ထိုင်းနိုင်ငံအနောက်ပိုင်း ရာ့ချ်ပူရီခရိုင် ဖိုးထားရမ်းမြို့နယ် ကျစ်ဆိမ်ယွန်းရပ်ကွက် စက်မှုဇုန်တခုမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်က ပေါက်ကွဲမှုဖြစ်ပွားတာကြောင့် အလုပ်သမား ၄ ဦးသေဆုံး၊ ၃ ဦး ဒဏ် ရာရသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
ဇူလိုင် ၁၆ ရက် ည ၁၀ နာရီလောက်က စက်မှုဇုန်ထဲမှာ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းရတဲ့အတွက် တာဝန်ရှိသူတွေ၊ လူနာတင်ကယ်ဆယ်ရေးယာဉ်တွေနဲ့အတူ သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ အခင်းဖြစ်တဲ့နေရာဟာ သတ္တုအရည်ကြိုစက်ရုံရဲ့ တတိယထပ် မီးအားညှိစက်ရှေ့မှာဖြစ်ပြီး အခင်းဖြစ်နေရာမှာ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးသူ အမျိုးသား ၃ ဦး၊ မီးဟပ်ဒဏ်ရာရ အမျိုးသား ၄ ဦးကို တွေ့ရတာလို့ ဆိုပါတယ်။
ကယ်ဆယ်ရေးအဖွဲ့က ဒဏ်ရာရလူနာတွေကို ဆေးရုံပို့ပေးခဲ့ပေမယ့် ဆေးရုံပြီးမကြာခင် ဒဏ်ရာရသူထဲက နောက်တဦး ထပ်မံသေဆုံးသွားပါတယ်။
စက်ရုံတာဝန်ရှိသူနဲ့ အနီးနားနေ အလုပ်သမားတို့ ပြောပြချက်အရ အဲဒီနေ့က အလုပ် ပိတ်ရက်ဖြစ်တာကြောင့် ပျက်နေတဲ့ မီးအားညှိစက်ပြုပြင်ဖို့ မီးပြင်ဆရာတွေ ခေါ်ခဲ့ကြောင်း၊ မီးပြင်သမားတွေဟာ မီးအားညှိစက်ပြင်ဖို့ ဝက်အူတခုကိုလှည့်ရာ ဘယ်လိုမှလှည့်မရတာကြောင့် ဂက်စ်သုံးပြီးဖွင့်ဖို့ကြိုးစားရာက မီးအားမြှင့်စက်ပေါက်ကွဲပြီး မီးထတောက်တာလို့ ဆိုပါတယ်။
မီးပြင်ဆရာတွေ လဲကျသွားတာမြင်တော့ ကူညီဖို့ရောက်လာတဲ့ စက်ရုံထဲကအလုပ်သမား ၄ ယောက်က ရေပိုက်နဲ့ မီးငြိမ်းဖို့ကြိုးစားစဉ် ဓာတ်လိုက်မှုထပ်ဖြစ်ပြီး သေဆုံးဒဏ်ရာ ရကြတာလို့ ဆိုပါတယ်။
ပေါက်ကွဲမှုဖြစ်ရတဲ့အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုစာရင်းတွေကို စိစစ်ဆဲဖြစ်ပြီး သေဆုံး ဒဏ်ရာရသူတွေအတွက် နစ်နာကြေးကိုတော့ သက်ဆိုင်ရာလူမှုဖူလှုံရေးအာမခံဌာနနဲ့ စက်ရုံပိုင် ရှင်က အပြည့်အဝ တာဝန်ယူပေးမယ်လို့ ဆိုပါတယ်။
သေဆုံးဒဏ်ရာရသူတွေဟာ ဘယ်နိုင်ငံသားတွေလဲ ဆိုတာကိုတော့ သတင်းမှာ မဖော်ပြထားဘဲ မီးပြင်ဆရာ ၃ ဦးရဲ့ အမည်တွေကတော့ ထိုင်းလူမျိုးလို့ ယူဆရပါတယ်။
ရာ့ချ်ပူရီခရိုင်ဟာ မြန်မာနိုင်ငံ တနင်္သာရီတိုင်းနဲ့ကပ်လျက် ပုလောမြို့နယ်ရဲ့ တဘက်ကမ်းမှာရှိပြီး မြန်မာအလုပ်သမားတွေ အမြောက်အမြား ဝင်ရောက်လုပ်ကိုင်နေကြတာပါ။