close

သန်း ၂၀

close

January 3, 2022

မြန်မာနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ သန်း ၂၀ ကျော်ရှိ

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူအရေအတွက် ၂၀ ဒသမ ၈၁ သန်း ကျော်ရှိလာပြီလို့  စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်မှာတော့ တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ် ဆေးကို ဦးတည်အုပ်စုတွေအလိုက် ထိုးနှံပေးနေပြီး ဇန်နဝါရီ ၁ ရက်နေ့အထိ ကာကွယ် ဆေး ၁ ကြိမ်ထိုးနှံပြီးသူ ၅ ဒသမ ၂၄ သန်းကျော်၊ ၂ ကြိမ်အပြည့်ထိုးနှံပြီးသူ  ၁၅ ဒသမ ၅၇ သန်းကျော်နဲ့ စုစုပေါင်း ၂၀ ဒသမ ၈၁ သန်းရှိခဲ့ပြီလို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၂၁ နှစ်ကုန်မှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်မယ်လို့ ပြောထားတာပါ။

ဒါပေမဲ့ ပြည်သူတွေကြားမှာတော့ စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးနှံသူအရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၅၃၀,၀၀၀ ကျော်နဲ့ သေ ဆုံးသူ ၁၉,၀၀၀ ကျော်ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

ဒါ့အပြင် လတ်တလော အိုမီခရွန် ကူးစက်ခံရမှုအနေနဲ့ ဒူဘိုင်းမြို့ကနေ ပြန်လာတဲ့ မြန်မာနိုင်ငံသား ၄ ယောက်မှာ ရောဂါပိုး တွေ့ရှိရကြောင်း ဒီဇင်ဘာ ၂၈ ရက်နေ့က  ထုတ်ပြန်ထား တာကို တွေ့ရပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ် ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေး ပါဘူး။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၁၁ လကျော် ကြာမြင့် ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာတွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေ ကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာစတဲ့ အချက် တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု လုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

15 mins Ago

August 11, 2020

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ သန်း ၂၀ ရှိ၊ အားလုံးပူးပေါင်းတိုက်ဖျက်ရန် WHO တိုက်တွန်း 

ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ဖျက်ဖို့အတွက် နိုင်ငံအားလုံးက အစိုးရနဲ့ နိုင်ငံသားအားလုံး ပူးပေါင်း ကြိုးပမ်းဖို့ WHO ညွှန်ချုပ် တက်ဒရိုဂတ်ဘရီအီးဆပ်စ်က တိုက်တွန်းလိုက်ပါတယ်။  ကမ္ဘာတဝန်း အတည်ပြုထားတဲ့ ကိုဗစ်-၁၉ ကူးစက်သူ အရေအတွက်ဟာ  ဒီသီတင်းပတ်မှာ  သန်း ၂၀ အထိရှိလာပြီး သေဆုံးသူ ၇ သိန်းခွဲရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ချုပ်က  သြဂုတ် ၁၀ ရက်မှာ ပြောပါတယ်။  အစုလိုက်ဗိုင်းရပ်စ် ကူးစက်နိုင်တဲ့အပေါ် သတိကြီးကြီးထားဖို့ တက်ဒရိုက အလေးထား ပြောဆိုပြီး အများပြည်သူဆိုင်ရာ နေရာတွေကို ဘေးကင်းကင်းနဲ့ ပြန်ဖွင့်နိုင်မှသာ ဗိုင်းရပ်စ်ကို ထိထိရောက်ရောက် နှိမ်နှင်းနိုင်မယ်လို့လည်း သူက ပြောဆိုပါတယ်။   သတင်းစာရှင်းလင်းပွဲမှာ WHO အရေးပေါ် ကျန်းမာရေးအစီအစဉ် ဒါရိုက်တာ မိုက်ကယ်ရိုင်ယန်ကလည်း ဥရောပရဲ့ ကပ်ရောဂါအခြေအနေဟာ အပြည့်အ၀ ထိန်းချုပ်နိုင်တာ မရှိသေးဘဲ ကြိုတင်ကာကွယ်ရေး အစီအမံတွေကို လျှော့ချပစ်လို့ မဖြစ်ဘူးဆိုပြီး ပြောသွားခဲ့တဲ့အကြောင်း ရိုက်တာသတင်းက ရေးပါတယ်။
1 year Ago
Up