close

သပြေအေး

close

March 1, 2022

ယင်းမာပင်၊ သ​ပြေ​အေး​ရွာလုံးကျွတ်နီးပါးကို စစ်​ကောင်စီတပ်က အကြမ်းဖက် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သ​ပြေ​အေး​ကျေးရွာကို ​ဖေ​ဖော်ဝါရီ  ၂၈ ရက်​နေ့က စစ်​ကောင်စီတပ်ဖွဲ့​တွေ  အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့တာ​ကြောင့် ရွာလုံးကျွတ်နီးပါး မီး​လောင်ကျွမ်းခဲ့တယ်လို့ ဒေသခံရွာသားတွေထံက သိရပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့ရဲ့မီးရှို့မှု​ကြောင့် ​ကျေးရွာအတွင်းမှာရှိတဲ့ ​နေအိမ် ၃ ပုံ ၂ ပုံလောက် မီး​လောင်ကျွမ်းသွားပြီး ခန့်မှန်းအိမ်​ခြေ ၁၅၀ ​လောက် မီး​လောင်ကျွမ်း ခံခဲ့ရတယ်လို့ ​​ဒေသခံတစ်ဦးက ​​ပြောပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့တွေဟာ မနေ့မနက် ၁၁ နာရီဝန်းကျင်​လောက်က​ ရဟတ်ယာဥ်တွေနဲ့ ပစ်ခတ်​ရောက်ရှိလာတာ​ကြောင့် ​ဒေသခံပြည်သူ​တွေကလည်း ​ကြောက်လန့်တကြီး ထွက်​ပြေးကြရကာ လူ့အသုံး​ဆောင်ပစ္စည်းတွေတောင် သယ်ယူချိန်မရလိုက်ဘူးလို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

​ဒေသခံပြည်သူ​တွေရဲ့ ဖမ်းဆီးခံရမှုအ​ခြေ​နေကို​တော့ လက်ရှိအချိန်ထိ မသိရှိရ​သေးသလို စစ်​ကောင်စီတပ်ဖွဲ့​တွေကလည်း ​ကျေးရွာအတွင်းမှာ ရှိ​နေ​​သေးတယ်လို့ ဆိုပါတယ်။

သ​ပြေ​အေး​ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်​ကောင်စီတပ်ဖွဲ့တွေကို ​​ဖေ​ဖော်ဝါရီ  ၂၈ ရက် ညပိုင်းမှာ ဒေသခံ PDF ပူး​ပေါင်းတပ်ဖွဲ့​တွေက တာ​ဝေးပစ်လက်နက်နဲ့ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ​တွေက ​ပြောပါတယ်။

သပြေအေးကျေးရွာကို စစ်ကောင်စီတပ်တွေက ဇူလိုင် ၂၇ ရက်ကလည်း ဝင်ရောက်လာပြီး လူနေအိမ်တွေကို ဖျက်ဆီးကာ ရွာသားတွေရဲ့ အဖိုးတန်ရွှေ၊ ငွေနဲ့ စားသောက်စရာတွေ ယူသွားတယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။

သပြေအေးရွာကို  ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး အပြစ်မဲ့ ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အလောင်းကို နောက်မှ ပြန်လာယူခိုင်းတာတွေလည်း ရှိခဲ့ပါတယ်။

42 seconds Ago
Up