မွန်ပြည်နယ်၊ သထုံမြို့မဈေး ဈေးခေါင်းရုံးမှာ ဖေဖော်ဝါရီ ၁၈ ရက် မနက် ၁၁ နာရီခွဲလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီဈေးခေါင်းရုံး ဗုံးပေါက်ကွဲမှုကြောင့် ဈေးရောင်းနေသူ အပါအဝင် ၉ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အဲဒီထဲမှာ ၂ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သထုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရပါတယ်။
အဲဒီဗုံးပေါက်ကွဲမှုကြောင့် ဈေးခေါင်းရုံး အဆောက်အဦး ပျက်စီးခဲ့သလို အနီးနားက ပျံကျဆိုင်ခန်းပေါင်း ၂၀ နီးပါး ထိခိုက် ပျက်စီးခဲ့တာပါ။
ဈေးခေါင်းရုံး ဖောက်ခွဲဖျက်ဆီးမှုကို သူတို့အဖွဲ့က လုပ်ဆောင်တာလို့ မွန်-သထုံအထူးကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ကိုဗစ်ရောဂါအခြေအနေနဲ့ နိုင်ငံရေးအခြေနေတွေကြောင့် အများပြည်သူ စီးပွားရေးကျပ်တည်းနေချိန်မှာ စည်ပင်က ဈေးဆိုင်ခန်းတွေကို ဈေးအခွန်တိုးကောက်တာ၊ အကျင့်ပျက်ချစား စည်ပင်ဝန်ထမ်းတွေနဲ့ လက်ဝါးချင်းရိုက်ပြီး ဈေးသူဈေးသားတွေကို ဖိနှိပ်မှုတွေ လုပ်နေတာကြောင့် သတိပေးတဲ့အနေနဲ့ ဖောက်ခွဲရတာလို့ ဆိုထားပါတယ်။