာတဆေးရုံကြီးကို ပို့ဆောင်ထားရပါတယ်။ အပင်လဲကျခဲ့တဲ့ နေရာကိုတော့ ကျုံပျော်မြို့က မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ဒေသခံတွေ ပရဟိတအသင်းတွေ လာရောက်ပြီး သစ်ပင် ဖြတ်တောက် လမ်းရှင်းပေးခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဒေသခံပရဟိတအသင်းတွေနဲ့ တာဝန်ရှိသူတွေက သစ်ပင်ပိပြီး ဒဏ်ရာရရှိခဲ့လို့ ဆေးရုံတင်ထားရတဲ့ လူ ၂ ဦးရဲ့ မိသားစုဝင်တွေကို လိုက်လံရှာဖွေ ဆက်သွယ်ပေးနေပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)
2 years Ago
Up