ချင်းပြည်နယ် မတူပီမြို့နယ်မှာ ဇန်နဝါရီ ၆ ရက်နေ့ကနေ ၉ ရက်နေ့အထိ မတူပီ CDFနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက Khonumthaung သတင်းဌာန တည်ထောင်သူအပါအဝင် အပြစ်မဲ့ပြည်သူ ၁၁ ယောက်ကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြု သတ်ဖြတ်ခဲ့ကြတယ်လို့ မတူပီ CDF ကနေ သိရပါတယ်။
မတူပီ-ဟားခါးလမ်းပေါ် ကီလှုန်းရွာနဲ့ လုံလှော်ရွာကြားမှာ ဇန်နဝါရီ ၆ ရက်နေ့ကစလို့ မတူပီ CDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ အပြင်းထန်ဖြစ်ပွားခဲ့ပြီး ဒေသခံတွေကို ဖမ်ဆီးကာ လမ်းပြ၊ လူသားဒိုင်းအဖြစ် အသုံးပြု သတ်ဖြတ်သွားကြတာလို့ မတူပီ-CDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
မတူပီ-CDF အနေနဲ့ စစ်မြေပြင်မှာ သတ်ဖြတ်ခံခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေအတွက် ဝမ်းနည်းကြေကွဲရသလို အကြမ်းဖက်စစ်ကောင်စီကျဆုံးတဲ့ အထိ လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်တွေက လူသားမဆန်စွာ သတ်ဖြတ်သွားတဲ့ထဲမှာ ချင်းပြည်နယ်အခြေစိုက် Khonumthaung သတင်းဌာန တည်ထောင်သူ၊ အယ်ဒီတာချုပ်လည်းဖြစ်တဲ့ Pu Tuidim လည်းပါဝင်ပြီး အခုလို အသတ်ခံရတဲ့အပေါ် မိသားစုနဲ့ ထပ်တူဝမ်းနည်းကြောင်း သတင်းဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်က Pu Tuidim အပါအဝင် အပြစ်မဲ့ပြည်သူတွေအား ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တဲ့အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း၊ နောက်နောင် အရပ်သားပြည်သူတွေကို အခုလို ဖမ်းဆီးပြီး လူမဆန်စွာ သတ်ဖြတ်တာတွေ ထပ်မံမကျူးလွန်ဖို့လည်း Khonumthaung သတင်းဌာနက တောင်းဆိုထားပါတယ်။
စစ်ကောင်စီတပ်တွေက ရက်ရက်စက်စက် အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်သွားတဲ့ထဲမှာ Mara မျိုးနွယ်စုဝင် ၂ ယောက်လည်းပါဝင်တာကြောင့် အကြမ်းဖက်စစ်ကောင်စီ အမြစ်ပြတ်တဲ့အထိ လက်တုံ့ပြန် တိုက်ခိုက်သွားမယ်လို့ CDF-Mara ကလည်း ဒီကနေ့ မနက်အစောပိုင်းမှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။
Photo-Matupi Cele
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ညောင်နီကန်အုပ်စု ဝက်ဖြူကျေးရွာက စစ်ကောင်စီတပ်တွေကို သတင်းပေးလမ်းပြလုပ်ပေးခဲ့တဲ့ အမျိုးသမီး ၂ ဦးကို အောက်တိုဘာလ ၁၂ ရက်က အသတ်ခံခဲ့ရပါတယ်။
အသတ်ခံရသူ အမျိုးသမီးနှစ်ဦးဟာ ဝက်ဖြူကျေးရွာက မချိုချိုဝင်းနဲ့မဌေးလင်းတို့ဖြစ်ပြီး မနေ့ည ၉ နာရီ လောက်က အမည်မသိအဖွဲ့အစည်းတခုက သူတို့ရဲ့နေအိမ်တွေကနေ ခေါ်ဆောင်သွားကာ ညောင်နီကန် အရှေ့ဘက် ဇရပ်တခုမှာ ဓားနဲ့ ခုတ်သတ်ထားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ဝက်ဖြူရွာကို စက်တင်ဘာလတုန်းက စစ်ကြောင်းဝင်သေးတယ်။ နေအိမ် ၅ လုံး ဖျက်ဆီးခံရတယ်။ ရွာသား ၄ ဦး အဖမ်းခံရတယ်။ အခုချိန်အထိ ပြန်မလွတ်သေးဘူး ထောင်ကျ သွားတယ်ပြောတယ်။ အဲဒီစစ်ကြောင်းဝင်တုန်းက သူတို့နှစ်ယောက်က လမ်းပြလုပ်တယ်။ လက်ညှိုးထိုးဖမ်းခိုင်းသလိုပေါ့ဗျာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အသတ်ခံရသူ အမျိုးသမီးနှစ်ဦးဟာ ဩဂုတ်လပိုင်းက ကာဘိုး NLD စည်းရုံးရေးလူငယ်တွေကို ရိုက်နှက်သတ်ဖြတ်ရာမှာ ဦးဆောင်ခဲ့တဲ့ ခရိုင်ပျူစောထီးခေါင်းဆောင်လို့ နာမည်ကြီးသူ ဦးသောင်းဌေးရဲ့ ညီမအရင်းနဲ့ တဝမ်းကွဲညီမတို့ဖြစ်တယ်လို့ သိရပါတယ်။
ရေဦးမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့စစ်တပ်သတင်းပေး ဒလန် ပျူစောထီး လို့နာမည်ကြီးသူ ၉ ဦး လောက် အသတ်ခံထားရတယ်လို့ သိရပါတယ်။