မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ ဝက်သားဒိုင်လုပ်တဲ့ ဝက်သားသည် အမျိုးသား တယောက် နိုဝင်ဘာ ၁၂ ရက် ဒီနေ့မနက်အစောပိုင်းက သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
သေဆုံးသူမှာ စစ်ကောင်စီကိုသတင်းပေးဒလန်အဖြစ် နာမည်ကြီးနေတဲ့ ကိုကြယ်နီ ဖြစ်တယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။
“ ကိုကြယ်နီက ဝက်သားဒိုင်၊ ဝက်သားရောင်းတယ်၊ အခုလည်း ရှောက်တောအုပ်စု ဥာဏ်ကန်ရွာက ကြေးဝါဘုရားကြီးစျေးနေ့မှာ ဝက်သားရောင်းနေတဲ့ ကိုကြယ်နီကို သေနတ်နဲ့ ပစ်သတ်သွားတာ။”
ကိုကြယ်နီကို ဘယ်အဖွဲ့က ပစ်ခတ်သွားတာတော့ မသိရသေးပါဘူး။ ဝမ်းတွင်းမှာ နိုဝင်ဘာ ၁၁ ရက်ကလည်း ကျောင်းထိုင်ဘုန်းကြီးတစ်ပါးနဲ့ ကျောင်းအုပ်ဆရာမတစ်ဦး ပစ်သတ်ခံခဲ့ရတာကြောင့် ၂ ရက်အတွင်း ၃ ဦးသေဆုံးနေပြီလို့ ဒေသခံ တွေက ပြောပါတယ်။
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာလည်း စစ်ကောင်စီသတင်းပေး ဒလန်တစ်ယောက်ကို သုတ်သင်ခဲ့တယ်လို့ ပေါက်PDF တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
ပေါက်မြို့နယ် ဂွေ့ကြီးယိုရွာက စစ်ကောင်စီရဲ့ သတင်းပေး ဒလန်တင်စိုးကို နိုဝင်ဘာ ၉ ရက် ည ၇ နာရီလောက်မှာ ပေါက် PDF တပ်ဖွဲ့ကသွားရောက်သုတ်သင်ခဲ့တာဖြစ်ပြီးတော့ ရဲဘော်တွေ ဘေးကင်းလုံခြုံတဲ့နေရာကိုရောက်မှ ထုတ်ပြန်တာလို့ PPDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဲဒီဒလန် တင်စိုးဟာ အစောပိုင်းရက်တွေက တော်လှန်ရေး ကိစ္စတွေမှာ တက်ကြွစွာ ပါဝင်ခဲ့ပြီး PDF တွေရဲ့ အတွင်းသတင်းနှိုက်ယူကာ စစ်ကောင်စီ သတင်းပေး ဒလန်အကြီးစား လုပ်ကိုင်နေတာကြောင့် သုတ်သင်ရှင်းလင်းလိုက်တာလို့ ဆိုပါတယ်။
ဒါ့အပြင် PDF တပ်ဖွဲ့ဝင်တစ်ယောက် တိုက်ပွဲကနေ ပြန်လာတာကို မဘသ ဘုန်းကြီးတစ်ပါးနဲ့ ပေါင်းပြီးတော့ သေနတ်လုဖို့ ကြိုးစားကာ ရွာကနေ ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ ပြောပါတယ်။
ပြည်သူတစ်ယောက်ရဲ့ သတင်းပေးချက်အရ ဒလန်တင်စိုးဟာ ရေပြာရွာက "မေ့လက်ရာ"ထမင်းဆိုင်မှာ ပျူစောထီးအဖွဲ့ဝင် တင်အေး၊ ပြေအေးတို့နဲ့ အစည်းဝေးလုပ်နေတယ်လို့ သတင်းအတိကျရတာကြောင့် ပြန်စောင့်ပြီးတော ရွာအဝင်မှာ သုတ်သင်လိုက်တာလို့ ဆိုပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှာ စစ်ကောင်စီရဲ့ သတင်းပေးဒလန် အမျိုးသားတယောက်ကို စက်တင်ဘာ ၂၄ ရက် ညနေ ၆ နာရီခွဲလောက်က ရေးမြို့နယ်ကာကွယ်ရေးအထူးအဖွဲ့ YSTF က သေနတ်နဲ့ အနီးကပ်ပစ်သတ် ရှင်းလင်းခဲ့တယ်လို့ ရေး PDF အဖွဲ့က ပြောပါတယ်။
ပစ်သတ်ခံရသူဟာ ဦးကျော်သူထွန်းဆိုသူဖြစ်ပြီး စစ်ကောင်စီတပ်တွေကို သတင်းပေးလည်း ဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ နောက်လိုက် ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။
ရေးမြို့မှာ မနေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူး နေအိမ် ဗုံးခွဲတိုက်ခိုက်ခံရတာနဲ့ အစင်ကျေးရွာ ကပျူစောထီးအဖွဲ့ဝင် ဦးကျော်သူထွန်း ပစ်သတ်ခံရပြီးနောက် စက်တင်ဘာ ၂၅ ရက် ဒီနေ့ မနက်က စစ်ကောင်စီတပ်ဖွဲ့တွေက အောင်မေတ္တာရပ်ကွက်၊ ရန်မျိုးအောင်ရပ်ကွက်နဲ့ အစင်ကျေးရွာဘက်မှာ ပိတ်ဆို့ရှာဖွေစစ်ဆေးနေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူဟာ CDM ပြည်သူ့ဝန်ထမ်းကောင်းတွေ၊ နွေဦးတော်လှန်ရေး တက်ကြွ လှုပ်ရှားသူတွေကို စစ်ကောင်စီ လက်နက်ကိုင်တွေနဲ့ ပူးပေါင်းက သတင်းပေးတာ၊ ဖမ်းဆီးတာတွေ လုပ်နေသူ ဖြစ်တာကြောင့် အခုလို သုတ်သင် ရှင်းလင်းခဲ့တယ်လို့ PDF အဖွဲ့က ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီလက်နက်ကိုင်တွေ၊ ရဲတွေ၊ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားမှာ ပါဝင်ပတ်သက်နေသူတွေနဲ့ စစ်ကောင်စီကို အကျိုးပြုနေသူတွေရဲ့နားမှာ နေထိုင်သွား လာတာ မလုပ်ဖို့ ရေး PDF က ထပ်မံမေတ္တာရပ်ခံပါတယ်။
စက်တင်ဘာ ၂၄ ရက်မှာပဲ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အောင်မေတ္တာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်အောင် နေအိမ်ကိုလည်း ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။