close

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု

close

November 9, 2021

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွဲဆိုထားသည့် အမှုအတွက် ဒေါက်တာဇော်မြင့်မောင် သက်သေ ထွက်ဆိုမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အမှုကို နိုဝင်ဘာ ၉ ရက်နေ့က နေပြည်တော် ဇမ္ဗူသီရိတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့ပြီး ရှေ့နေအဖွဲ့က မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို အတိုင်ပင်ခံရဲ့သက်သေအဖြစ် စာရင်းတင်သွင်းခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက စုံစမ်းသိရှိရပါတယ်။

တရားသူကြီးက ဒေါက်တာဇော်မြင့်မောင်ကို တရားရုံးကိုခေါ်ဖို့ ခက်ခဲမယ်လို့ မှတ်ချက်ပေးခဲ့ပေမယ့် ရှေ့နေတွေရဲ့  ဒေါက်တာဇော်မြင့်မောင်ကို သက်သေအဖြစ် စာရင်းတင်သွင်းမှုကို လက်ခံခဲ့ပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့ရုံးချိန်းမှာ သဘာဝဘေးအမှုအတွက် စွပ်စွဲခံရသူဘက်ကို စစ်ဆေးဖို့ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်တွေကို ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်နေ့မှာ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် သက်သေအဖြစ်ထွက်ဆိုရမှာဖြစ်ပါတယ်။ 

နိုဝင်ဘာ ၂၃ ရက်နေ့မှာတော့ သက်သေ ဒေါက်တာဇော်မြင့်မောင်ကို စစ်ဆေးသွားဖို့ တရားရုံးက စီစဉ်ထားပါတယ်။ 

မနေ့ကလည်း သဘာဝဘေးပုဒ်မနဲ့ စွဲဆိုခံထားရတဲ့အမှုအတွက် သက်သေအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးဝင်းထိန်က တရားရုံးမှာ လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပြစ်မရှိကြောင်းထွက်ဆိုသွားခဲ့ပါတယ်။ 

ဒီအမှုနဲ့ ပတ်သက်လို့ ဒီဇင်ဘာ ၇ ရက်နေ့ကြရင် နှစ်ဖက်အပြီးသတ်လျှောက်လဲချက်တင်ရမှာဖြစ်ပြီး ဒီဇင်ဘာ ၁၄ ရက်နေ့မှာ တရားရုံးက အတိုင်ပင်ခံရင်ဆိုင်နေရတဲ့ သဘာဝဘေးအမှုအတွက် အပြီးသတ်စီရင်ချက်ချမှာဖြစ်ပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့မှာ အတိုင်ပင်ခံတစ်ဦးတည်းကိုစွဲဆိုထားတဲ့ သဘာဝဘေးအမှုတစ်ခုတည်းကို စစ်ဆေးခဲ့ပြီး သမ္မတ၊ အတိုင်ပင်ခံနဲ့ ဒေါက်တာမျိုးအောင်တို့ သုံးဦးတွဲအစွဲခံထားရတဲ့ ၅၀၅(ခ)အမှုကို နိုဝင်ဘာ ၁၆ရက်နေ့ကြမှ ဆက်လက်စစ်ဆေးမှာဖြစ်ပြီး အဲ့ဒီနေ့မှာ နှစ်ဖက် အပြီးသတ်လျှောက်လဲချက်တင်ကြရမှာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၁မှုနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး စစ်ကောင်စီက ရှေ့နေတွေကို ပြောဆိုခွင့်ပိတ်ပင်ခဲ့တဲ့အတွက် အမှုအခြေအနေအသေးစိတ်ကို ပြည်သူတွေသိရှိရဖို့ခက်ခဲနေပါတယ်။ တရားဥပဒေကျွမ်းကျင်သူတွေကတော့ စစ်ကောင်စီရဲ့ဆောင်ရွက်ချက်တွေ၊ စွပ်စွဲချက်တွေဟာ ဥပဒေနဲ့ ညီညွတ်မှုမရှိဘူးလို့ ဝေဖန်ထားပါတယ်။

13 mins Ago

January 15, 2021

ဖျာပုံမြို့နယ်၌  ရွာသား ၄ ဦး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့်  တရားစွဲခံရ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ကနိချောင်းဝကျေးရွာမှာ ကွာရန်တင်းဝင်ရောက်ခဲ့တဲ့ ရွာသား ၄ ယောက်ကို ကျေးရွာကိုဗစ်ကော်မတီက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃ဝ (က)၊ (ခ)နဲ့ ဒီဇင်ဘာ ၁ ရက်က  ဖျာပုံမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားပါတယ်။

ကွာရန်တင်း ဝင်ရောက်နေစဉ်မှာ အရက်သေစာသောက်စားပြီး အော်ဟစ်ပြီး ပတ်ဝန်းကျင်ကို နှောင့်ယှက်တာ တွေရှိလို့ တရားစွဲဆိုရတာဖြစ်တယ်လို့ ကနိချောင်းဝကျေးရွာ ကိုဗစ်ကော်မတီဝင် ဒေါ်စုစုမွန်က ပြောပါတယ်။

"သောက်ပြီး အော်ဟစ်ပြောဆိုကြတယ်။ စင်တာက ပစ္စည်းတွေ ဖျက်ဆီးတာ၊ ကျမတို့ကို ဆဲဆိုတာတွေတော့ မရှိပါဘူး။ ဆူဆူပူပူဖြစ်တာက အဲဒီတစ်ရက်ပါပဲ။ နောက်ရက်တွေတော့ ဆက်ဖြစ်တာ မရှိပါဘူး။ ဒါပေမဲ့ နောက်လူတွေလည်း ဒါမျိုးတွေ ထပ်ဖြစ်လာမှာစိုးတဲ့အတွက် ကျေးရွာကိုဗစ်ကော်မတီနဲ့ တိုင်ပင်ပြီးတော့ တရားစွဲဆိုရတာပါ"။

တရားစွဲဆိုဖို့အတွက် ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးလှမိုးအောင်ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်က လက်မှတ်ရေးထိုးပြီး တိုက်ရိုက် တရားစွဲဆိုခွင့်ပြုခဲ့တာပါ။

တရားစွဲဆိုခံရသူ တစ်ဦးဖြစ်တဲ့  ကိုမိုးကျော်ထက်က " ကျနော်က ညီဖြစ်တဲ့သူကို ရေသန့်ဘူး သွားပေးတာပါ၊ ကျောင်းအုတ်နံရံပေါ်တင်ပေးခဲ့တာ၊ အဲ့တာကို ကိုဗစ်ကော်မတီအဖွဲ့ကတွေ့ပြီး ကွာရန်တင်းဝင်ခိုင်းလို့ ဝင်ပါတယ်၊ ရက်ပြည့်လို့ ထွက်ရတော့လည်း သူတို့ပြောတဲ့အတိုင်း နေခဲ့ပါတယ်၊ အဲ့တာကို ခုတရားစွဲခံရတာပါ"လို့ ပြောပါတယ်။

ညီဖြစ်တဲ့သူကို ရေသန့်ဘူးပို့ရင်း ကွာရန်တင်းဝင်ခဲ့ရလို့ အထဲရောက်သွားချိန်မှာ အချင်းချင်း စကားများတာမျိုးရှိပေမယ့် ကော်မတီအဖွဲ့ကို ဆဲဆိုတာတော့ မပြုလုပ်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

ကျေးရွာဒေသခံ ၄ ဦးတရားစွဲခံရတာနဲ့ပတ်သက်ပြီး တိုင်းအဆင့် ခွင့်ပြုစာမှာ ဥပဒေ၊ လုပ်ထုံး လုပ်နည်းနဲ့ မညီညွတ်တဲ့ အချက်များစွာ ပါဝင်သလို စာမှာအစိုးရအဖွဲ့တံဆိပ်တုံး မပါတာမျိုးတွေလည်း ရှိနေတယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ ဒါရိုက်တာ ဦးထွန်းထွန်းဦးက ပြောပါတယ်။

မင်းထက်မုန်း (ပုသိမ်)

10 months Ago
Up