ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်း ပြေးဆွဲနေတဲ့ စက်လှေတွေအားလုံး အဝင်/အထွက် သွား လာတာကို သတင်းပို့ရမယ်လို့ စစ်ကောင်စီတပ်က စက်တင်ဘာ ၉ ရက်မှာ အမိန့်ထုတ်ထား တယ်လို့ ရေလုပ်သားတွေက ပြောပါတယ်။
မြေပုံမြို့ဒေသခံ တဦးက "စက်လှေတွေ အားလုံး အထွက်/အဝင် တနေရာတည်းမှာ သတင်းပို့ စာရင်းပေးမှ ထွက်ခွင့်ရတယ်။ သတင်းပေးပြီး မသွားရင် ပစ်ခတ်ဖမ်းဆီးမယ်ဆိုပြီး မနေ့က သတင်းထုတ်ပြန်ထားတယ်။ သတင်းပေးရမှာကလည်း နေရာတခုတည်း ဖြစ်နေတယ်။"လို့ ပြောပါတယ်။
ခရီသည်တင်နဲ့ ငါးဖမ်းစက်လှေအားလုံး မြေပုံသင်္ဘောဆိပ်နားက မောင်မောင်ဆိပ်ကမ်းမှာ စာရင်းပေးရမှာဖြစ်ပြီး မြေပုံမြို့အနောက်ဘက်ကျေးရွာ ၇ ရွာက ငါးဖမ်းလှေ ၆၀၀ လောက် အခက်တွေ့နေတယ်လို့ ရေလုပ်သားတဦးက ပြောပါတယ်။
ကျောက်မော်ကြီးကျေးရွာမှ ရေလုပ်သား တဦးက "သူတို့ကို သွားသတင်းပို့ရတာ ကိစ္စမရှိဘူး။ ကျနော်တို့ ရွာက အနောက်ဘက်မှာရှိတာပါ။ သူတို့ကို သတင်းပေးရမှာက အရှေ့ဘက်သင်္ဘောဆိပ် မှာဆိုတော့ အနောက်ကနေ အရှေ့ကို ပတ်ပြီးလာဖို့ ၃ နာရီလောက် ကြာမယ်။ ငါးက ဘယ်အချိန်သွားဖမ်းရမှာလဲ။ နောက်ပြီး ဆီစျေးက မြင့်နေတယ်။ သတင်းပေးရတာကို အနောက်ဘက်က တံငါရွာတွေအတွက် သီးသန့်လုပ်ပေးသင့်တယ်။"လို့ ပြောပါတယ်။
မြေပုံမြို့အနောက်ဘက်မှာ ငုံးပြင်လယ်၊ ကျောက်မော်ကြီး၊ ထူးချေ၊ ကိုင်းချေ၊ အငူ၊ အုန်းတောဆိုတဲ့ တံငါရွာတွေရှိပြီး ငါးဖမ်းတံငါလှေ ၆၀၀ လောက်ရှိနေပါတယ်။
စက်တင်ဘာ ၇ ရက် မနက်ပိုင်းက မြေပုံမြို့မှာ စစ်ကောင်စီတပ်ကို ရက္ခိုင်တပ်တော် အေအေက မိုင်းခွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဟာ မြေပုံမြို့က မသင်္ကာတဲ့ နေအိမ်တွေကို နေ့စဉ် စစ်ဆေးနေတယ်လို့ မြေပုံမြို့ခံတချို့က ပြောပါတယ်။
ချင်းတွင်းမြစ်ရိုးတလျောက် ရေကြောင်းသွားလာတာကို ဇူလိုင် ၂၃ ရက်ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားပေမဲ့ ပြည်သူ့ပိုင်ရေယာဉ်တွေ သွားလာလိုပါက ဒေသကာကွယ်ရေးတပ်ထံ ကြိုတင်သတင်းပို့ကြဖို့ Dragon Brothers Task Force - DBTFက ဇူလိုင် ၂၉ ရက်မှာ အသိပေးချက် ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်သူ့မော်တော်ယာဥ်တွေကို ချောဆွဲဆန်တက်တာတွေ၊ အသွင်ယူ သွားလာတာတွေ လုပ်နေတာကြောင့် အခုလို ရေကြောင်းသွားလာတာကို ပိတ်ထားရတယ်လို့ သိရပါတယ်။
Dragon Brothers Task Force - DBTF အဖွဲ့ဝင် တဦးက “အခုလို သတင်းပို့ သွားလာတာ မရှိပါက စစ်ကောင်စီရေယာဉ်တွေ ဟုတ်၊ မဟုတ် ဇဝေဇဝါဖြစ်ရပြီး ကျနော်တို့အနေနဲ့ လုပ်ကိုင်ရတာ အခက်အခဲများစွာရှိနေတယ်”လို့ ပြောပါတယ်။
ရေယာဉ်တွေအနေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေဖြစ်တဲ့ နဂါးညီနောင်တပ်ဖွဲ့(DBTF)၊ Yoma Fighter PDF၊ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ ၊ အမိမြေတော်လှန်ရေးတပ်ဖွဲ့တို့ထံ သတင်းပို့ ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Dragon Brothers Task Force - DBTF နဲ့ ဒေသခံပြည်သူကာကွယ်ရေးပူးပေါင်းတပ်တွေဟာ ချင်းတွင်းမြစ်ကြောင်းက အလုံ၊ မင်းဒေါင့်အနီးဝန်းကျင်တွေမှာ စစ်ကောင်စီတပ်နဲ့ မကြာခဏ ပစ်ခတ်မှုတွေ၊ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
အလားတူ ရေဦး-ညောင်ပင်သာ-ရွှေဘိုလမ်းပိုင်းနဲ့ ရေဦး-ခင်ဦးလမ်းပိုင်းကို ဇူလိုင် ၃၀ ရက်ကစပြီး နောက်ထပ်ကြေညာချက်မထုတ်မချင်း အသုံးမပြုကြဖို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။