close

သန်လျင်

close

April 18, 2023

သန်လျင်တွင် အငြိမ်းစားဒုဗိုလ်မှူးကြီး အပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၊ ထန်းပင်ကုန်းလမ်းမှာ ဧပြီ ၁၈ ရက် ဒီနေ့မနက်က ပစ်ခတ်မှုဖြစ်ပြီး အငြိမ်းစားဒုဗိုလ်မှူးကြီး အောင်ညီထွန်း အပါအဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့မနက် ၁၁ နာရီကျော်က ထန်းပင်ကုန်းလမ်း အမှတ် ၃ ကျောင်းအနီးက နေအိမ်မှာ အငြိမ်းစား ဒုဗိုလ်မှူးကြီးအောင်ညီထွန်းမှာ မိသားစုဝင်နှစ်ဦးနဲ့စကားပြောနေစဥ် ပစ်ခတ်ခံရတာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“သုံးယောက် စကားထိုင်ပြောနေတဲ့အချိန် ဆိုင်ကယ်နဲ့လာပစ်သွားတာ။ အပစ်ခံရတဲ့အချိန် မသေဘူး၊ ဆေးရုံပို့မှသေတာ” လို့ ပြောပါတယ်။

သေဆုံးသူမှာ စစ်ကောင်စီတပ်က ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ညီထွန်းဖြစ်ပြီး ကျန်နှစ်ဦးကတော့ ဦးအောင်မျိုးဆွေနဲ့ ဦးခင်မောင်သိန်းတို့ ဖြစ်ကြကာ မိသားစုဝင်တွေဖြစ်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူအတည်ပြုပြောပါတယ်။

“သေတာ ဒုဗိုလ်မှူးကြီး အောင်ညီထွန်းပါ၊ ကျန်တာက ဆွေမျိုးသားချင်းတွေ၊ ခရမ်းဆေးရုံပို့ဖို့လုပ်တဲ့အချိန် သေတာ။”

လတ်တလောမှာ သန်လျင်တံတား အပါအဝင် တာဝတက္ကသိုလ်အရှေ့၊ ထန်းပင်ကုန်းရပ်ကွက်မှာ စစ်ကောင်စီတပ်တွေက ကား၊ ဆိုင်ကယ်နဲ့ လမ်းသွားလမ်းလာတွေကို ရှာဖွေစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

16 hours Ago

March 21, 2023

သန်လျင်တွင် အရက်သောက်ပြီး ရေဆင်းကူးရာမှ အမျိုးသား ၂ ဦး ရေနစ်သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့၊ ပဲခူးစုရပ်ကွက်မှာ မတ်လ ၂၀ ရက် ညနေလေးနာရီက နိုင်ငံခြားသင်္ဘောက ပြန်လာတဲ့အချိန် သူငယ်ချင်းသုံးဦး စုပြီး အရက်သောက်ကာ စက်ကန် ၂ မှာ ရေဆင်းကူးရာက ၂ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုင်ငံခြားသင်္ဘောက ပြန်လာပြီးနောက် ဒလမြို့နဲ့ အင်းစိန်မြို့နယ်တွေမှာ နေထိုင်တဲ့ သူငယ်ချင်းနှစ်ဦးဟာ သန်လျင်မြို့နယ် အမှုထမ်းရပ်ကွက်မှာ နေထိုင်တဲ့မိတ်ဆွေဆီ အလည်လာပြီး အရက်သေစာသောက်စားကာ ပဲခူးစုရပ်ကွက် စက်ကန် ၂ မှာ ရေဆင်းကူးရာက နှစ်ဦး ရေနစ်သေဆုံးခဲ့တာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူငယ်ချင်းသုံးယောက် ရေဆင်းကူးတယ်၊ သန်လျင်ကတယောက်က ရေမကူးတတ်တော့ ရေတိမ်တဲ့ဘက်မှာ ကူးတယ်၊ ကျန်တဲ့နှစ်ယောက်က ရေနက်တဲ့ဘက်ကူးရင်း ရေနစ်သေတာ။”

သူငယ်ချင်းနှစ်ဦး ရေနစ်ပြီး ပြန်ပေါ်မလာတဲ့အတွက် ကျန်နေသူက နီးစပ်ရာကို အကူအညီတောင်းကာ မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေက ကူညီရှာဖွေပေးရာ ညနေငါးနာရီခွဲမှာ သေဆုံးသူနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အမှန်က သုံးဦး ရေဆင်းကူးတာ၊ အင်းစိန်မှာနေတဲ့သူ ရေနစ်နေလို့ ဒလကလူက သွားကယ်ရင်း နှစ်ယောက်လုံး နစ်သွားတာ။”

သေဆုံးသူနှစ်ဦးဟာ တယောက်က အင်းစိန်မြို့နယ်မှာနေထိုင်ပြီး နောက်တယောက်က ဒလမြို့မှာ နေထိုင်တာဖြစ်ကာ သူတို့အလောင်းတွေကို သန်လျင်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပါတယ်။

မတ်လ ၁၉ ရက် နေ့လယ်ကလည်း နတ္တလင်းမြို့ ချောင်းတခုမှာ မိသားစုငါးဦး ရေဆင်းကူးရာက မိခင်ဖြစ်သူနဲ့ သမီးနှစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့က မြို့နယ်တွေမှာ ရေကူးရင်း ရေနစ်သေဆုံးသူတွေ ရေထဲခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်သူတွေလည်း ရှိပါတယ်။

4 weeks Ago
Up