close

သတင်းဌာနက ၃ ဦး

close

January 25, 2022

ဖမ်းဆီးခံ Dawei Watch သတင်းဌာနက ၃ ဦး ပြန်လည်လွတ်မြောက်

တနင်္သာရီတိုင်းအခြေစိုက် Dawei Watch သတင်းဌာနက သတင်းထောက် ကိုဇော်၊ မမိုးမြင့်နဲ့ ဒီဇိုင်နာကိုသားကြီးတို ၃ ဦးကို စစ်တပ်က နေအိမ်အသီးသီးမှာ ဇန်နဝါရီ ၁၉ ရက်မနက်ပိုင်းက ဖမ်းဆီးသွားခဲ့ပြီးတဲ့နောက်  ဇန်နဝါရီ ၂၅ ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

အဲဒီလို Dawei Watch သတင်းဌာနက သတင်းထောက်တွေကို ပြန်လွတ်လာတာနဲ့ပတ်သက်လို့ Dawei Watch သတင်းဌာနကလည်း  သူ့ရဲ့ အွန်လိုင်းစာမျက်နှာမှာ တရားဝင် အတည့်ပြု ထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက် မနက်အစောပိုင်းက နေအိမ်မှာ စစ်တပ်က လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ထားဝယ်မြို့မရဲစခန်းမှာ ထားရှိကာ ၆ ရက်ကြာအောင် စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ခဲ့တယ်လို့ လွတ်မြောက်လာခဲ့တဲ့ သတင်းထောက် ကိုဇော်က ပြောပါတယ်။ 

ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းရာမှာ ညှဉ်းပန်းနှိပ်စက်တာမရှိဘဲ Dawei Watch သတင်းဌာနရဲ့ လုပ်ငန်းလည်ပတ်မှုအခြေအနေတွေကိုမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ 

လတ်တလော Dawei Watch သတင်းဌာနက သုံးယောက်စလုံးပြန်လွတ်လာပေမဲ့  လိုအပ်ရင် ရဲစခန်းက ပြန်လည်ဆက်သွယ်ဦးမယ်လို့လည်း သိရပါတယ်။ 

Dawei Watch သတင်းဌာနဟာ ၂၀၁၂ ခုနှစ်တည်းက စတင်ကာ ဒေသတွင်းသတင်းတွေနဲ့ တခြားဒေသအသီးသီးက သတင်းတွေကို ရေးသားထုတ်ဝေနေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းမှာ မြိတ်အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်၊ Mizzima သတင်းဌာန အလွတ်တန်း သတင်းထောက် ကိုဇော်ဇော်၊ ထားဝယ်အခြေစိုက် Dakkina သတင်းဌာန သတင်းထောက် ကိုနိုင်လင်းထွန်းတို ဖမ်းဆီးခဲ့ရပြီး ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

Dawei Watch သတင်းဌာနက သတင်းထောက်တွေကတော့ ပထမဦးဆုံး ခေါ်ယူဖမ်းဆီးမေးမြန်းခံရတာဖြစ်ပါတယ်။

1 min Ago
Up