မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်းက စစ်ရှောင်ပြည်သူ ၄,၀၀၀ ကျော် သောက်သုံးရေမရရှိတာကြောင့် တကိုယ်ရေသန့်ရှင်းရေးနဲ့ ချက်ပြုတ်စားသောက်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။
စစ်ရှောင်တဦးက “ခုက သောက်ဖို့ရေတောင် မရှိဘူး၊ ရေလည်းမချိုးရဘူး။ နွေရာသီ အရမ်းပူတော့ အပင်အောက် ထိုင်နေရတာပဲ။ ရေချိုးရဖို့ ထပ်သောက်ဖို့တောင် အနိုင်နိုင်” လို့ ပြောပါတယ်။
ဥသျှစ်ကုန်း၊ မိုင်းဒိုင်း၊ ပေကုန်း၊ ရင်ခွင်၊ ညောင်ကုန်း၊ ကျောက်အိုက်၊ ဆူးတော၊ ရင်ခွင်၊ ၃ မိုင်၊ ၄ မိုင်၊ ဆူးတော၊ ဖိုးရ၊ မြနန္ဒာ၊ ပေါ်တော်မူ၊ ဆင်ညှပ်ကုန်း စတဲ့ကျေးရွာတွေက ပြည်သူ ၄,၀၀၀ ကျော် ဧပြီ ၁၅ ရက်ကတည်းက နေရပ်စွန့်ခွာ စစ်ရှောင်လာရတာလို့ ပြောပါတယ်။
အခုလက်ရှိအချိန်မှာ သောက်သုံးရေကို အနီးနား ချောင်းနဲ့ ရေစိမ့်ထွက်တဲ့ နေရာတွေကနေသာ ရရှိနေတာကြောင့် သောက်သုံးရေအခက်အခဲ ဖြစ်နေတယ်လို့ ပြောပါတယ်။
ချောင်းရေတွေကို သောက်သုံးနေရတာကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးတွေမှာ ဝမ်းရောဂါ ခံစားနေရပြီး ရေရှည်မှာ ပိုဆိုးလာနိုင်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ဧပြီ ၁၅ ရက်နေ့မှာ သပိတ်ကျင်းနယ်ထဲကို လေကြောင်းအသုံးပြုပြီး ၅ ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူပိုင်နေအိမ်တလုံး ပျက်စီးခဲ့ကာ နွားသုံးကောင် သေဆုံးခဲ့တယ်လို့ တကောင်းပကဖက ဧပြီ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ရှောင်ပြည်သူ ၄,၀၀၀ ကျော်အတွက် သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်အတွင်း ဖြတ်သန်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို ဇွန်လ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကား ၁ ပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိခိုက်အကျဆုံးရှိနိုင်တယ်လို့ သပိတ်ကျင်းမြို့နယ် ပကဖ ဖြစ်တဲ့ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကား ၉ စီးပါ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းဟာ မတ္တရာမြို့ကနေ ထွက်ခွာလာတာဖြစ်ပြီး သပိတ်ကျင်းမြို့နယ် ကျောက်ဖြူကျေးရွာနဲ့ လိပ်ကျကျေးရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာပါ။
TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက “သတင်းရထားလို့ စောင့်ပြီး ရှေ့ထွက်မိုင်း ၅ လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ ကား ၉ စီးမှာ ၁ စီးကတော့ လုံးဝထိုးရပ်သွားပြီး ပျက်စီးသွားတယ်။ ဇရပ်ကွင်းဘက်မောင်းသွားတော့ ကား ၈ စီးပဲ ရှိတော့တာ။ ယာဉ်ပေါ်ပါလာတဲ့ကောင်တွေ အထိအခိုက် အကျအဆုံး သေချာပေါက်ရှိနိုင်ပါတယ်။ အတိအကျတော့ စုံစမ်းနေဆဲပါ။ ကျနော်တို့တပ်ဖွဲ့ကတော့ အထိအခိုက် တစုံတရာမရှိခဲ့ပါဘူးဗျ” လို့ ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားတဲ့ လမ်းကြောင်းဘက်ဆီကို စစ်ကောင်စီတပ်ဖွဲ့ ကားတွေနဲ့ လူနာတင်ကားတွေ ဦးတည်မောင်းနှင်သွားတယ်လို့ သိရပြီး တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။
ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ကလည်း သပိတ်ကျင်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြို့နယ်စုပေါင်းရုံးနဲ့ မြို့မရဲစခန်းကို TBK တောဆင်ရိုင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။