ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က နိုင်ငံအတွင်း လွတ်လပ်တဲ့ သတင်းဌာနတခုကို ပိတ်ပစ်ဖို့ ဖေဖော်ဝါရီ ၁၂ ရက်က အမိန့်ထုတ်ခဲ့ပါတယ်။
VOD လို့သိကြတဲ့ ဒီမိုကရေစီရဲ့အသံ သတင်းဌာနဟာ ဖေဖော်ဝါရီ ၁၃ ရက် ဒေသစံတော်ချိန် မနက် ၁၀ နာရီကစပြီး ထုတ်လွှင့်ဖြန့်ချိဖို့ လိုင်စင်မရှိတော့ဘူးလို့ ဝန်ကြီးချုပ်က သူ့ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။
ဒီသတင်းဌာနတွေဟာ သူနဲ့ သူ့သားကို တိုက်ခိုက်ပြီး နိုင်ငံကို ထိခိုက်စေတယ်လို့လည်း သူက ပြောပါတယ်။ ဖနွမ်းပင်ရဲတွေ အမိန့်နာခံဖို့ ဝန်ကြီးချုပ်က အမိန့်ထုတ်ပေမဲ့ ပိုင်ဆိုင်မှုတွေကိုတော့ မသိမ်းခိုင်းပါဘူး။
VOD ရဲ့ နိုင်ငံခြားအလှူရှင်တွေအနေနဲ့ သူတို့ရဲ့ငွေတွေကို ပြန်သိမ်းသင့်ပြီး ဝန်ထမ်းတွေက အလုပ်အသစ် ရှာသင့်တယ်လို့ သူက ပြောပါတယ်။
ဒီအပတ်အစောပိုင်းက VOD က ဖြန့်ချိတဲ့ သတင်းတပုဒ်ဟာ ကမ္ဘောဒီးယားအစိုးရရဲ့ ဂုဏ်သိက္ခာနဲ့ နာမည်သတင်းကို ထိခိုက်စေတယ်လို့ ဟွန်ဆန်က ပြောပါတယ်။ အဲဒီနောက် VOD ရဲ့လိုင်စင်ကို ဖျက်သိမ်းဖို့ ပြန်ကြားရေးဝန်ကြီးဌာနကို သူက အမိန့်ပေးခဲ့ပါတယ်။
တူရကီနိုင်ငံအတွက် ကမ္ဘောဒီးယား ငလျင်ဆိုင်ရာ အကူအညီပေးရေး သတင်းတပုဒ်ကို VOD က ဖေဖော်ဝါရီ ၈ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။ ဝန်ကြီးချုပ်ရဲ့သားနဲ့ သူ့နေရာမှာ ဆက်ခံမယ့်သူလို့ ယူဆရတဲ့ ဟွန်မာနက်ဟာ အကူအညီပေးရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ဖေးစီဖန်ရဲ့ ပြောကြားချက်ကို သတင်းထဲမှာ ကိုးကားဖော်ပြထားပါတယ်။
ဟွန်မာနက်ဟာ နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် ပူးတွဲစစ်ဦးစီးချုပ်နဲ့ လက်ထောက်တပ်မှူးဖြစ်ပြီး သဘောတူညီချက်ကို လက်မှတ်ရေးထိုးတာဟာ ရာထူးစည်းမျဥ်းကို ကျော်လွန်သွားခဲ့ပါတယ်။
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဖီးလ် ရောဘတ်ဆန်က VOD ကို မပိတ်ခင်မှာ ဒါဟာ လွတ်လပ်တဲ့ ဝေဖန်သူတွေကို ရှင်းရှင်းလင်းလင်း ချပြလိုက်တာပဲလို့ ပြောပါတယ်။
VOD ဟာ ကမ္ဘောဒီးယားမှာ အပိတ်ခံရတဲ့ ပထမဆုံး မီဒီယာအဖွဲ့အစည်းတော့ မဟုတ်ပါဘူး။ ကမ္ဘောဒီးယား နေ့စဉ်သတင်းစာဟာလည်း အခွန်ငွေ သန်းပေါင်းများစွာကို ပြန်ပေးဆောင်ဖို့ တလအချိန်ပေးပြီးနောက် ၂၀၁၇ ခုနှစ် နှောင်းပိုင်းမှာ ပိတ်သိမ်းခံခဲ့ရပါတယ်။
ဒီသတင်းစာဟာလည်း တင်းမာတဲ့ ကိစ္စရပ်တွေအတွက် သတင်းပေါက်ကြားမှုကြောင့် နာမည်ကျော်ကြားခဲ့ပြီး ၂၀၁၈ ခုနှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီ လအနည်းငယ်အလိုမှာ အပိတ်ခံခဲ့ရတာပါ။ လာမယ့် အထွေထွေရွေးကောက်ပွဲကို ဇူလိုင်လမှာ ကျင်းပမှာဖြစ်ပါတယ်။