close

သပိတ်ကော်မတီဝင်

close

September 10, 2022

ထားဝယ်တွင် သပိတ်ကော်မတီဝင် လူငယ် ၂ ဦး အဖမ်းခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်တဲ့ လူငယ် နှစ်ယောက်ကို စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ သပိတ်ကော်မတီထံက သိရပါတယ်။ 

ထားဝယ်လူငယ်တွေရဲ့ တော်လှန်ရေးလှုပ်ရှားမှုသပိတ်ကော်မတီဝင် အသက် ၁၈ နှစ်အရွယ် ကိုအောင်ကိုလွင်နဲ့  အသက် ၂၁ နှစ်အရွယ် ကိုဟိန်းဇေအောင်တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တာပါ။

သပိတ်ကော်မတီဝင်တယောက်က “ကိုအောင်ကိုလွင်က လမ်းမှာ အစစ်ဆေးခံရပြီး အဖမ်းခံလိုက်ရတာပါ။ ဒီနေ့မနက်မှ ကိုဟိန်းဇေအောင်ကို ပုံကျွန်းရပ်ကွက်ကအိမ်မှာပဲ ဒီအတိုင်းပဲ လာခေါ်သွားတယ်။ ဖုန်း ၃ လုံးနဲ့ သပိတ်ပစ္စည်းတချို့ပါသွားတယ်။ ဘယ်ကို ခေါ်သွားတယ်ဆိုတာကိုတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

အဖမ်းဆီးတွေကြောင့် သပိတ်မှောက် ရဲဘော်တွေအနေနဲ့ နေထိုင်ဖို့နဲ့ လုံခြုံရေးကိစ္စတွေမှာ အခက်ခဲတွေရှိနေတယ်လို့လည်း  သပိတ်ကော်မတီဝင်ကပြောပါတယ်။

ထားဝယ်လူငယ်တော်လှန်ရေးလှုပ်ရှားမှုသပိတ်ကော်မတီဟာ မဟာမိတ်ဖြစ်တဲ့ တပ်ပေါင်းစု သပိတ်ကော်မတီ (ထားဝယ်)နဲ့ ပူးပေါင်းပြီး ထားဝယ်မြို့ပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းပေါ်ထွက် ဆန္ဒပြလှုပ်ရှားနေတဲ့ တော်လှန်ရေး အင်အားစုတခု ဖြစ်ပါတယ်။

ထားဝယ်မြို့ပေါ် ရပ်ကွက်တချို့မှာ အခုရက်ညပိုင်းတွေမှာ ရှောင်တခင်ဝင်စစ်တာနဲ့ အမည်အတိအကျနဲ့ လာရောက်ဖမ်းဆီးတာတွေအပြင် လမ်းမှာတားဆီးစစ်ဆေးရင်း လူမသိ သူမသိ အဖမ်းခံလိုက်ရတဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။

3 mins Ago

May 12, 2021

ဗန်းမောက်မြို့က ဖမ်းဆီးခံ သပိတ်ကော်မတီဝင် ၂ ဦး အဆက်အသွယ်မရ

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်ကော်မတီဝင် ၂ ဦး မေလ ၁၂ ရက်နေ့ အထိ အဆက်အသွယ်မရသေးဘူးလို့ အဆိုပါ ကော်မတီကနေ သိရပါတယ်။

သပိတ်ကော်မတီဝင်နှစ်ဦးဖြစ်တဲ့ ဦးမင်းမင်းစိုးနဲ့ ဦးအောင်မင်းထွန်း တို့ကို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေက မေလ ၁၀ ရက် ည ၁၁ နာရီက ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

“အခုထိ သူတို့ကို ဘယ်မှာဖမ်းထားတယ်ဆိုတာ မသိရသေးဘူး။ မိသားစုဝင်တွေကတော့ ဘာသတင်းမှမသိရတော့ စိတ်ပူပြီး ပူဆွေးနေကြတယ်” လို့ သပိတ်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

ဦးမင်းမင်းစိုးနဲ့ ဦးအောင်မင်းထွန်းတို့ဟာ နေအိမ်မှာ မနေဘဲ ထွက်ပြေးတိမ်းရှောင်နေသူတွေ ဖြစ်ပြီး သတင်းအတိအကျပေးသူကြောင့် ရှောင်နေတဲ့ နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

ဗန်းမောက်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို G-Z လူငယ်တွေက ပြောက်ကျားစနစ်နဲ့ လုပ်ဆောင်နေကြပါတယ်။

1 year Ago
Up