ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့မမြောက်ရပ်ကွက်၊ မြို့မဈေးအနီး၊ လမ်းမတော်လမ်းနဲ့ ဇာတ်ရုံ လမ်းထောင့်က ဝန်ထမ်းလိုင်းခန်းတွဲမှာ မေ ၉ ရက် မနက်အစောပိုင်းက မီးလောင်မှု ဖြစ်ပွား ခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က သိရပါတယ်။
မနက် ၀၀ နာရီ ၂၇ မိနစ်ခန့်က မီးလောင်မှု သတင်းရခဲ့ပြီး သန်လျင်မီးသတ်ဌာန မီးသတ်ယာဉ် ၅ စီးနဲ့ အရပ်ဖက်အသင်းတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၁ နာရီလောက် မီးငြိမ်း သွားပါတယ်။
မြို့ခံကယ်ဆယ်ရေးအသင်း ယာဉ်တာဝန်ခံက "စက်ရုံလိုင်းခန်းတွဲ စာတိုက်ဘေးက လမ်းမှာ လောင်တာပါ။ မြို့မမြောက်ရပ်ကွက် အပိုင်ထဲကပဲ။ မီးသတ်ကားက ၅ စီး လောက်လာတယ်။ အတွင်းပိုင်း အကုန်လုံး ပျက်စီးသွားတယ်။ လူထိခိုက်တာ တော့ မရှိဘူး "လို့ ဆိုပါတယ်။
မီးလောင်မှုကြောင့် သန်လျင်ရေနံချက်စက်ရုံဝန်ထမ်းလိုင်းခန်းတွဲ သွပ်မိုးအုတ်ကာ ၁ ထပ် အဆောက်အအုံ ၆ ခန်းတွဲ ပျက်စီးဆုံးရှုံးသွားပြီး လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။
မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းအရင်းနဲ့ ပျက်စီး ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက် နေဆဲ ဖြစ်တယ်လို့ သိရပြီး မီးလောင်ကျွမ်းမှုစတင်ခဲ့တဲ့ အခန်းနေသူကိုတော့ သန်လျင်မြို့မရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ရန်ကုန်မှာ မေ ၁ ရက်က တောင်ဥက္ကလာပမြို့နယ်မှာ မီးလောင်မှုကြောင့် နေအိမ် ၄ လုံး၊ မေ ၄ ရက်က သာကေတမြို့နယ်မှာ မီးလောင်မှုကြောင့် နေအိမ် ၆လုံးနဲ့ တခြမ်း၊ မေ ၇ ရက်က အင်းစိန်မြို့နယ်မှာ မီးလောင်မှုကြောင့် နေအိမ် ၁ လုံးနဲ့ အိမ်ခန်း ၄ ခန်းတွဲ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်မှာ လူသိများတဲ့ စစ်ကောင်စီ သတင်းပေးဒလန်တစ်ဦး အောက်တိုဘာ ၃ ရက် မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရလို့ သေဆုံးခဲ့ပါတယ်။
ဒလန်လို့ နာမည်ကြီးနေတဲ့ အုန်းသန်းဟာ ဒီနေ့မနက်က ဘိလိယက်ခုံကအပြန် တာဝ၊ ကညင်ပင် ဘုန်းကြီးကျောင်းရှေ့နားမှာ သေနတ်နဲ့ ၃ ချက် အပစ်ခံရလို့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ခေါင်းကို တစ်ချက်၊ ဗိုက်ကို ၂ ချက် အပစ်ခံရလို့ ပွဲချင်းပြီး သေတယ်။ ဘယ်သူတွေ ပစ်တယ် ဆိုတာတော့ သေချာမသိရသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေနတ်ပစ်ခံပြီးနောက်ပိုင်း အခင်းဖြစ်ပွားရာနေရာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား အများအပြား ရောက်လာပြီး ပိတ်ဆို့စစ်ဆေးမေးမြန်းနေပါတယ်။