သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက စွဲဆိုထားတဲ့ သဘာဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ အမှု ၂ ခုကို ဒီဇင်ဘာ ၆ ရက်နေ့မှာ အပြီးသတ်စီရင်ချက်ချဖို့ ဒီကနေ့ နိုဝင်ဘာ ၂၂ရက်နေ့ ရုံးချိန်းမှာ တရားရုံးက ဆုံးဖြတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက စုံစမ်းသိရပါတယ်။
ဒီနေ့ရုံးချိန်းမှာ သဘာဝဘေးပုဒ်မအမှု ၂ ခုအတွက် နှစ်ဖက်အပြီးသတ်လျှောက်လဲချက်တင်ခဲ့ပြီး ဇမ္ဗူသီရိမြို့နယ်တရားသူကြီး ဦးမောင်မောင်လွင်က စစ်ဆေးခဲ့ပါတယ်။
ဒီနေ့ ဇမ္ဗူသီရိအထူးတရားရုံးမှာ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကိုစွဲဆိုထားတဲ့ သဘာဝဘေးပုဒ်မ ၂ မှုပါအဝင် အတိုင်ပင်ခံပုဂ္ဂိုလ် တစ်ဦးတည်းကို စွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန်ပုဒ်မနဲ့ ဆက်သွယ်ရေးပုဒ်မတို့ကိုလည်း စစ်ဆေးခဲ့ပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ်စွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန်ပုဒ်မနဲ့ ဆက်သွယ်ရေးပုဒ်မ ၂ ခုအတွက် အတိုင်ပင်ခံကိုယ်တိုင် သက်သေအဖြစ်အစစ်ခံခဲ့ပြီး ဒီဇင်ဘာ ၆ ရက်နေ့မှာပဲ အပြီးသတ်လျှောက်လဲချက်ပေးရမယ်လို့ သိရပါတယ်။
အမှုမစစ်ခင် သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို သူတို့ရဲ့ ရှေ့နေတွေ တွေ့ဆုံခွင့်ရခဲ့ပြီး နှစ်ယောက်စလုံး ကျန်းမရေးကောင်းမွန်တယ်လို့ သိရပါတယ်။
သမ္မတ၊ အတိုင်ပင်ခံနဲ့ ဒေါက်တာမျိုးအောင်တို့သုံးဦးတွဲ အစွဲခံထားရတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) အမှုကိုလည်း နိုဝင်ဘာ ၃၀ ရက်နေ့မှာ စီရင်ချက်ချသွားဖို့ရှိနေပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ အချိန်တစ်ပတ်အတွင်း အမှုနှစ်ခုအတွက် စီရင်ချက်အချခံရဖို့ အခြေအနေရှိနေပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှု ၁၁ မှုနဲ့ တရားစွဲ ထားတာဖြစ်ပြီး စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၁၅ ရက်က ထပ်မံ စွပ်စွဲတဲ့ ရွေးကောက်ပွဲတရားမဲပြုကျင့်မှုပါနဲ့ဆိုရင် ရင်ဆိုင်ရမယ့်အမှုတွေ ပိုများလာတာဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသမ်းစစ်တပ်က တရားစွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ အမှုကို နိုဝင်ဘာ ၂ ရက်နေ့က နေပြည်တော်၊ ဇမ္ဗသီရိတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြစ်မှုကျူးလွန်ထားတာမရှိဘူးလို့ ပြောဆိုခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက စုံစမ်းသိရှိရပါတယ်။
ရုံးချိန်းမှာ တရားသူကြီးက အမှုအတွက်ဘာကြောင့်မတောင်းပန်တာလဲလို့ ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြစ်မှုကျူးလွန်ခဲ့တာမရှိခဲ့ဘူးလို့ ထွက်ဆိုခဲ့တာဖြစ်ပါတယ်။
သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ အမှုအတွက် တရားလိုပြသက်သေ ဦးဝေလွင်ဦး၊ ဒုရဲမှူးကြီးသန်းအေး၊ တရားလိုဦးညီညီတို့ကို ရှေ့နေအဖွဲ့က အပြန်အလှန်မေးခွန်းတွေမေးမြန်းခဲ့ပြီး နောက်ရုံးချိန်းကို နိုဝင်ဘာ ၉ရက်နေ့မှာပြန်လည်ချိန်းဆိုခဲ့ပါတယ်။
နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒေါက်တာမျိုးအောင်တို့ သုံးယောက်တွဲ အစွဲခံထားရဲ့ ပုဒ်မ ၅၀၅(ခ) အမှုကိုလည်း ဒီနေ့ ဆက်လက်စစ်ဆေးခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်နေ့မှာ နိုင်ငံ့ခေါင်းဆောင်တွေဘက်က အပြီးသတ်လျှောက်လဲချက်တင်သွင်းသွားဖို့ရှိနေပါတယ်။
တရားရုံးထုံးစံအရ အပြီးသတ်လျှောက်လဲချက်တင်ပြီး နောက်တစ်ကြိမ်ရုံးချိန်းမှာ အမှုကို စွဲချက်တင်သင့်မတင်သင့် တရားရုံးက အမိန့်ချတော့မှာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၂ ရက်နေ့ရုံးချိန်းကို သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒေါက်တာမျိုးအောင်တို့ သုံးဦးစလုံးလာရောက်ခဲ့ပေမယ့် စစ်ဆေးဖို့ကျန်နေတဲ့ ဒေါက်တာမျိုးအောင် တစ်ယောက်ကိုပဲ အပြီးသတ်စစ်ဆေးခဲ့ပါတယ်။
တရားလိုစစ်ကောင်စီဘက်က သက်သေထပ်ပြီးမတင်သွင်းတော့တဲ့အတွက် နိုဝင်ဘာ ၁၆ ရက်နေ့ နောက်ရုံးချိန်းမှာ နိုင်ငံ့ခေါင်းဆောင်တွေက အပြီးသတ်လျှောက်လဲချက်တင်သွင်းရမှာဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီး စစ်ကောင်စီက ပုဒ်မ ၆ ခုနဲ့တရားစွဲခဲ့တာပါ။
ဇွန်လ ၉ရက်နေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ အမှုထပ်ဖွင့်ခဲ့ပါတယ်။ ဇူလိုင် ၁၂ ရက်နေ့ ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မန္တလေးတိုင်းတရားလွှတ်တော်မှာ အဂတိပုဒ်မ အမှုလေးခုနဲ့ ထပ်မံစွဲဆိုခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့အမှုဟာ စုစုပေါင်း ၁၁ မှုအထိရှိနေပါတယ်။