close

သန့်ထက်

close

April 2, 2023

မြန်မာ့အရေးဆွေးနွေးမှုတွေ ဆူညံခဲ့တဲ့ မတ်လနဲ့ ကုလအစည်းအဝေးများ

မတ်လထဲမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ ပဋိညာဉ်စာချုပ်အရ အမြဲတမ်းဖွဲ့ထားတဲ့ ဒေါက်တိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ အထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီနဲ့ လူ့အခွင့်အရေးကောင်စီတို့မှာ မြန်မာ့အရေးနဲ့ ပတ်သက်တာတွေကို အဓိက ဆွေးနွေးကြပါတယ်။

နိုင်ငံတကာမှာ တရားဝင်မှုမရှိတဲ့ စစ်ကောင်စီ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ မိမိဘာသာ နာမည်ပေးထားတဲ့ စစ်ကောင်စီဟာ တရားမဝင် အာဏာသိမ်းအဖွဲ့သာဖြစ်ကြောင်း စစ်ကောင်စီက နိုင်ငံကိုထိရောက်တဲ့ ထိန်းချုပ်နိုင်မှု မရှိခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင်မရှိခြင်းနဲ့ ဒီမိုကရေစီအရ တရားဝင်မှုမရှိခြင်းတို့ကို အခြေခံပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောထားပါတယ်။

နိုင်ငံတကာက သတ်မှတ်ထားတဲ့ နိုင်ငံအပေါ် ထိရောက်တဲ့ ထိန်းချုပ်မှု လေးချက်စလုံး စစ်ကောင်စီမှာ ရှိမနေပါဘူး။ စစ်ကောင်စီက နိုင်ငံရဲ့ နယ်မြေတော်တော်များများကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဒေသနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက နယ်မြေတွေကို ထိန်းချုပ်ထားပါတယ်။ ဒုတိယအချက်အနေနဲ့ များပြားလှတဲ့ ပြည်သူလူထုက စစ်ကောင်စီအုပ်ချုပ်မှုအပေါ် နာခံမှုမရှိကြောင်းကို လက်နက်ကိုင်ဆန့်ကျင်မှု၊ ကန့်ကွက်ဆန္ဒပြမှုနဲ့ သပိတ်မှောက်မှုတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ နိုင်ငံအပေါ် အုပ်ချုပ်နိုင်စွမ်း မရှိတာနဲ့ တိုးပွားလာတဲ့ ပဋိပက္ခတွေကြောင့် စစ်ကောင်စီရဲ့ တည်ရှိမှုနဲ့ တည်မြဲမှုက သံသယဖြစ်စရာ ကောင်းလာနေပါတယ်။ စစ်ဘေးဒုက္ခသည် တသန်းကျော်ရှိနေပြီး နိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်က ဆင်းရဲမွဲတေမှုနဲ့ ကြုံနေရကာ လူပေါင်း ၁၇ သန်းကျော်က လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ အချက်အလက်တွေအရ ဖော်ပြပါတယ်။ နိုင်ငံတကာဥပဒေတွေကို လိုက်နာနိုင်ခြင်း မရှိတာကလည်း စစ်ကောင်စီက နိုင်ငံကို ထိရောက်တဲ့ ထိန်းချုပ်မှုမရှိကြောင်း ပြသနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာထိန်းသိမ်းရတာဖြစ်ကြောင်း အမြဲတစေ ဝါဒဖြန့် ပြောဆိုလေ့ရှိပါတယ်။ လက်တွေ့မှာတော့ အခြေခံဥပဒေအရ ရှိပြီးသား နိုင်ငံတော်သမ္မတကို ဖယ်ရှားပြီးမှ စစ်တပ်ခန့်ထားတဲ့ ဒုသမ္မတကို ယာယီသမ္မတ တင်လိုက်ခြင်းက ဖွဲ့စည်းပုံဥပဒေနဲ့ မကိုက်ညီပါဘူး။ စစ်တပ်ဘက်က မဲမသမာမှုဖြစ်က အချုပ်အခြာအာဏာကို ထိပါးစေနိုင်တယ်ဆိုတဲ့ အကြောင်းပြချက် ပေးလေ့ရှိပါတယ်။ နောက်တချက်ဖြစ်တဲ့ ဒီမိုကရေစီအရ တရားဝင်မှုမရှိတဲ့ အချက်ဆိုတာက စစ်ခေါင်းဆောင်အနေနဲ့ စစ်ရာထူးကလွဲရင် အစိုးရအဖွဲ့မှာ ပါဝင်ဆောင်ရွက်ခဲ့ဖူးတာ မရှိသလို စစ်ကောင်စီက ဒီမိုကရေစီအရ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရဆီက အာဏာသိမ်းယူခဲ့လို့ ပြည်သူဆီကလာတဲ့ အချုပ်အာဏာနဲ့ ပြည်သူကနေ ရွေးကောက်တင်မြှောက်ထားတယ်ဆိုပြီး ပြောနိုင်ခြင်းမရှိပါ။

လုံခြုံရေးကောင်စီ

မတ်လ ၁၃ ရက်နေ့တုန်းက လုံခြုံရေးကောင်စီမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာအပြင် အာဆီယံအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးအကြီးအကဲဖြစ်သူ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီတို့ရဲ့လည်း သူတို့ရဲ့ အစီရင်စာခံတွေကို ကုလ လုံခြုံ‌ရေးကောင်စီ အစည်းအဝေးမှာ ကြားနာသွားပါတယ်။ လုံခြုံရေးကောင်စီအနေနဲ့ ဒီဇင်ဘာ၊ ၂၀၂၂ က အကြမ်းဖက်တိုက်ခိုက်တာတွေ ရပ်ဖို့၊ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ လွတ်လပ်စွာပေးခွင့်ပြုဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ စတဲ့အချက်တွေ စစ်ကောင်စီထံတောင်းဆိုတဲ့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က ယခုအထိ လိုက်နာနိုင်ခြင်း မရှိတာကြောင့် စစ်ကောင်စီကို အရေးယူမှုတွေပါတဲ့ ထပ်လောင်းဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက အလိုရှိနေကြပါတယ်။

ယခင်တည်းက ကုလအထွေထွေညီလာခံက အာဏာသိမ်းမှုကို အပြင်းအထန်ရှုတ်ချကြောင်း  ဆုံးဖြတ်ခဲ့ပြီး မြန်မာပြည်သို့ လက်နက်များဝင်ရောက်မှုကို တားမြစ်ရန် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတိုင်းအား အကြံပြုချက်ကိုလည်း အထွေထွေညီလာခံက ထုတ်ပြန်ခဲ့ဖူးပေမဲ့ ရုရှားနဲ့ တရုတ်တို့ ပါဝင်နေတဲ့ လုံခြုံရေးကောင်စီက အထွေထွေညီလာခံရဲ့ အကြံပြုချက်ကို တရားဝင်ဆုံးဖြတ်ချက်အဖြစ် မပြဋ္ဌာန်းနိုင်ခဲ့ပါ။ ရုရှားနိုင်ငံအနေနဲ့ မြန်မာအကြမ်းဖက်စစ်အုပ်စုကို ကျောထောက်နောက်ခံအနေနဲ့ ရပ်တည်ပေးနေတာက လက်ခံနိုင်စရာ မရှိကြောင်းနဲ့ ဒီလိုအခြေအနေမှာ လက်နက်တွေ ထောက်ပံ့ပေးနေတာက တိုင်းပြည်အတွက် ကပ်ဆိုးဖြစ်လာနေတဲ့ ဒေသတွင်းပဋိပက္ခတွေကို မီးထိုးပေးရာ ရောက်နေတယ်လို့ အမေရိကန်ဘက်ကလည်း စိုးရိမ်နေပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် မြန်မာစစ်တပ်အနေနဲ့ တာဝန်ခံမှု ရှိစေဖို့အတွက် တကယ်လက်တွေ့ကျတဲ့၊ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ကုလသမဂ္ဂလုံခြံရေးကောင်စီကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က တိုက်တွန်းပါတယ်။ ကုလသမဂ္ဂပဋိညာဉ် အခန်း ၇ အရ လုံခြုံရေးကောင်စီအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုအပေါ် ပိတ်ပင်တာ အပါအဝင် မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (ICC)ထံ လွှဲပြောင်းပေးတာမျိုးနဲ့ စစ်ခေါင်းဆောင်တွေ၊ စစ်တပ်ပိုင်ကုမ္ပဏီတွေအပေါ်မှာ ပစ်မှတ်ထား ပိတ်ဆို့တာ အစရှိသဖြင့် အဓိပ္ပာယ်ပြည့်ဝတဲ့ ဆောင်ရွက်ချက်တွေနဲ့အတူ အရေးယူသင့်ကြောင်း HRW က ထောက်ပြပါတယ်။

လူ့အခွင့်အရေးကောင်စီနဲ့ အခြားအဖွဲ့အစည်းများ

စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ လူ့အခွင့်အရေးကို စနစ်တကျ ချိုးဖောက် ရက်စက်ယုတ်မာမှုတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မတ်လ ၇ ရက်က ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ၅၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အဆိုးဆုံးအနေအထားအထိ ရောက်နေပြီး အရပ်သားပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုက ၁၄၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကာ ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဘုရားရှိခိုးကျောင်းတွေကို စစ်ကောင်စီက တိုက်ခိုက်တာလည်း ၁၀၀ ရာခိုင်နှုန်း တိုးမြင့်လာတယ်လို့ ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ဆိုပါတယ်။ အစည်းအဝေးမှာ မြန်မာနိုင်ငံကိုယ်စားပြုနေရာနဲ့ ပါဝင်ခွင့်ရရှိဖို့ NUG နဲ့ စစ်ကောင်စီတို့ အပြိုင်ကြိုးစားခဲ့ပေမဲ့ လူ့အခွင့်အရေးကောင်စီက ဘယ်သူ့ကိုမှ ကိုယ်စားပြုခွင့်မပေးဘဲ လစ်လပ်နေရာအဖြစ် ထားပါတယ်။

မြန်မာလူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့ အကြံပြုချက်တွေမှာတော့ စစ်ကောင်စီကို အားပေးကူညီနေတဲ့ ရုရှား၊ တရုတ်၊ ဘီလာရုစ်၊ ဆော်ဒီနဲ့ သီရိလင်္ကာတို့ကို ၎င်းတို့မူဝါဒတွေ ပြန်လည်သုံးသပ်ဖို့၊ အာဆီယံနိုင်ငံတွေကို စစ်ကောင်စီနဲ့ မဆက်ဆံဖို့နဲ့ NUG ကို ပိုမိုထိတွေ့ဆက်ဆံဖို့၊ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရှုတ်ချဖို့ ပြောထားပါတယ်။ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျတို့လို နိုင်ငံတွေကိုလည်း စစ်ကောင်စီကို ရုရှားလိုလုပ်သလို အရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့နဲ့ ကုလအေဂျင်စီတွေကိုလည်း စစ်ကောင်စီကိုယ်စားလှယ်တွေ အစည်းအဝေးနဲ့ ပတ်သက်တာတွေမှာ မပါဝင်စေဖို့ အသိအမှတ်မပြုဖို့ ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းယူခဲ့ပြီးချိန်က စတင်ကာ အမျိုးသမီး ၄၀၀ ကျော် အပါအဝင် ပြည်သူ ၃,၀၀၀ ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး အထူးသဖြင့် အမျိုးသမီးဆန္ဒပြသူတွေကို ဦးခေါင်းတည့်တည့်ချိန်ကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကုလမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအမျိုးသမီးကော်မရှင် အစည်းအဝေးတခုမှာ ပြောထားပါတယ်။ စစ်တပ်က အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ အပါအဝင် ပြည်သူတရပ်လုံးကို စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့်နဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေဖြစ်ကြောင်းနဲ့ အဆိုပါပြစ်မှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုမျှသာ မဟုတ်တော့ဘဲ သူတို့ရဲ့ သဘောသဘာဝ၊ အတိုင်းအတာ၊ ပုံစံနဲ့ နည်းလမ်းတွေက နိုင်ငံတကာဥပဒေကို ကြီးလေးစွာ ချိုးဖောက်တာလို့ ခေါင်းစဉ်တပ်နိုင်ပြီး သူတို့ချိုးဖောက်နေတဲ့ ပြစ်မှုတွေက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုနဲ့ စစ်ရာဇဝတ်မှု မြောက်တယ်လို့လည်း ပြောပါတယ်။

ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိစေဖို့ အခုအချိန်ကာလဟာ ကုလအနေနဲ့ “အကာအကွယ်ပေးရန်တာဝန်ရှိမှု R2P” အရ အရေးယူဆောင်ရွက်ရမယ့် အလိုအပ်ဆုံးအချိန် ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇန်နဝါရီလက ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီမှာ ဇန်နဝါရီလထဲက ပြောခဲ့ပါသေးတယ်။

အစည်းအဝေးများအပေါ်ဝေဖန်မှုများ

မြန်မာစစ်တပ်ကိုလည်း အိုင်စီစီနဲ့ တခြားဖြစ်နိုင်တဲ့ နိုင်ငံတကာ တရားစီရင်ရေး ယန္တရားများ အားလုံးကတဆင့် အရေးယူဖို့ အချိန်ကျရောက်နေပြီလို့ တော်လှန်ရေးအဖွဲ့အစည်းတွေက ပြောထားသလို ကုလသမဂ္ဂ အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ (SAC-M) ကလည်း ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ မြန်မာစစ်တပ်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (အိုင်စီစီ) ကနေ အရေးယူပေးဖို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။ စစ်တပ်ဟာ အာဏာသိမ်းပြီးချိန်ကစလို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရက်ရက်စက်စက် ကျူးလွန်နေပြီး ၂ဝ၂၂ ခုနှစ် တလျှောက်လုံးမှာလည်း ရပ်သွားတာမရှိဘဲ ဆက်လက် ကျူးလွန်နေတယ်လို့ ကုလအရာရှိဟောင်းတွေက ထောက်ပြပါတယ်။

ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအတွက် R2P မူကို အသုံးပြုပြီး ကူညီပေးဖို့နဲ့ No-Fly Zone လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးရေး မြန်မာပြည်သူပြည်သားတွေဟာ စစ်အာဏာသိမ်းကတည်းက ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ပေမဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုက်အဝန်းက အလေးတယူ လုပ်ဆောင်ပေးခဲ့တာ မရှိပါဘူး။

မကြာသေးခင်ကပဲ ယူကရိန်းမှာကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (အိုင်စီစီ) က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖမ်းဝရမ်းထုတ်ထားပါတယ်။ စစ်ရာဇဝတ်မှု အထောက်အထားတွေ အများအပြားရှိတယ်လို့ ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ကလည်း ပြောဆိုနေပေမဲ့ အခုအချိန်အထိ တမှုတလေတောင် တရားရုံးတင် လက်တွေ့အရေးယူ ဆောင်ရွက်တာ မရှိသေးပါဘူး။ မြန်မာ့အရေးဟာ ယူကရိန်း၊ အာဖဂန်နစ္စတန်နဲ့ အီရန်တို့နဲ့ အပြိုင်ဖြစ်နေပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှု၊ အကူအညီပေးမှုနဲ့ အရေးယူဆောင်ရွက်မှုတွေ ရရှိဖို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အရပ်ဘက်အဖွဲ့တွေက အကြိမ်ကြိမ် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ စစ်ရေး၊ စီးပွားရေး တင်းမာမှု အခြေအနေတွေကြောင့် မြန်မာ့အရေးဟာ အချိန် ၂ နှစ်ကျော်ကြာတဲ့အထိ နိုင်ငံတကာရဲ့ ထိရောက်တဲ့ အကူအညီပေးမှုနဲ့ အရေးယူ လုပ်ဆောင်တာတွေ မရှိသေးပါဘူး။

ကုလရဲ့ ဗီတိုအာဏာကိုင်ထားတဲ့ လုံခြုံရေးကောင်စီမှာ စစ်ကောင်စီကို ပြင်းပြင်းထန်ထန် အရေးယူဖို့ ဆွေးနွေးလိုက်တိုင်း ရုရှားနဲ့ တရုတ်တို့ကြောင့် အရေးယူပိတ်ဆို့မှုတွေအစား မပြင်းထန်တဲ့ တိုက်တွန်းတောင်းချက်တွေပဲ ဖြစ်လာတာများလို့ စစ်ကောင်စီက အကြမ်းဖက်မြဲ ရာဇဝတ်မှုတွေ ကျူးလွန်မြဲ ဖြစ်နေပါတယ်။ အထွေထွေညီလာခံက ကမ္ဘာ့နိုင်ငံအားလုံးနီးပါး ပါတာကြောင့် မဲခွဲပြီး လွှမ်းမိုးမှုရှိတဲ့ တောင်းဆိုချက်တွေ ပြုလုပ်ပြီး ဖိအားပေးတာ ရှိပါတယ်။ လူ့အခွင့်အရေးကောင်စီမှာတော့ မြန်မာ့အရေး အထူးအလေးပေး ဆွေးနွေးပေမဲ့ ရလာတဲ့ အစီရင်ခံစာနဲ့ အဆိုတွေကို နိုင်ငံတကာ တရားစီရင်ရေးယန္တရားတို့ကို အထောက်အထားအနေနဲ့ ပေးပို့နိုင်ပြီး အရေးယူနိုင်တဲ့ ဆုံးဖြတ်ချက်တော့ ချမှတ်နိုင်ခြင်း မရှိပါဘူး။ အစည်းအဝေးတွေများပြီး စစ်ကောင်စီကို ထိရောက်တဲ့ အရေးယူနိုင်ခြင်း မရှိတာကြောင့် မြန်မာပြည်သူတွေနဲ့ အရပ်ဘက်အဖွဲ့တွေက ဝေဖန်မှုတွေ အများအပြား ရှိနေပါတယ်။

သန့်ထက်

10 mins Ago

March 23, 2023

အကြမ်းဖက်ခေါင်းစဉ်တပ်ပြီး ဆန့်ကျင်သူများအပေါ် ပိုမိုဖမ်းဆီးလာသော စစ်ကောင်စီ

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်လာတာနဲ့အမျှ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ တနေ့တခြား တိုးပွားလာပါတယ်။ အာဏာသိမ်းတဲ့ ပထမနှစ်မှာ စစ်ကောင်စီဆန့်ကျင်သူတွေကို ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးလေ့ရှိပေမဲ့ ၂၀၂၁ နောက်ပိုင်းမှာ အထူးသဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအောက်ကနေ ဖမ်းဆီးပြီး စွဲချက်တင်လာတာတွေ ပိုမိုများပြားလာပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအောက်ကနေ ဖမ်းဆီးခံထားရသူ ၂,၇၀၀ နီးပါး ရှိနေတာကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်တွေမှာ တွေ့ရပါတယ်။ အကြမ်းဖက်မှုကို ကျူးလွန်ရင်ဖြစ်ဖြစ် ငွေကြေးထောက်ပံ့ရင်ဖြစ်ဖြစ် ထောင်ဒဏ်ဆယ်နှစ်ကနေ အမြင့်ဆုံး တသက်တကျွန်းထိ ချမှတ်နိုင်တယ်လို့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေမှာပြဋ္ဌာန်းထားပြီး တချို့ပုဒ်မတွေမှာ သေဒဏ်အထိ ချမှတ်နိုင်ပါတယ်။

ယခင်အစိုးရတွေ လက်ထက်က စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိသူတွေနဲ့ ထောက်ခံသူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ စွဲလေ့ရှိပါတယ်။ ၂၀၁၄ မှာ ပြဋ္ဌာန်းခဲ့တဲ့ ဒီဥပဒေကြောင့် ယခင်အစိုးရလက်ထက်မှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံရတဲ့ ရက္ခိုင့်တပ်တော် (အေအေ)နဲ့ ဆက်စပ်သူတွေကို ဖမ်းဆီးတရားစွဲဆို ထောင်ချတာတွေ ရှိခဲ့ပါတယ်။ 

အာဏာသိမ်းပြီးနောက်ပိုင်း ခြောက်လအကြာမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကို စစ်ကောင်စီက ပြင်ဆင်ဖြည့်စွက် ပြဋ္ဌာန်းခဲ့ပါတယ်။ ရှေ့နေတွေ၊ CDM ဝန်ထမ်းတွေ၊ လွှတ်တော်အမတ်တွေ၊ စစ်ကောင်စီကို ဆန့်ကျင်သူတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေသာမက အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အလှူငွေ အနည်းငယ်လှူဒါန်းတဲ့ သာမန်ပြည်သူတွေကိုပါ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းတာတွေ ရှိလာပါတယ်။ ငွေကြေးအနည်းငယ်ကို KBZ Pay ၊ Wave Money တို့လို အွန်လိုင်းငွေလွှဲဝန်ဆောင်မှုတွေက လွှဲပေးတာအပါအဝင် အမျိုးသမီးနဲ့ စစ်ဘေးရှောင်တွေကို အမျိုးသမီးလစဉ်သုံးပစ္စည်းနဲ့ ဆန်ကဲ့သို့ ရိက္ခာတွေ လှူဒါန်းတာကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးမှုတချို့ ရှိခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေမှာဆိုရင်  ဖမ်းဆီးရမိတဲ့သူတွေကို စစ်ခုံရုံးတွေကနေ နိုင်ငံတော်ပုန်ကန်မှု၊ အကြည်ညိုပျက်စေမှုများသာမက လူသတ်မှု၊ လုယက်မှု၊ မူးယစ်ဆေးမှု အစရှိတဲ့ ရာဇဝတ်မှုတွေကိုပါ ထည့်သွင်းစွဲဆိုပြီး အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်လေ့ရှိပါတယ်။

အခုနှစ် မတ်လဆန်းပိုင်းထဲမှာပဲ အကြမ်းဖက်တိုက်ဖျက်ရေး နည်းဥပဒေသစ်ကိုလည်း ထပ်မံထုတ်ပြန်ထားပါတယ်။ အီလက်ထရောနစ် သတင်းအချက်အလက် ကြားဖြတ်ဖမ်းယူတာ၊ ဖြတ်တောက်တာ၊ ကန့်သတ်တာနဲ့ တည်နေရာ အတည်ပြုတာတွေ လုပ်ဖို့ မိုဘိုင်းအော်ပရေတာတွေဘက်က မငြင်းဆန်နိုင်ရန်နဲ့ အော်ပရေတာတွေဆီက သတင်းအချက်အလက် တောင်းဆိုမိန့်ကို ရက်ပေါင်း ၆၀ (နှစ်လ) အထိ လုပ်ဆောင်နိုင်ပြီး လိုသေးရင် သက်တမ်းတိုးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ရရှိလာတဲ့ အချက်အလက်တွေကို အကြမ်းဖက်မှု ဒါမှမဟုတ် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနဲ့ဆိုင်တဲ့ စုံစမ်းထောက်လှမ်းမှုနဲ့ စစ်ဆေးမှုတွေမှာ အသုံးပြုနိုင်ပြီး သက်သေအဖြစ်ပါ တင်သွင်းနိုင်တယ်လို့ ပါရှိပါတယ်။ တရားလိုပြသက်သေကို အကာအကွယ်ပေးဖို့ သေချာဖော်ပြထားပြီး တရားခွင်မှာ စွပ်စွဲခံရသူတွေနဲ့ ဗီဒီယိုကွန်ဖရင့်နဲ့ ထွက်ဆိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။ အရင်ကတည်းက စစ်ကောင်စီအနေနဲ့ ဒီဥပဒေမပြဋ္ဌာန်းခင်တည်းက ကြားဖြတ်ဖမ်းယူ ဖုန်းနားထောင်တာတွေ လုပ်ခဲ့ပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ထောက်ပံ့နေတဲ့ ပြည်သူတွေကို တရားစွဲဆိုတဲ့အခါမှာ ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဥပဒေအကာအကွယ်ယူဖို့ နည်းဥပဒေတွေ ထုတ်ပြန်ထားတာလို့ နည်းပညာကျွမ်းကျင်သူတွေက ပြောထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဩဂုတ်လ၊ ၂၀၂၁ မှာ ပြင်ဆင်ဖြည့်စွက်လိုက်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေမှာဆိုရင်လည်း တချို့ပုဒ်မတွေကို ကျူးလွန်ရင် အရင်က ထောင်ဒဏ် ၃ နှစ်မှ ပြင်ဆင်ပြီးနောက်ပိုင်း ၇ နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်ရန် ပြဋ္ဌာန်းခဲ့ပါတယ်။ အဆိုပါကာလမှာ စစ်သင်တန်းသွားတက်ပြီး ပြန်လာတဲ့ လူငယ်တွေနဲ့ ငွေကြေးထောက်ပံ့သူတွေ၊ တခြားပုံစံမျိုးစုံနဲ့ ကူညီနေသူတွေကို ဖမ်းဆီးဖို့ ရည်ရွယ်ရန် စစ်ကောင်စီက ပြင်ဆင်ပြဋ္ဌာန်းခဲ့တာလို့ ဥပဒေအသိုင်းအဝိုင်းက ယူဆခဲ့ကြပါတယ်။ ပြင်ဆင်ချက်မှာ ပုဒ်မ ၅၂ နဲ့ ပုဒ်မခွဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါ်ပေါက်လာတာကို တုံ့ပြန်ဖို့နဲ့ စစ်သင်တန်း သွားရောက်တက်တာတွေ ထောက်ပံ့အားပေး ကူညီမှုမျိုးစုံကို ထိန်းချုပ်ဖို့ စစ်ကောင်စီက ဖြည့်စွက်ခဲ့တယ်လို့ ဥပဒေအသိုင်းအဝိုင်းက ယူဆကြပါတယ်။

ဖမ်းဆီးအရေးယူနိုင်တဲ့ ပြဋ္ဌာန်းချက်တချို့ကတော့ “အကြမ်းဖက်အုပ်စု တခုခုတွင်ဖြစ်စေ၊ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင်ဖြစ်စေ သူတဦးဦးအား ပါဝင်စေရန် တိုက်တွန်းမှု၊ စည်းရုံးသိမ်းသွင်းမှု၊ ဝါဒဖြန့်မှု၊ စုဆောင်းရန် ပြုလုပ်မှုများ၊ အကြမ်းဖက်အုပ်စု ဖွဲ့စည်းရန်၊ အကြမ်းဖက်အုပ်စု တခုခုတွင် သိလျက်နှင့် ပါဝင်ဆောင်ရွက်ရန်၊ တာဝန်ပေး၍ လှုပ်ရှားဆောင်ရွက်စေရန် ပြုလုပ်မှုများ၊ အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စုတခုခု၏ အဖွဲ့ဝင်ကိုဖြစ်စေ ဖမ်းဆီး၍ အရေးယူခြင်း မပြုနိုင်စေရန် သို့မဟုတ် လွတ်မြောက်စေရန်အလို့ငှာ ထိန်ချန်ခြင်း သို့မဟုတ် သိလျက်နှင့် ခိုလှုံခွင့်ပေးခြင်း၊ ပုန်းအောင်းခွင့်ပေးခြင်း၊ ယာယီတည်းခိုနေထိုင်ခွင့်ပေးခြင်း သို့မဟုတ် ဝှက်ထားခြင်း ပြုလုပ်မှုများ၊ အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စုတခုခု၏ အဖွဲ့ဝင်ကိုဖြစ်စေ အဆောက်အအုံနှင့် နေရာတခုခုကို အသုံးပြုခွင့်၊ စုဝေးခွင့်၊ အစည်းအဝေးပြုလုပ်ခွင့်ပေးရန်၊ အကြမ်းဖက်မှုဆိုင်ရာ လေ့ကျင့်သင်တန်းပေးရန် သို့မဟုတ် သယ်ယူပို့ဆောင်ရေး စီစဉ်ဆောင်ရွက်ပေးရန် ပြုလုပ်မှုများ” စတာတွေ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က အကြမ်းဖက်မှုနဲ့ ဖမ်းဆီးရမိတဲ့ တော်လှန်ရေးအင်အားစုတွေကို စွဲချက်တင်တာဟာ ပိုမိုကြီးလေးတဲ့ ထောင်ဒဏ်ချမှတ်ခံရဖို့နဲ့ ပုဒ်မ ၅၀၅ လို နိုင်ငံရေးပုဒ်မတွေ အစား အကြမ်းဖက်မှုပုဒ်မတပ်ပြီး တရားစွဲဆိုတာကြောင့် နိုင်ငံတကာအမြင်မှာ မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားထက် အကြမ်းဖက်မှု ရာဇဝတ်မှု ကျူးလွန်လို့ ဖမ်းဆီးထားတာလို့ အမြင်ရောက်သွားစေရန် ပြုလုပ်ထားတာလို့ ဥပဒေအသိုင်းအဝိုင်းဘက်က ယူဆပါတယ်။ ဒါပေမဲ့ ကုလလူ့အခွင့်အရေးကောင်စီ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းနဲ့ နိုင်ငံအများစုက စစ်ကောင်စီအနေနဲ့ အတုအယောင် တရားစီရင်ရေးတွေ ပြုလုပ်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို လှုံ့ဆော်မှု၊ နိုင်ငံတော်ပုန်ကန်မှု၊ အကြမ်းဖက်မှု၊ မတရားသင်း ဆက်သွယ်မှု စတဲ့ ပုဒ်မမျိုးစုံတွေတပ်ပြီး ထောင်ဒဏ်နှစ်ရှည် ချမှတ်ထားအောင် ပြုလုပ်ထားတာလို့ပဲ ယူဆကြပါတယ်။ ပြီးခဲ့တဲ့လကပဲ စစ်တပ်က ဖမ်းဆီးထားတဲ့ ထင်ရှားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို NUG အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့လို့ အမြင့်ဆုံး ထောင် ၇ နှစ်ချနိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) နဲ့ ထပ်တိုးအမှုဖွင့်ထားပါတယ်။ အရင်ကတည်းက KBC ဥက္ကဋ္ဌဟောင်းကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)၊ ရာဇသတ်ကြီးဥပဒေပါ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က) တို့နဲ့ အမှုဖွင့်ထားပြီး ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး တော်လှန်ရေးမှာ ပါဝင်နေတဲ့ ကျောင်းသား၊ လူငယ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ CDM အစိုးရဝန်ထမ်းတွေနဲ့ ငွေကြေး၊ ရိက္ခာနဲ့ အခြားထောက်ပံ့မှုတွေ ပြုလုပ်ထားတဲ့ သာမန်ပြည်သူတွေကိုလည်း အကြမ်းဖက်မှု အပါအဝင် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ မတရားသင်းဆက်သွယ်မှု၊ လက်နက်များအက်ဥပဒေနဲ့ ပေါက်ကွဲစေတတ်သောပစ္စည်းများ အက်ဥပဒေ အစရှိတာတွေနဲ့ ပုဒ်မသုံးလေးခုတပ်ပြီး ထောင်နှစ်ရှည်ကျစေရန် စစ်ကောင်စီဘက်က ဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။ 

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်အထိ နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ  ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၆၉၂၅ ဦးရှိပြီး  ၅၁၆၃ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ‌စောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

သန့်ထက်

1 week Ago
Up