နိုင်ငံတဝန်း ပြီးခဲ့တဲ့ သီတင်းတပတ်အတွင်း စစ်ကောင်စီတပ်က အကြမ်းဖက် ဖမ်းဆီး၊ မီးရှို့၊ သတ်ဖြတ်မှုပေါင်း ၇၇ မှုအထိ ကျူးလွန်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကတည်းက ခုချိန်ထိတိုင်အောင် နိုင်ငံတဝန်း ပစ်သတ်သတ်ဖြတ်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကို ကျူးလွန်နေတာ ဖြစ်ပါတယ်။
လတ်တလော ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်ကနေ ၂၅ ရက်အထိ စစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကို တိုင်းဒေသကြီးနဲ့ ပြည် နယ်တွေအလိုက် မြို့ရွာတွေအလိုက် ဖော်ပြထားခဲ့ကာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းမှာ ဖမ်းဆီးမှု ၁၅ မှုအပါအဝင် မီးရှို့မှု ၁၃ မှု၊ သတ်ဖြတ်မှု ၂ မှု၊ မီးရှို့သတ်ဖြတ်မှု ၁ မှုနဲ့ ၆၅ ရာခိုင်နှုန်းနဲ့ အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ ရှမ်းပြည်နယ်၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ ဖမ်းဆီး၊ မီးရှို့၊ သတ်ဖြတ်မှုတွေ အများဆုံး ကျူးလွန်ခံခဲ့ရတယ်လို့ ဖော်ပြထားပြီး မြေပြင်မှာတော့ အခုထက်ပိုမိုပြီးတော့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါ တယ်။
NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ၁ နှစ်တာကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁,၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။
ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်က ဒေသခံ ၂၂ ဦးကို လူသားဒိုင်းကာအဖြစ် အသုံးပြုဖို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ပါတယ်။
ဘီးလင်းမြို့နယ်ထဲကို နယ်မြေကျူးကျော် စစ်ရေးဝင်ရောက် လှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဟာ ဇွန် ၁၇ ရက်ကနေ ဇူလိုင် ၁ ရက်အထိ ၁၅ ရက်တာကာလအတွင်း ရွာသား ၂၂ ဦးကို ပေါ်တာ ထမ်းဖို့နဲ့ လူသားဒိုင်းကာအဖြစ် အသုံးပြုဖို့ ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
လူသားဒိုင်းကာအဖြစ် အသုံးပြုဖို့ ဖမ်းဆီးခေါ်ဆောင်သွားသူတွေထဲမှာ အသက် ၁၃ နှစ်အရွယ် ကျောင်းသား ကလေးတဦးပါဝင်ပြီး သူတို့တွေဟာ ဒေါဇံကြီး၊ တောင်လွဲ၊ ကြိုးဝိုင်း၊ ဘောနော်နီ၊ မြစ်ကြိုး၊ မူးဒေး၊ လေးကေ့၊ မော်တိုခီး၊ မင်းစော၊ ကော်ဟဲကျေးရွာက ဒေသခံတွေ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူတွေရဲ့ ငွေကြေးနဲ့ တန်ဖိုးရှိ ပစ္စည်းတွေကို ခိုးယူ စားသုံးတာနဲ့ ဖျက်ဆီးမှုတွေကိုပါ ကျူးလွန်သွားကြောင်းနဲ့ ငွေကြေးတန်ဖိုး အနေနဲ့ ကျပ်သိန်း ၈၀ ကျော် ဖြစ်တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘီးလင်းမြို့နယ်ထဲကို နယ်မြေကျူးကျော် စစ်ရေးဝင်ရောက် လှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဟာ တပ်မ(၄၄) လက်အောက်ခံ တပ်ရင်း ၃ ရင်းဖြစ်ပြီး KNLA/KNDO ပူးပေါင်းအဖွဲ့နဲ့ ထိတွေ့ တိုက်ပွဲ ၈ ကြိမ် ဖြစ်ပွားထားပါတယ်။
KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်က စစ်ရေး ဝင်ရောက် လှုပ်ရှားနေတာကြောင့် KNLA/KNDO ပူးပေါင်းအဖွဲ့နဲ့ နှစ်ဖက် စစ်ရေး ဆက်လက် တင်းမာနေပါတယ်။
သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာရှိ ဒေသခံ ၂ ဦးနဲ့ ရဟန်း ၁ ပါးကို အာဏာသိမ်း စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်သွားတယ်လို့ KNU တပ်မဟာ(၁) သထုံခရိုင်က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က ထုံးဘိုလေးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ထုံးဘိုလေးကျေးရွာကို မီးရှို့ခဲ့တာပါ။
စစ်ကောင်စီတပ်က ထုံးဘိုလေးကျေးရွာကို မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၆၁ လုံး မီးလောင် ပြာကျခဲ့ပြီး ဘုန်းတော်ကြီးကျောင်းနဲ့ ကျေးရွာစာသင်ကျောင်းတွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။
မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ လူနေအိမ် ၃ လုံးရဲ့ ပြာပုံတွေထဲမှာ ဒေသခံ ၂ ဦးနဲ့ ရဟန်း ၁ ပါးရဲ့ အရိုးအစအနတွေ တွေ့ရှိပြီး၊ မီးရှို့သတ်ဖြတ်ခံလိုက်ရတဲ့ ရွာသားတွေဟာ အသက် ၃၉ နှစ်အရွယ် မသန်စွမ်းဖြစ်သူ စောဆာမူး၊ အသက် ၅၅ နှစ်အရွယ် စောမောင်လူပျိုနဲ့ သက်တော် ၅၄ နှစ်အရွယ် ဦးပဇင်း တီးထို့ပဝီးတို့ ဖြစ်ပါတယ်။
မီးရှို့သတ်ဖြတ်ခံရသူတွေဟာ အရှင်လတ်လတ်မီးရှို့သတ်ခံရတာ ဒါမှမဟုတ် သတ်ဖြတ်ပြီးမှ မီးရှို့ထားတာ ဖြစ်နိုင်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
KNLA ပူးပေါင်းအဖွဲ့ တာဝန်ရှိသူတဦးကတော့ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားတဲ့ ထုံးဘိုလေးကျေးရွာမှာ ဒေသခံ ၁၀ ဦးထက်မနည်း ပျောက်ဆုံးနေသေးတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
ထုံးဘိုလေးကျေးရွာအား မီးရှို့ပြီး ဒေသခံတွေကို သတ်ဖြတ်သွားတဲ့ လုပ်ရပ်ကို အာဏာသိမ်း စစ်ကောင်စီ တပ်မ ၄၄ နဲ့ တပ်မ (၂၂) လက်အောက်ခံတပ်တွေအပြင် ကရင်နယ်ခြားစောင့် (BGF) တပ်ဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ထုံးဘိုလေးကျေးရွာ ဒေသခံပြည်သူ ၃၀၀၀ လောက်ဟာ နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။