သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခဲ့ထားရတဲ့ သာယာဝတီမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ကို စစ်ကောင်စီက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ တရားစွဲဆိုထားတဲ့ အမှုကို ဒီဇင်ဘာ ၂၃ ရက်မှာ အမိန့် ချမယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်က ဦးအောင်မြင့်ကို ဖေဖော်ဝါရီ ၁၁ ရက် ညဘက်မှာ သာယာဝတီမြို့နယ် သုံးဆယ်မြို့ရှိ နေအိမ်မှာ လာရောက်ဖမ်းဆီးကာ ဆယ်လကျော်ကြာ သာယာဝတီထောင်မှာ ဖမ်းဆီးထားပြီး အမှုရင်ဆိုင်နေရကာ ဒီဇင်ဘာ ၂၃ ရက်မှာ အမိန့်ချမှာ ဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
သာယာဝတီမြို့နယ်မှာ ဦအောင်မြင့်အပါအဝင် CDM ဝန်ထမ်းနဲ့ ပြည်သူ အများအပြား ဖမ်းဆီးခံထားရပြီး အမှုရင်ဆိုင်နေရတဲ့အထဲမှာ ဦးအောင်မြင့်ကို သာယာဝတီတရားရုံးက ပထမဆုံး အမိန့်ချမှာဖြစ်ပါတယ်။
ဦးအောင်မြင့်ဟာ ၈၈ အရေးအခင်းကာလမှာလည်း ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၀ နှစ်ကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက် ဖြစ်ပါတယ်။
သာယာဝတီခရိုင် ၈ မြို့နယ်မှာ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ် ၃ ယောက် ဖမ်းဆီးခံထားရတဲ့အထဲမှာ လက်ပံတန်းမြို့နယ် အမှတ် (၁) တိုင်းဒေသကြီးကိုယ်စားလှယ် လည်းဖြစ် ပဲခူးတိုင်းလွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးခင်မောင်ရင်ဟာ စက်တင်ဘာ ၁၈ ရက်က ပြန်လည်လွတ်မြောက်လာပါတယ်။
သာယာဝတီမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်နဲ့ သာယာဝတီမြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ကိုကျော်ကိုကိုစိန် တို့ကတော့ သာယာဝတီထောင်မှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က ဖမ်းဆီးကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ) နဲ့ တရားစွဲဆိုခံထားရတဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ကျောင်းသား ၄ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ-၂၉နဲ့ ထပ်မံတရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။
မတ် ၅ ရက်နေ့က ပထမအကြိမ်ရုံးထုတ်ရာမှာ ထပ်မံတရားစွဲခဲ့တာဖြစ်ပြီး ဘေးစီမံနဲ့ ထပ်တိုးတရားစွဲဆိုတာဟာ မဖြစ်သင့်သလို အပြစ်မရှိတဲ့အတွက် ရှေ့နေတွေနဲ့တိုင်ပင်ကာ အမှုရင်ဆိုင်သွားမယ်လို့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ(စစ်တွေတက္ကသိုလ်)ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က ပြောပါတယ်။
“သဘာဝဘေးစီမံ ပုဒ်မ-၂၉ ထပ်တိုးလာပါတယ်။ သူတို့ကတော့လေ၊ ဒီလိုအမှုထပ်တိုးလာတာဟာ မဖြစ်သင့်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုရင် သူတို့ကို တရားစွဲဆိုထားကလည်း ကြာနေပြီဖြစ်လို့လေ။ အဲဒီအပေါ်မှာ ထပ်ပြီးတော့ အမှုထပ်စွဲတာတော့ မဖြစ်သင့်ဘူးလို့ ကျနော်တို့ ထင်တယ်။ ကျနော်တို့ကတော့ ဒီအပေါ်မှာ အပြစ်မရှိတဲ့အတွက် ကျနော်တို့ရှေ့နေတွေနဲ့ တိုင်ပင်ပြီးတော့ ဒီအပေါ်မှာ ပြန်လည်ချေပသွားမှာပါ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း လူအခွင့်အရေး ချိုးဖောက်ခံရတာတွေနဲ့ ပတ်သက်ပြီး စစ်တပ်ဆန့်ကျင်ရေးတွေကို စစ်တွေမြို့တွင်း လှည့်လည်ကာ ဆန္ဒဖော်ထုတ်ခဲ့တာကြောင့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဖက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကိုကောင်းထွန်း (ဒဂုံတက္ကသိုလ်၊ ရန်ကုန်မြို့) နဲ့ ကိုမြတ်စိုးဝင်း (တွဲဖက်အတွင်းရေးမှူး၊ကျောက်ဖြူပညာရေးကော်လိပ်) တို့ ၄ ဦးကို ဖမ်းဆီးခဲ့ပြီး စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်က တရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(ခ) နဲ့ မြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ဖမ်းဆီးတရားစွဲဆိုခံနေရသူ ၄ ဦးထဲမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်ပါ ၂ ဦးနဲ့ ကိုတိုးတိုးအောင်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာ အလားတူ ဆန္ဒဖော်ထုတ်မှုကြောင့် ငြိမ်းစုစီဥပဒေပုဒ်မ-၁၉နဲ့ တရားစွဲဆိုခံထားရကာ အမှုရင်ဆိုင်နေရပါတယ်။
ကိုကျော်နိုင်ဌေး အပါအဝင် ၄ ဦးကို စစ်တွေအကျဉ်းထောင်အတွင်း ထိန်းသိမ်းထားပြီးနောက် ၅ လအကြာမှာ ပထမအကြိမ်ရုံးချိန်းစစ်ဆေးခဲ့ပြီးနောက် မတ် ၁၉ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်တယ်လို့ သိရပါတယ်။