close

သဖန်းဆိပ်ဆည်

close

November 20, 2022

သဖန်းဆိပ်ဆည်အနီးကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ပြည်သူ ၇၀၀၀ ခန့် ထွက်ပြေး

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ အင်တိုင်းကျေးရွာဝန်းကျင်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကျေးရွာ ၇ ရွာမှ ဒေသခံပြည်သူ ၇၀၀၀ လောက် ထွက်ပြေး‌တိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းက ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးရှိ ဆင်ဆွယ်ရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့စုစုပေါင်း အင်အား ၃၀၀ လောက်က အင်တိုင်းကျေးရွာပတ်ဝန်းကျင်ရှိ ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက"မနက် ၈ နာရီခွဲလောက်ကတည်းက အင်တိုင်းကျေးရွာအနီးပတ်ဝန်းကျင်က ရွာတွေကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ပါတယ်ဗျ။ ဒေသခံတွေအများပြားလည်း အန္တ‌ရာယ်ဘေးက လွတ်အောင် ထွက်ပြေးခဲ့ရပါတယ်။ ဘေးဘက်တွေကို အကုန်ရမ်းပစ်နေတာ။  တချို့ဆို ဘာဆိုဘာမှ မသယ်နိုင်ဘူး။ လူထိခိုက်မှုအခြေနေတော့ မသိရသေးဘူးဗျ"လို့ ပြောပါတယ်။

လက်နက်ကြီးကျည်တွေဟာ ကျေးရွာတွေဘက်မှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အင်တိုင်၊ ကျွဲတဲ၊ အင်လှ၊ ညောင်ကိုင်း၊ ပေါယော၊ သရက်တစ်ထောင်နဲ့ မြင်သာကျေးရွာများမှ ဒေသခံပြည်သူဦးရေ ၇၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲ့ဒီကျေးရွာတွေထဲက အင်တိုင်း ၊ အင်လှနဲ့ ကျွဲတဲကျေးရွာတွေဟာ စစ်‌အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလပိုင်းက စစ်ကောင်စီတပ်ဖွဲ့မှ အလောင်းဘုရားစစ်ဆင်ရေးအမည်နဲ့ ကျွန်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်စီးနင်းမှုမှာ ပထမဆုံးခံခဲ့ရတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။

လက်ရှိမှာ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးပူးပေါင်းဖွဲ့တွေက စစ်ကြောင်းထိုးတာတွေ ဆက်လက်ပြုလုပ်နေပါတယ်။

နိုဝင်ဘာ ၁၇ ရက်ကလည်း ကျွန်းလှမြို့နယ် တင်းတိန်ရံကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က ကျေးရွာ အန်အယ်လ်ဒီ ဥက္ကဋ္ဌဟောင်း ဦးခင်မောင်စောနဲ့ သားဖြစ်သူရဲ့နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး သေနတ်နဲ့ပစ်ခတ်ကာ ဗုံးဖောက်ခွဲလို့ အသက် ၈၀ ကျော်အဘွားကို  တယောက် နှလုံးသွေးရပ်ပြီး သေဆုံးခဲ့ပါတယ်။

3 mins Ago

December 28, 2019

သဖန်းဆိပ်ဆည်ကြောင့် ဆုံးရှုံးခဲ့သည့်မြေယာ ဧက ၁၂၀၀ ကျော် အစားပြန်မရသေး

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က တည်ဆောက်ခဲ့တဲ့ သဖန်းဆိပ်ဆည်ကြောင့် ဆုံးရှုံးခဲ့တဲ့ မြေယာဧက ၁၂၀၀ ကျော် အခုထိ အစားပြန်မရသေးတာတွေ ရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်မှာရှိတဲ့ သဖန်းဆိပ်ဆည်ကို ၁၉၉၆ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ရေဝပ်ဧရိယာထဲမှာကျမယ့် ကျွန်းလှ၊ ကန့်ဘလူနဲ့ ကောလင်းမြို့နယ်တို့က လူနေရပ်ကွက်နဲ့ရွာတွေ အများအပြားရွှေ့ပြောင်းခဲ့ရတာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ရေဝင်နည်းလို့ လယ်တွေကို ရေမပေးနိုင်တော့တဲ့ သဖန်းဆိပ်ဆည်ကို မနေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီး ဒေါက်တာ အောင်သူလာရောက်ကြည့်ရှုခဲ့ပါတယ်။  အဲဒီမှာ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်းက သဖန်းဆိပ်ရေလှောင်တမံ တည်ဆောက်တုန်းက စိုက်ပျိုးမြေတွေ ဆုံးရှုံးခဲ့ပေမယ့် အခုအချိန်ထိ ခံစားခွင့်မရသေးတဲ့ ဒေသခံတွေ ကျန်နေတဲ့ အပေါ် သင့်တော်တဲ့အကူအညီတွေပေးဖို့ တင်ပြခဲ့တာပါ။ ဦးကျော်လင်းက “ကျွန်းလှမြို့နယ်မှာ ရွှေ့ပြောင်းခဲ့ရတာ ၇၃ ရွာကျော်ရှိတယ်။ ဒီထဲမှာ မြေယာအစား အခုအချိန်အထိ ပြန်မရသေးတာက ဧက ၁၂၀၀ ကျော်ရှိပါတယ်။ ဒီအတွက်၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ နောက်ပိုင်းကတည်းက လွှတ်တော်ထဲမှာ ပြောခဲ့ပါတယ်။ အခု ကိုယ်တိုင်လည်း လွှတ်တော်မှာ ၃ ကြိမ်ဝန်းကျင်မေးမြန်းခဲ့ပါတယ်။  ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်ပေးပါ့မယ်ဆိုပြီး ဖြေတယ်။ ခုအချိန်ထိ ဘာမှမထူးဘူး” လို့ ပြောပါတယ်။ ဝန်ကြီး ဒေါက်တာအောင်သူကတော့ လယ်မြေယာမြေ စိုက်ပျိုးမြေတွေ အစားထိုးဖော်ထုတ်ပေးခဲ့ပေမယ့် အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ခံစားခွင့်မရသေးတဲ့ ဒေသခံတွေ ကျန်နေတာကို သိပြီး အစိုးရအနေနဲ့ ပြည်သူတွေရဲ့ ထိခိုက်နစ်နာနေတာကို အကောင်းဆုံး ကုစားဖြေရှင်းပေးနိုင်ရေး အလေးထားဆောင်ရွက်နေတာကြောင့် ဒီဖြစ်စဉ်ကို အမြန်ဖြေရှင်းကူညီပေးနိုင်ရေး ကြိုးပမ်းသွားမယ်လို့ ဖြေခဲ့ပါတယ်။ အရင်က အစားထိုးပေးခဲ့တဲ့ စိုက်ပျိုးမြေတွေဟာလည်း မြေညံ့တွေဖြစ်လို့ စိုက်ပျိုးဖို့ မလွယ်ဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်းက ပြောပါတယ်။  “ရွာတော်တော်များများကတော့ စိုက်ပျိုးမြေရပေမယ့် မြေညံ့တွေများတယ်။ ကျောက်စရစ်ပါတဲ့ မြေတွေပေါ့။ ကျနော်ကိုယ်တိုင်လည်း မြေဧက ၂၀ ရထားတာ ဒီတိုင်းပစ်ထားရတယ်။ ကိုယ်တွေ့ပေါ့။” သဖန်းဆိပ်ရေလှောင်တမံ ဘက်စုံစီမံကိန်းကို ၁၉၉၆ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့ပြီး မူလတည်ဆောက်တုန်းက ဝင်ရေ ဧကပေ ၃၅ သိန်းလောက် ခန့်မှန်း တွက်ချက်ခဲ့ပေမယ့် ၂၀၁၅ ခုနှစ်မှာ ဝင်ရေဧကပေ ၇၆ သိန်းကျော် အများဆုံးရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ဝင်ရေဧကပေ ၉ သိန်းကျော်ပဲ ရှိတာကြောင့် နှစ်ပေါင်း ၂၀ အတွင်း အနည်းဆုံးဖြစ်ခဲ့ပြီး ဒီနှစ်မှာ နွေစပါးအတွက် ရေပေးတာကို ရပ်ဆိုင်းထားပါတယ်။
3 years Ago
Up