အမေရိကန်က တခြားနိုင်ငံတွေကို လှူဖို့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးထိုးဆေး နောက်ထပ် သန်း ၅၀၀ ဝယ်ဖို့ စက်တင်ဘာ ၂၂ ရက်မှာ သမ္မတ ဂျိုးဘိုင်ဒန် ကတိပြု လိုက်ပါတယ်။
ပြင်ပကမ္ဘာကို မျှဝေပံ့ပိုးဖို့ ဖိအားတွေ တိုးလာပြီးတဲ့နောက်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အစိုးရက သူ့ဦးဆောင်မှုကို စံနမူနာပြချင် နေတယ်လို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးထိုးနှုန်း တိုးမြှင့်ဖို့ ရည်မှန်းထားတဲ့ ၄ နာရီကြာတဲ့ ထိပ်သီးညီလာခံကိုလည်း သမ္မတ အိမ်ဖြူတော်က တည်ခင်း ကျင်းပခဲ့ ပါတယ်။
ဒီညီလာခံမှာ ကနေဒါ၊ အင်ဒိုနီးရှား၊ တောင်အာဖရိက၊ ဗြိတိန်နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အကြီးအကဲ တေဒရို အဒ်ဒါနွန် ဂေဘရီယေးဆပ်တို့ ပါဝင် တက်ရောက်ပါတယ်။
၂၀၂၀ နှစ်ဦးပိုင်းက စတင်ခဲ့တဲ့ ကမ္ဘာ့ကပ်ရောဂါကြောင့် လူ ၅သန်းနီးပါး သေဆုံးခဲ့ပြီးပြီ၊ ဒီနေရာမှာ ကပ်ဘေးကို တိုက်ဖျက်ဖို့က နေရာတိုင်းမှာ ကပ်ဘေးကို နှိမ်နင်းဖို့ လိုတယ်လို့ ဘိုင်ဒန်က ပြောပါတယ်။
ထပ်ပေါင်းလိုက်တဲ့ အလှူကြောင့် အမေရိကန်က ကမ္ဘာတလွှားကို လှူဒါန်းတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေး ထိုးဆေး အရေအတွက် ၁ ဒသမ ၁ ဘီလျံ ကျော်သွားပါပြီ။
ဆင်းရဲတဲ့ နိုင်ငံတွေက လိုအပ်နေတဲ့ ကာကွယ်ဆေး ထိုးဆေး စုစုပေါင်း ၆ ဘီလီယံအထိ ရှိတယ်လို့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ပညာရှင်တွေက ပြောထားပါတယ်။