close

သတင်းအချက်အလက်

close

March 12, 2023

သတင်းအချက်အလက်လုံခြုံရေးစိုးရိမ်မှုမြင့်တက်နေသည့်အပေါ် ဖြေရှင်းရန် TikTok စီစဉ်

အသုံးပြုသူတွေရဲ့ သတင်းအချက်အလက် ပေါက်ကြားမှုကို ကာကွယ်ဖို့အတွက် Project Clover အမည်နဲ့ စီမံကိန်းတစ်ခုကို TikTok က အကောင်အထည်ဖော်နေပါတယ်။

အဲဒီ စီမံကိန်းမှာ TikTok နဲ့ သက်ဆိုင်မှုမရှိတဲ့ သီးခြားသတင်းအချက်အလက် လုံခြုံရေးကုမ္ပဏီတစ်ခုကနေ အသုံးပြုသူတွေရဲ့ သတင်းအချက်အလက်စီးဆင်းမှုကို စောင့်ကြည့် စစ်ဆေးပေးသွားမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ ByteDance ရဲ့ TikTok ကို သတင်းအချက်အလက် လုံခြုံရေးအကြောင်းပြချက်နဲ့ ဥရောပသမဂ္ဂက သူ့ရဲ့ဝန်ထမ်းတွေကို လုပ်ငန်းသုံးဖုန်းတွေမှာ ထည့်သွင်းအသုံးမပြုဖို့ တားမြစ်ပိတ်ပင်ခဲ့ပါတယ်။

တရုတ်နိုင်ငံက သတင်းအချက်အလက်တွေကို ရသမျှနည်းနဲ့ ထောက်လှမ်းစောင့်ကြည့်နေမှာဖြစ်တယ်လို့ ယူဆပြီး TikTok ကို အိန္ဒိယအစိုးရကလည်း ၂၀၂၀ ခုနှစ်တည်းက အသုံးပြုခွင့်ပိတ်ပင်ထားခဲ့ပါတယ်။

ကနေဒါအစိုးရကလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စတင်ကာ TikTok ကို အစိုးရသုံးဖုန်းတွေ အားလုံးမှာထည့်သွင်းအသုံးပြုခွင့် ပိတ်ပင်ခဲ့ပါတယ်။

သတင်းအချက်အလက် လုံခြုံရေးအပေါ် စိုးရိမ်မှုတွေမြင့်တက်လာတာကြောင့် TikTok ဟာ ဥရောပက အသုံးပြုသူတွေရဲ့ အချက်အလက်တွေ ပြင်ပကိုမရောက်စေရေးအတွက် ဒေသအတွင်းမှာပဲ သတင်းအချက်အလက်တွေ သိမ်းဆည်းမယ့် ဒေတာစင်တာအသစ်နှစ်ခု တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။

အိုင်ယာလန်နိုင်ငံ ဒူဘလင်မြို့မှာ တစ်ခု၊ နော်ဝေနိုင်ငံ ဟမ္မာဒေသမှာတစ်ခု တည်ဆောက်သွားမယ့် အဲဒီဒေတာစင်တာ နှစ်ခုမှာ ပြန်လည်အစားထိုးအသုံးချနိုင်သောလျှပ်စစ်စွမ်းအင်ကို အသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီဒေတာ စင်တာနှစ်ခုအတွက် နှစ်စဉ် ယူရိုငွေ ၁ ဒသမ ၂ ဘီလီယံလောက် ကုန်ကျမယ်လို့လည်း ခန့်မှန်းထားပါတယ်။ 

သီးခြားစောင့်ကြည့်တဲ့ ကုမ္ပဏီကနေ ဥရောပဒေသအတွင်းက အချက်အလက်တွေ ပြင်ပသို့ မပေါက်ကြားစေရေးကို စောင့်ကြည့်ထိန်းချုပ်ပေးမှာဖြစ်ပြီး TikTok ကလည်း အသုံးပြုသူတစ်ဦးချင်းစီရဲ့ အချက်အလက်တွေကို သူ့ရဲ့ဝန်ထမ်းတွေက အလွယ်တကူခွဲခြားသိရှိနိုင်ခြင်း မရှိအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ 

ဥရောပ ဒေသအတွက်ဆောင်ရွက်နေတဲ့ Project Clover စီမံကိန်းကို ပြီးခဲ့တဲ့နှစ်တည်းက စတင်ခဲ့တာဖြစ်ပြီး အမေရိကန်ဒေသအတွက်ကိုလည်း Project Texas အမည်နဲ့ သတင်းအချက်အလက်လုံခြုံရေးစီမံကိန်း တစ်ခုဆောင်ရွက်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ 

TikTok ဟာ နိုင်ငံ့လုံခြုံရေးအတွက်ခြိမ်းခြောက်မှု မဟုတ်ဘူးဆိုတာကို သက်သေပြဖို့အတွက် ကြိုးပမ်းနေပြီး သူတို့ဟာ အသုံးပြုသူတွေရဲ့ သတင်းအချက်အလက်ကာကွယ်ရေးအတွက် အခြား နာမည်ကြီး ဆိုရှယ်မီဒီယာကုမ္ပဏီတွေထက် အများကြီးပိုပြီး ဆောင်ရွက်ပေးနေခဲ့တယ်လို့ Projects Clover ကို ဆောင်ရွက်နေတဲ့ ကုမ္ပဏီအရာရှိတွေက ပြောပါတယ်။ 

ဒီဆောင်ရွက်ချက်က TikTok ရဲ့ အနာဂတ်ကို ကယ်တင်နိုင်မလားဆိုတာတော့ မသိနိုင်သေးပါဘူး။ 

တရုတ်နိုင်ငံရဲ့ ဆက်သွယ်ရေး နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Huawei ဟာလည်း ယူကေစိုးရက ယုံကြည်နိုင်စေရေးအတွက် အောက်ဖို့ရှိုင်းယားမှာ ငွေအမြောက်အမြား အကုန်အကျခံပြီး ယုံကြည်မှုတည်ဆောက်ရေး ပွင့်လင်းမြင်သာမှုစင်တာတည်ဆောက်ကာ သူတို့ရဲ့ ထုတ်ကုန်တွေအပေါ် ယူကေက ဆိုင်ဘာအကြီးအကဲတွေကို စိတ်တိုင်းကျ စစ်ဆေးစေခဲ့ပါတယ်။ 

နှစ်ပေါင်းများစွာ စစ်ဆေးပြီး တရုတ်အစိုးရရဲ့ ပါဝင်ပတ်သက်မှု လက္ခဏာတွေကို မတွေ့ရှိရသော်လည်း တရုတ်အစိုးရက လျှို့ဝှက်ထောက်လှမ်းနေနိုင်တယ်ဆိုတဲ့ အမေရိကန်ရဲ့  ယူဆချက်ကြောင့် Huawei ရဲ့ 5G ဆက်သွယ်ရေးကွန်ယက်ဟာ ယူကေမှာ ပိတ်ဆို့ခံထားရဆဲဖြစ်ပါတယ်။

TikTok ရဲ့ Project Clover ဟာ ဥရောပသမဂ္ဂရဲ့ ယုံကြည်မှုရရှိရေးဆောင်ရွက်တာဖြစ်ပေမဲ့ ရာဇဝင်ကို ကြည့်ရင် အမေရိကန်ရဲ့ ယုံကြည်ထောက်ခံမှုမရဘဲနဲ့တော့ TikTokရဲ့ အနာဂတ်ဟာ အနောက်တိုင်းမှာ ပြန်လည်တောက်ပလာဖို့ မလွယ်ပါဘူး။

Ref:BBC

3 hours Ago

December 10, 2022

သတင်းအချက်အလက်များပေးပို့ရန် အိမ်ခြံမြေပွဲစားများကို စစ်ကောင်စီ ညွှန်ကြား

စစ်ကောင်စီဟာ အိမ်ခြံမြေပွဲစားတွေကို သတင်းပို့အဖွဲ့အစည်းလို့ သတ်မှတ်ပြီး သူတို့ဆီကို သတင်းအချက်အလက်တွေပေးပို့ဖို့ ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာညွှန်ကြားချက်လို့ခေါ်ပြီး စစ်ကောင်စီ လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က နိုဝင်ဘာ ၉ ရက်စွဲနဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အိမ်ခြံမြေ ရောင်းဝယ်ငှားသူတွေရဲ့ ငွေကြေးလွှဲပြောင်းရာမှာ စစ်ကောင်စီဘက်က ညွှန်ကြားထားတဲ့ နည်းလမ်းတွေအတိုင်းလုပ်ဖို့နဲ့ မလုပ်ဘူးဆိုရင် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ဆီကို သတင်းပို့ရမယ်လို့ ဆိုပါတယ်။

အိမ်ခြံမြေအကျိုးဆောင် အသင်းအဖွဲ့ ကုမ္ပဏီတွေကတော့ အကြီးတန်း စီမံခန့်ခွဲမှု အဆင့်ရှိတဲ့ အကောင်အထည်ဖော်ဆောင်ရွက်ရေးအရာရှိကို ခန့်ပြီး စစ်ကောင်စီ လက်အောက်ခံအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်သတင်းပို့ဖို့၊ သံသယဖြစ်စရာ ငွေကြေး လွှဲပြောင်းတာတွေကိုသတင်းပို့ဖို့ စသည်ဖြင့် သတ်မှတ် ညွှန်ကြားထားပါတယ်။

အိမ်ခြံမြေ အကျိုးဆောင်ပွဲစားတွေအနေနဲ့ ရောင်းဝယ်ငှားရမ်းမယ့်သူနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းရယူပြီး အနည်းဆုံး ၅ နှစ်မှတ်တမ်းထားဖို့၊ ထူးခြားတဲ့အမှုတွဲတွေကိုတော့ ဒါထက်မက ထိန်းသိမ်းဖို့ညွှန်ကြားထားပါတယ်။

အိမ်ခြံမြေ ရောင်းဝယ်ငှားလုပ်သူတွေရဲ့ သတင်းအချက်အလက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတဲ့ အကြမ်းဖက်သမားတွေလို့ သတ်မှတ်ထားသူတွေစာရင်းနဲ့ တိုက်ဆိုင်စိစစ်ပြီး တွေ့ရှိရင် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ဆီကို ချက်ချင်းသတင်းပို့ရမယ်လို့ ဆိုပါတယ်။

ပြီးတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အင်တာနက်စာမျက်နှာမှာတင်ပြထားတဲ့ အကြမ်းဖက်အဖွဲ့နဲ့ အကြမ်းဖက်သမားစာရင်း၊ လူအများအပြား သေစေတဲ့ လက်နက်တွေ ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မှတ် ၁၇၁၈(၂၀၀၆)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်တဲ့စာရင်း၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု ဆိုင်ရာပြစ်မှုတွေကို တားဆီးနှိမ်နင်းရေးလုပ်ငန်းအဖွဲ့နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း အသင်းချုပ်က ဖြန့်ဝေတဲ့ အကြမ်းဖက်သမားနဲ့ အကြမ်းဖက်အုပ်စုနာမည်ပျက်စာရင်း စတာတွေနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။

ရန်ကုန်အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်သူတယောက်က “သူတို့လိုချင်တဲ့ လမ်းကြောင်းကို ပုံဖော်နေတာပဲပေါ့။ ကဏ္ဍအားလုံးကို သူတို့ထိန်းချုပ်ပြီး သူတို့အကာအကွယ်ရအောင်လုပ်နေတာလို့ပဲမြင်ပါတယ်” လို့ ပြောပါတယ်။

အိမ်ခြံမြေပွဲစားတွေအနေနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ မြို့နယ် အုပ်ချုပ်ရေးမှူး ခေါင်းဆောင်တဲ့အဖွဲ့ဆီမှာ မှတ်ပုံတင်ရမှာဖြစ်ပြီး ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ သင်တန်းတက်ရောက်ထားသူဖြစ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ နောက်ထပ်သင်တန်းတွေ ဖွင့်ရင်လည်း တက်မယ်ဆိုတဲ့အကြောင်း ခံဝန်ကတိပြုရဦးမှာ ဖြစ်ပါတယ်။

3 months Ago
Up