ကိုရီးယားကျွန်းဆွယ်ရဲ့ တောင်ဘက် ကုန်းတွင်းပိုင်းကို တိုင်ဖွန်းမုန်တိုင်း ဟင်န်-နမ်မ်-နော် ဝင်ရောက်လာတာကြောင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းအတွက် ၂ ရက်ကြာ အစည်းအဝေးမှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံကနေ စက်တင်ဘာလ ၆ ရက်မှာ ပြောပါတယ်။
ကင်မ်နဲ့ တာဝန်ရှိသူတွေဟာ စက်တင်ဘာလ ၄ ရက် တနင်္ဂနွေနေ့နဲ့ စက်တင်ဘာလ ၅ ရက် တနင်္လာနေ့တွေမှာ ပြုံယမ်းမှာ ကျင်းပတဲ့ အစည်းအဝေးအတွင်း နိုင်ငံရဲ့ ကြိုတင်ပြင်ဆင်မှု အပိုင်းတွေနဲ့ ဘေးအန္တရာယ်တုံ့ပြန်မှုစွမ်းရည်ကို အားကောင်းစေရေး အစီအမံတွေကို ဆွေးနွေးခဲ့ကြကြောင်း KRT သတင်းက ဖော်ပြပါတယ်။
နိုင်ငံရှိ ဒေသအတော်များများမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ထားပါတယ်။
တစ်နာရီကို ၅၂ ကီလိုမီတာ (၃၂ မိုင်) နှုန်းနဲ့ မြောက်ဘက်ကို ရွေ့လျားနေတဲ့ တိုင်ဖွန်းမုန်တိုင်းဟာ Geoje ကမ်းရိုးတန်းမြို့ပေါ်ကို သက်ဆင်းလာပြီးနောက် အရှေ့တောင်ဘက်ရှိ အူလ်ဆန်မြို့ ရေပြင်ကနေတဆင့် ကိုရီးယားကျွန်းဆွယ်ကနေ မနက် ၇ နာရီ ၁၀ မိနစ်လောက်မှာ ထွက်ခွာသွားခဲ့တယ်လို့ ကိုရီးယား မိုးလေဝသစီမံခန့်ခွဲရေးဌာနအရ သိရပါတယ်။