close

သဘာဝဓာတ်ငွေ့

close

January 29, 2023

၂၀၂၂ ခုနှစ်တွင် ရခိုင်မှ သဘာဝဓာတ်ငွေ့ ဒေါ်လာ ၁ ဒသမ ၄၃ ဘီလီယံဖိုး စစ်ကောင်စီက တရုတ်ထံ ရောင်းစား

၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူရွှေသဘာဝမှထွက်ရှိတဲ့ သဘာဝဓာတ်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၃ ဘီလီယံအထိ တင်ပို့ရောင်းချခဲ့တယ်လို့ တရုတ်အကောက်ခွန်ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းက ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့အရင်းအမြစ်တွေကို တရုတ်နိုင်ငံသို့ နိုင်ငံဖြတ်ကျော် တည်ဆောက်ထားတဲ့ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကနေ ပို့လွှတ်ရောင်းချနေတာလို့ ရေးသားဖော်ပြထားပါတယ်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ရခိုင်၊ မကွေး၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းထားတဲ့ပိုက်လိုင်းတစ်ခုဖြစ်ပြီး ကန်ဒေါ်လာ ၁ ဘီလီယံခန့် ကုန်ကျခံ တည်ဆောက်ထားခဲ့ကာ နှစ်စဉ် သဘာဝဓာတ်ငွေ့ကုဗမီတာ ၁၂ ဘီလီယံအထိ ပို့ဆောင်နေ​တာပါ။

ဒါ့အပြင် ကျောက်ဖြူမှ ယူနန်ပြည်နယ် အထိ ၇၇၁ ကီလိုမီတာ အရှည်ရှိတဲ့ ရေနံစိမ်းပိုက်လိုင်းတကို ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် အသုံးပြု တည်ဆောက်နေပြီး နှစ်စဉ်ရေနံစိမ်း တန်ချိန် ၂၂ သန်း ပို့ဆောင်နိုင်ဖို့ တရုတ်က မျှော်လင့်နေပါတယ်။

တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ရှယ်ယာ ၇ ဒသမ ၃၆ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ရေနံပိုက်လိုင်းစီမံကိန်းမှာတော့ ရှယ်ယာ ၄၉ ဒသမ ၁ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားကြောင်း ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို အရှေ့တောင်အာရှဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ (SEAGP)က တာဝန်ယူထားပြီး ရေနံစိမ်းပိုက်လိုင်းကိုတော့ အရှေ့တောင်အာရှ ရေနံပိုက်လိုင်းကုမ္ပဏီ (SEAOP) က တာဝန်ယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံကို သဘာဝဓာတ်ငွေ့တင်ပို့မှုအများဆုံး နိုင်ငံတနိုင်ငံထဲမှာ ပါဝင်နေပြီး တာ့ခ်မင်နစ္စတန်နဲ့ ရုရှားတို့ပြီးရင် တတိယအများဆုံး သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချတဲ့ နိုင်ငံအဖြစ်ရပ်တည်နေကြောင်း ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြပါတယ်။

ရခိုင်ပြည်နယ်မှ ထွက်ရှိတဲ့ သဘာ၀ဓာတ်ငွေ့တွေကို  နှစ်စဉ် ဘီလီယံနဲ့ချီပြီး မြန်မာအစိုးရ အဆက်ဆက် တရုတ်နိုင်ငံသို့ ရောင်းချနေခဲ့ပေမဲ့ လက်ရှိ ရခိုင်ပြည်နယ်ဟာ  မြန်မာနိုင်ငံမှာ ဒုတိယ အဆင်းရဲဆုံး ပြည်နယ်ဖြစ်သလို အလုပ်လက်မဲ့နှုန်း အများဆုံး ပြည်နယ်လည်း ဖြစ်ပါတယ်။

7 mins Ago

December 13, 2022

သဘာဝဓာတ်ငွေ့နှင့် လက်နက်များ ထောက်ပံ့ရန် G7 အဖွဲ့ကို ယူကရိန်းသမ္မတ တိုက်တွန်း

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက သူ့အစိုးရကို နောက်ထပ် သဘာဝဓာတ်ငွေ့ ကုဗမီတာ နှစ်ဘီလီယံ ပေးဖို့နဲ့ လက်နက်တွေ၊ ခေတ်မီတင့်ကားတွေ၊ အမြောက်တပ်တွေနဲ့ တာဝေးပစ်အမြောက်တွေ ထောက်ပံ့ကူညီဖို့ နိုင်ငံ ၇ နိုင်ငံအုပ်စု G7 ကို ဒီဇင်ဘာ ၁၂ ရက်က တိုက်တွန်းလိုက်ပါတယ်။

ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပတဲ့ G7 ဗီဒီယိုကွန်ဖရင့်မှာ အဝေးကနေ စကားပြောဆိုရာမှာ ဇလန်းစကီးက ယူကရိန်းစစ်ပွဲအတွက် သံတမန်ရေးရာဆုံးဖြတ်ချက် တခုအတွက် ခိုင်မာတဲ့ ခြေလှမ်းတခုလုပ်ဖို့ ရုရှားကို တောင်းဆိုခဲ့ပြီး ခရစ္စမတ်မှာ ရုရှားအစိုးရက သူ့ရဲ့တပ်တွေကို ရုပ်သိမ်းသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

“ရုရှားက ယူကရိန်းကနေ သူ့ရဲ့တပ်ဖွဲ့တွေကို ဆုတ်ခွာပေးမယ်ဆိုရင် ပစ်ခတ်တိုက်ခိုက်မှုတွေကို စိတ်ချလက်ချ အဆုံးသတ်ဖို့ သေချာစေလိမ့်မယ်” လို့ ဇလန်းစကီးက ပြောပါတယ်။

ရုရှားဟာ ဖေဖော်ဝါရီမှာ ယူကရိန်းကို ကျူးကျော်ခဲ့ပြီး နိုင်ငံတောင်ဘက်နဲ့ အရှေ့ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မကြာသေးမီ သီတင်းပတ်တွေအတွင်း ရုရှားအစိုးရက ယူကရိန်း စွမ်းအင်အခြေခံ အဆောက်အအုံကို ဒုံးကျည်တွေ အတွဲလိုက် ပစ်လွှတ်တိုက်ခိုက်ခဲ့ပါတယ်။

2 months Ago
Up