မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာအနီးမှာ ဧပြီ ၂ ရက် မနက် ၇ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ကေအန်ယူဘက် ပြောပါတယ်။
KNLA ပူးပေါင်းတပ်တွေက နယ်မြေလုံခြုံရေး လိုက်လံဆောင်ရွက်စဉ် စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တွေ့ဆုံပြီးနောက် နာရီဝက်နီးပါးကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
ထိတွေ့ပစ်ခတ်မှုအတွင်း ထိခိုက်ကျဆုံးမှု အခြေအနေ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူသထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က ဒီဗွီဘီကို ပြောပါတယ်။
ပစ်ခတ်မှုအတွင်း ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ခရီးသွားတဲ့ ကျိုက်ထိုမြို့နေ အသက် ၃၂ နှစ် ကိုကောင်းထက်မြတ် သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ပစ်ခတ်မှုပြီးနောက် သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ - ၉ ကနေ ဒီနေ့ ဧပြီ ၂ ရက် မနက် ၈ နာရီခွဲအချိန်လောက်မှာ ချောင်းစောင့်ကျေးရွာထဲ လက်နက်ကြီး ၅ လုံးထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ချောင်းစောင့်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၁၆ နှစ်အရွယ် စောဖားလေဒေးနဲ့ အသက် ၁၇ နှစ်အရွယ် စောဆလီးကီးတို့ ကျည်ထိမှန် ဒဏ်ရာရှိခဲပါတယ်။
ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံ ၃ ဦးကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သထုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပေးပါတယ်။
ပြီးခဲ့တဲ့ မတ် ၈ ရက်ကလည်း သထုံမြို့နယ် ကျုံမိန်ကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၇ နှစ်အရွယ် မဝင်းဝင်းရီနဲ့ အသက် ၁၃ နှစ်အရွယ် မောင်ထိပ်ပြောင်းတို့ ၂ ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး နောက်ထပ် ဒေသခံတစ်ဦးနဲ့ ကလေးငယ် တစ်ဦးမှာလည်း ဒဏ်ရာအသီးသီး ရရှိခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံမြို့နယ်ထဲကို စစ်ကောင်စီတပ်က နေ့စဉ်နဲ့အမျှ လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ ဘဝမလုံခြုံမှု ပြဿနာကြောင့် ဥယျာဉ်ခြံတွေနဲ့ လုပ်ငန်းခွင်တွေထဲ မသွားရဲတော့လို့ မိသားစု စားဝတ်နေရေး ပိုမိုခက်ခဲလာကြတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
မတ်လအတွင်း KNLA တပ်မဟာ(၁)၊ PDF နဲ့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးအင်အားစု (TPDF)တွေပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်လောက်သေဆုံးပြီး ဒဏ်ရာရသူ ၇ ယောက်လောက်ရှိတယ်လို့ သထုံခရိုင် PDF က ထုတ်ပြန်ထားပါတယ်။
မွန်ပြည်နယ်၊ သထုံ-ဘီးလင်း အမြန်ကားလမ်းမကြီးဘေး ဒေါက်ရပ်ကျေးရွာနားမှာ စစ်ကောင်စီလက်အောက်ခံ အမှတ် (၈) ခြေလျင်တပ်ရင်း အဖွဲ့ဝင်တွေက ပြည်သူ ၂ ယောက်ကို အ ကြောင်းရင်းမရှိဘဲ သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး နောက်ထပ် ၂ ယောက်ဆီက ငွေကြေးနဲ့ ဖုန်းတွေ အဓမ္မ လုယူသွားခဲ့တယ်လို့ ကေအန်ယူဗဟိုက ထုတ်ပြန်ပါတယ်။
မတ် ၂၄ ရက်က ဘီးလင်းမြို့ကနေ ဒေါက်ရပ်ကျေးရွာဆီ လမ်းလျောက်ပြန်လာတဲ့ အသက် ၁၈ နှစ်အရွယ် စောငပြူးနဲ့ စောရဲနိုင်ဝင်းတို့ကို ပစ်သတ်ခဲ့ပြီး အဲဒီနေ့မှာပဲ အလားတူ ရွှေအင်းဒုံရွာက ဦးမြတ်သူနဲ့ ဦးဘမောင်တို့ဆီက ပါလာတဲ့ ငွေသားကျပ် ၅ သိန်းတို့ကို အတင်းအဓမ္မခြိမ်းခြောက်လုယူခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သူတို့လုယူသွားခဲ့တဲ့ ဖုန်းထဲက wave account ထဲမှာလည်း ငွေသားကျပ် ၁၅ သိန်းရှိတယ်လို့ သိရပြီးတော့ ပြစ်မှုကျူးလွန်သူတွေကတော့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ် အမှတ် (၈)ခြေလျင်တပ်ရင်းက အမည်မသိတပ်သား ၄ ယောက်နဲ့ တပ်ကြပ်ကြီး-မိုးဇက် ပါဝင်တဲ့ အဖွဲ့ဝင် ၅ ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ် တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။