ထိုင်းမြောက်ပိုင်း၊ ကမ်ဖိုင်ဖစ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပပြီးစီးသွားတဲ့ မင်္ဂလာ ဆောင်ပွဲတခုအတွင်း သတို့သမီးတင်တောင်းငွေ ဘတ် ၁ သန်းပျောက်ဆုံးသွားခဲ့ပါတယ်။
အဆိုပါလက်ဖွဲ့ငွေ ပျောက်ဆုံးသွားတာနဲ့ ပတ်သက်ပြီး ပွဲရှင်က ဓာတ်ပုံဆရာတဦးကို ပစ်မှတ်ထားစွပ်စွဲခဲ့တာကြောင့် ဓာတ်ပုံဆရာက လုပ်ဖော်ကိုင်ဘက်တွေကို သတိပေးတဲ့အနေနဲ့ သူ့ရဲ့လူမှုကွန်ရက်ပေါ်ရေးတင်ခဲ့တာပါ။
ဓာတ်ပုံဆရာက သူဟာ အခမ်းအနားပြီးတာနဲ့ အိမ်အပေါ်ထပ်မှာ အဝတ်အစားလဲ၊ ကင်မရာ အိတ်ယူပြီး အိမ်ပြန်ခဲ့ကြောင်း၊ အိမ်ရောက်ရောက်ချင်း မင်္ဂလာဆောင်က သူ့ကို ခဏပြန်လာဖို့ လှမ်းခေါ်တာကြောင့် ဘုမသိဘမသိနဲ့ ပြန်သွားခဲ့ရာ ဟိုရောက်တော့ သတို့သမီးမိခင်က လူအများ ရှေ့မှာ သူ့ကို သူခိုးလို ယိုးစွပ်ငေါက်ငမ်းခဲ့သလို ရဲစခန်းမှာလည်း သွားရောက်ဖြေရှင်းခဲ့ရသေးတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းဌာနတွေက ဆက်သွယ်မေးမြန်းရာမှာ ဓာတ်ပုံဆရာက အိမ် အပေါ်ထပ်မှာ အဝတ်သွားလဲပေမဲ့ အိပ်ခန်းထဲမဝင်ရကြောင်း၊ အပေါ်ထပ်နဲ့အောက်ထပ် အတက်အဆင်းလုပ်တာလည်း သူ့အပြင်တခြားသူတွေလည်းရှိတယ်၊ သူ့အနေနဲ့ ရာနှုန်းပြည့် အပြစ်ကင်းစင်ကြောင်း၊ အမှန်တရားအမြန်ပေါ်ပေါက်ပါစေလို့ ဆုတောင်းနေတယ်လို့ ပြောပါတယ်။
ပွဲလာသူတွေကတော့ အထဲကငွေကိုမမြင်ရကြောင်း၊ မင်္ဂလာပွဲရဲ့ထုံးစံအရ သတို့သမီး တောင်းရမ်းပြီးရင် လူကြီးသူမတွေက ငွေထုပ်ဖွင့်ပြီး ရေတွက်ရမှာဆိုပေမဲ့ သတို့သားဘက်ကတော့ သူတို့ ငွေအရေအတွက်ကို အထုပ်ပေါ်မှာ ရေးထားတာကြောင့် ထပ်ရေဖို့မလိုဘူးလို့ ပြောတာကြောင့် မရေတော့ဘဲ သတို့သမီးမိခင်က အိတ်နဲ့ထမ်းပြီး အပေါ်ထပ်မှာ သွားသိမ်းထားတာလို့ ဆိုပါတယ်။
ဒီနေ့တော့ ကမ်ဖိုင်ဖစ်ရဲစခန်းက ငွေပျောက်ဆုံးမှုမှာ လိုအပ်တဲ့သက်သေတွေကို စစ်ဆေးမေးမြန်းပြီးဖြစ်ကြောင်း၊ ဒီအမှုမှာ ရှုပ်ထွေးမှုမရှိဘဲ ရှင်းလင်းပါတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါအိမ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့အိမ်ဖြစ်ပြီး တော်ရုံသူခိုးမတက်နိုင်ကြောင်း၊ ပွဲလာတဲ့ ပရိသတ်တွေမှာလည်း ဂုဏ်သရေရှိလူတွေချည်းဖြစ်ကြောင်း၊ ဓာတ်ပုံဆရာရိုက်ယူထားတဲ့ပုံ တွေထဲကနေလည်း ဘယ်သူကဘယ်ချိန် ဘယ်ထောင့်မှာ ဘာလုပ်နေလဲဆိုတဲ့ Timeline ကို ပြန်လည်စစ်ဆေးနေကြောင်း၊ ငွေထုတ်ထည့်ထားတယ်ဆိုတဲ့ အိပ်ခန်းတံခါးသော့ကို ကိုင်ဆောင်သူမှာလည်း သတို့သမီးနဲ့ သတို့သား နှစ်ဦးတည်းသာရှိတယ်လို့ ရဲစခန်းက သတင်းထောက်တွေကို ပြောပါတယ်။
ထိုင်းနိုင်ငံမှာ မင်္ဂလာဆောင်မျက်နှာပန်းလှဖို့ လက်ဖွဲ့ငွေအထုပ် ငှားရမ်းတဲ့ ဝန်ဆောင်မှုလည်းရှိပြီး ပျောက်ဆုံးသွားတဲ့ လက်ဖွဲ့ငွေအထုပ် ထုပ်ထားတဲ့ပုံစံမှာ အငှားဆိုင်က ပုံနဲ့လည်း တူသယောင်ရှိတာမို့ တချို့က ပျောက်သွားတဲ့ငွေထုပ်အပေါ် သံသယရှိနေကြပါတယ်။